ယေရမိအနာဂတ္တိကျမ်း 48
48
မောဘပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။ 2မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။ 3‘ဖျက်ဆီးခံရပြီ။ အကြီးအကျယ်ပျက်စီးလေပြီ’ဟု ဟောရနိမ်မြို့မှ အော်ဟစ်ငိုကြွေးသံကြားရ၏။ 4မောဘပြည်သည် ဖျက်ဆီးခံရပြီ။ ကလေးငယ်တို့အော်ဟစ်သောအသံကို ကြားရလေပြီ။ 5လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက် တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့ဆင်းသောလမ်း၌ အော်ဟစ်ငိုကြွေးသံကို ရန်သူတို့ကြားရ၏။ 6သင်တို့အသက်ဘေးလွတ်အောင် ထွက်ပြေးကြလော့။ သင်တို့သည် သဲကန္တာရရှိ ချုံပုတ်ကဲ့သို့ ဖြစ်လေပြီ။ 7သင်လုပ်သောအရာ၊ သင်၏ဥစ္စာဘဏ္ဍာကို ယုံကြည်ကိုးစားသောကြောင့် သင်သည်လည်း ဖမ်းခေါ်သွားခြင်းခံရမည်။ ခေမုရှဘုရားသည်လည်း သူနှင့်ဆိုင်သောယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားရာသို့ လိုက်ပါသွားရမည်။ 8ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဖျက်ဆီးသောသူသည် မြို့ရွာတိုင်းသို့ရောက်လာမည်။ မြို့တစ်မြို့ ရွာတစ်ရွာမျှလွတ်မည်မဟုတ်။ ချိုင့်ဝှမ်းလည်း ပျက်စီးမည်။ လွင်ပြင်လည်း ပျက်စီးမည်။ 9အဝေးသို့ပျံသန်းသွားရမည့် မောဘပြည်ကို အတောင်ပံပေးလော့။ မောဘမြို့တို့သည် နေထိုင်သူမရှိ၊ လူသူကင်းမဲ့မည်။ 10ထာဝရဘုရား၏အမှုတော်ကို လုံ့လစိုက်၍ မလုပ်ဆောင်သောသူသည် ကျိန်ခြင်းခံရမည်။ လူကိုမသတ်ဘဲ မိမိ၏ဓားကို ပြန်ရုပ်သိမ်းသောသူသည် ကျိန်ခြင်းကိုခံရမည်။ 11မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။ 12သို့သော် ထာဝရဘုရားက “ကြည့်ရှုလော့။ မောဘပြည်အား သွန်ပစ်မည့်သူများကို ငါစေလွှတ်သောနေ့ရက် ရောက်လာမည်။ သူတို့သည် မောဘပြည်ကို သွန်ပစ်ကြမည်။ အိုးတို့ကို မှောက်ပစ်ကြမည်။ ဘူးများကိုလည်း ရိုက်ခွဲကြမည်။ 13အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။ 14‘ငါတို့သည် စစ်တိုက်ရာတွင် သူရဲကောင်းများ၊ ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏’ဟူ၍ သင်တို့ မည်သို့ပြောဝံ့ကြသနည်း”ဟု မိန့်တော်မူ၏။ 15ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “မောဘပြည် ပျက်စီးပြီ။ မောဘမြို့များသို့ ရန်သူချီလာပြီ။ ရဲစွမ်းသတ္တိရှိသောလူငယ်တို့သည် အသတ်ခံရပြီ”ဟု မိန့်တော်မူ၏။ 16“မောဘပြည်ခံရမည့်ဘေးဒုက္ခ နီးကပ်လာပြီ။ သူခံရမည့်ဘေးအန္တရာယ် အမြန်ဆုံးရောက်လာမည်။ 17သူ့ဝန်းကျင်၌ရှိသောသူ၊ သူ့ဂုဏ်သတင်းကိုသိသောသူအပေါင်းတို့၊ ဝမ်းနည်းကြလော့။ ‘တန်ခိုးကြီးသောလှံတံ၊ အသရေရှိသောတောင်ဝှေးသည် ကျိုးသွားကြပြီတကား’ဟု ပြောဆိုကြလော့။ 18အို ဒိဘုန်မြို့၌နေထိုင်သောသမီးပျို၊ ဘုန်းအသရေရှိသောပလ္လင်မှဆင်း၍ ခြောက်ကပ်သောမြေပြင်ပေါ်၌ ထိုင်လော့။ အကြောင်းမူကား မောဘပြည်ကိုဖျက်ဆီးသောသူသည် စစ်ချီလာပြီ။ သင်၏ခံတပ်တို့ကို ဖျက်ဆီးတော့မည်။ 19အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။ 20မောဘပြည် ပြိုလဲပြီဖြစ်၍ အရှက်ကွဲပြီ။ ငိုကြွေးမြည်တမ်းကြလော့။ မောဘပြည် ဖျက်ဆီးခံရကြောင်းကို အာနုန်ချောင်းတစ်လျှောက် ကြေညာကြလော့။
21တရားစီရင်ခြင်းသည် မြေပြန့်ဒေသဖြစ်သော ဟောလုန်မြို့၊ ယာဇမြို့၊ မေဖတ်မြို့၊ 22ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသမ်မြို့၊ 23ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ 24ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍ မောဘပြည်နှင့် နီးနီးဝေးဝေးရှိသမျှမြို့များတိုင်အောင် ရောက်လေပြီ။ 25မောဘပြည်ဦးချိုသည် ချိုးဖြတ်ခံရပြီ။ သူ၏လက်ရုံးသည် ကျိုးလေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
26မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် သူ့ကို ယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလိမ့်၍ ပြက်ရယ်ပြုစရာဖြစ်လိမ့်မည်။ 27သင့်အတွက် အစ္စရေးလူမျိုးသည် ပြက်ရယ်ပြုစရာ ဖြစ်သည်မဟုတ်လော။ သူ့အကြောင်းကို ခေါင်းတခါခါနှင့်ပြောလေ့ရှိသည်မှာ သူသည် သူခိုးတို့နှင့်အတူ အဖမ်းခံရဖူးသလော။ 28အို မောဘပြည်သားတို့၊ ချောက်ကမ်းပါး၌ အသိုက်ကိုလုပ်တတ်သော ချိုးငှက်ကဲ့သို့ မြို့တို့ကိုစွန့်၍ ကျောက်ဆောင်၌နေထိုင်ကြလော့။ 29မောဘ၏မာနကို ငါတို့ကြားသိရပြီ။ သူသည် အလွန်မောက်မာ၏၊ ဘဝင်မြင့်၍ မာနကြီး၏၊ ဝါကြွား၍ ထောင်လွှား၏။ 30ထာဝရဘုရားက “သူ၏ဒေါသကို ငါသိ၏။ ဘာမျှမဟုတ်။ သူဝါကြွားသည်မှာ အချည်းနှီးသာဖြစ်၏။ 31သို့ဖြစ်၍ မောဘပြည်ကြောင့် ငါညည်းတွားငိုကြွေးမည်။ မောဘပြည်တစ်ပြည်လုံးကြောင့် ငါအော်ဟစ်မည်။ ကိရဟရက်မြို့သားတို့ကြောင့် ငါညည်းတွားမည်။ 32အို စိဗမာမြို့ရှိစပျစ်နွယ်ပင်၊ ယာဇာမြို့ကြောင့် ငိုကြွေးသည်ထက် သင့်ကြောင့် ငါငိုကြွေးမည်။ သင်၏အကိုင်းတို့သည် ဖြာထွက်၍ ယာဇာပင်လယ်တိုင်အောင် ရောက်ရှိကြ၏။ သို့သော် သင်၏နွေရာသီသီးနှံနှင့် စပျစ်သီးတို့သည် အဖျက်ဆီးခံရလေပြီ။ 33သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
34နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။ 35တစ်ဖန် ထာဝရဘုရားက “မောဘပြည်၌ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ယဇ်ပူဇော်သောသူ၊ မိမိတို့ဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောသူကို ငါဖယ်ရှားပစ်မည်။ 36သူတို့ပိုင်ဆိုင်သောစည်းစိမ်ဥစ္စာ ပျက်ပြုန်းလေပြီဖြစ်၍ ငါ့စိတ်နှလုံးသည် မောဘပြည်ကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်။ ငါ့စိတ်နှလုံးသည် ကိရဟရက်မြို့သားကြောင့် ပလွေသံကဲ့သို့ မြည်တမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။ 37“သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင် 38မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ 39မောဘပြည် ပြိုလဲပြီတကား။ ပြည်သားတို့ ညည်းတွားငိုကြွေးကြပြီတကား။ မောဘပြည် အရှက်ကွဲ၍ လှည့်ထွက်သွားပြီ။ သူ့ဝန်းကျင်ရှိလူအားလုံးအတွက် ပြက်ရယ်ပြုစရာ၊ ထိတ်လန့်စရာ ဖြစ်လေပြီ။
40ထာဝရဘုရားက “ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ မောဘပြည်ရှိရာသို့ ထိုးဆင်းလာလေပြီ။ 41ကေရုတ်မြို့ကို ဝိုင်းထားကြ၍ ရဲတိုက်များကို သိမ်းပိုက်လိမ့်မည်။ ထိုနေ့ရက်၌ မောဘစစ်သူရဲတို့သည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ 42ထာဝရဘုရားက “မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ခြင်းခံရမည်။ 43အို မောဘပြည်သားတို့၊ ကြောက်မက်ဖွယ်ဘေး၊ မြေတွင်း၊ ကျော့ကွင်းတို့သည် သင့်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။ 44ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။ 45“ထွက်ပြေးသောသူတို့သည် အရုပ်ကြိုးပြတ်ရပ်နေရ၏။ အကြောင်းမှာ ဟေရှဘုန်မြို့ကိုခိုလှုံရန်လာကြသော်လည်း ဟေရှဘုန်မြို့မှထွက်သောမီး၊ ရှိဟုန်မင်းကြီးထံမှမီးလျှံသည် မောဘ၏နဖူး၊ အော်ဟစ်ဆူညံနေသူတို့၏ခေါင်းကို လောင်ကျွမ်းနှင့်လေပြီ။ 46အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ ပျက်စီးကြပြီ။ သင့်သားတို့သည် သုံ့ပန်းအဖြစ်ပါသွားပြီ။ သင့်သမီးတို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရလေပြီ။ 47သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 48: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative