YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 29

29
1ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ နေဗုခဒ်နေဇာ​မင်းကြီး​ဖမ်းခေါ်​သွား​သော​သူ​ထဲမှ သုံ့ပန်း​အဖြစ်​အသက်ရှင်​ကျန်ရှိ​သော​သက်ကြီးဝါကြီး​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​နှင့် လူ​အပေါင်း​တို့​ထံသို့ ပရောဖက်​ယေရမိ​က ဂျေရုဆလင်​မြို့​မှ စာ​ရေးသား​ပေးပို့​လိုက်​၏​။ 2ယေခေါနိ​မင်းကြီး​၊ မယ်တော်​၊ နန်းတွင်း​အကြီးအကဲ​များ​၊ ယုဒ​ပြည်​ဂျေရုဆလင်​မြို့​၏​မှူးမတ်​များ​မှစ၍ လက်မှုပညာသည်​နှင့် ပန်းပဲသမား​တို့ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီးနောက်​တွင် ရေးသား​၍ 3ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​မြို့​ရှိ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ထံသို့ ရှာဖန်​သား​ဧလာသ​နှင့် ဟိလခိ​သား​ဂေမရိ​တို့​ကို​စေလွှတ်​၍ ဤ​စာ​ကို ပေးပို့​လိုက်​ခြင်း​ဖြစ်​၏​။ စာ​ထဲတွင် 4“ဂျေရုဆလင်​မြို့​မှ​ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သုံ့ပန်း​အပေါင်း​တို့​အား အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က 5အိမ်​ကို​ဆောက်​၍ နေထိုင်​ကြ​လော့​။ ဥယျာဉ်​များ​၌​စိုက်ပျိုး​၍ အသီးအနှံ​ကို စား​ကြ​လော့​။ 6မိန်းမ​ယူ​၍ သား​သမီး​များ​ကို မွေးဖွား​ကြ​လော့​။ သား​များ​ကို​လည်း မိန်းမ​ယူ​စေ​လော့​။ သမီး​များ​ကို​လည်း ယောက်ျား​ယူ​စေ​လော့​။ သား​သမီး​များ မွေးဖွား​စေ​ကြ​လော့​။ ထို​အရပ်​၌ မ​လျော့နည်း​ဘဲ တိုးပွား​ကြ​လော့​။ 7သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​သော​မြို့​၌ အေးအေးချမ်းချမ်း​နေထိုင်​လျက် ထို​မြို့​အတွက် ထာဝရဘုရား​ထံ ဆုတောင်း​ပေး​ကြ​လော့​။ အကြောင်းမူကား ထို​မြို့​အေးချမ်း​လျှင် သင်​တို့​လည်း အေးအေးချမ်းချမ်း​နေ​ရ​မည်​ဟူ၍ မိန့်​တော်မူ​၏​။
8အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​တွင်​ရှိ​သော ပရောဖက်​များ​၊ ဂမ္ဘီရအတတ်ပညာရှင်​များ​၏​လှည့်စား​ခြင်း​ကို မ​ခံ​နှင့်​။ သင်​တို့​မြင်မက်​သော အိပ်မက်​တို့​ကို​လည်း မ​ယုံ​ကြ​နှင့်​ဟူ၍ မိန့်​တော်မူ​၏​။ 9ထာဝရဘုရား​က သူ​တို့​ကို ငါ​မ​စေလွှတ်​ဘဲ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​ဟူ၍ မိန့်​တော်မူ​၏​။
10တစ်ဖန် ထာဝရဘုရား​က ဘေဘီလုံ​မြို့​တွင် အနှစ်​ခုနစ်ဆယ်​ပြည့်​သောအခါ ငါ​သည် သင်​တို့​ကို အကြည့်အရှု​ကြွလာ​မည်​။ ဤ​ပြည်​သို့ သင်​တို့​ကို ပြန်ခေါ်​လာ​မည်​ဟူသော ငါ​၏​ကတိ​ကို ပြည့်စုံ​စေ​မည်​။ 11အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား#29:11 သို့မဟုတ် “ငြိမ်းချမ်း”။​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။ 12သင်​တို့​သည် ငါ့​ကို​ခေါ်​လိမ့်မည်​။ ငါ့​ထံသို့ လာ​၍​ဆုတောင်း​လိမ့်မည်​။ ငါ​သည်​လည်း သင်​တို့​ကို နားထောင်​မည်​။ 13သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။ 14သင်​တို့​သည် ငါ့​ကို တွေ့​လိမ့်မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ ဖမ်းဆီးခေါ်ဆောင်​သွား​ရာ​မှ သင်​တို့​ကို ငါ​ပြန်ခေါ်​လာ​မည်​။ လူမျိုး​တကာ​တို့​ထံမှ​လည်းကောင်း​၊ ငါ​နှင်ထုတ်​၍ ရောက်လေရာ​အရပ်ရပ်​မှ​လည်းကောင်း သင်​တို့​အား ပြန်စုဝေး​စေ​မည်​ဟု​လည်း ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​ကို ဖမ်းခေါ်​သွား​၍ သင်​တို့​ရောက်​ရာ​အရပ်​မှ သင်​တို့​ကို​ပြန်ခေါ်​လာ​မည်​။
15သင်​တို့​က ထာဝရဘုရား​သည် ဘေဘီလုံ​မြို့​၌ ပရောဖက်​များ​ကို ပေါ်ထွန်း​စေ​တော်မူ​ပြီ​ဟု ဆို​တတ်​ကြ​၏​။ 16ထို့ကြောင့် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော ဘုရင်​နှင့်​ပတ်သက်၍​လည်းကောင်း​၊ သင်​တို့​နှင့်အတူ သုံ့ပန်း​အဖြစ်​ပါ​မ​သွား​သော သင်​တို့​ညီအစ်ကို​များ​ဖြစ်​သည့် ဤ​မြို့​တွင်​ကျန်နေ​ခဲ့​သော​သူ​အပေါင်း​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ဤသို့​မိန့်​တော်မူ​၏​။ 17ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ကြုံတွေ့​စေ​မည်​။ စား​၍​မ​ရ​အောင် ပုပ်​နေ​သော​သဖန်းသီး​ကဲ့သို့ ဖြစ်​စေ​မည်​။ 18သူ​တို့​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် လိုက်လံညှဉ်းဆဲ​မည်​။ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​အတွက် ရွံရှာစရာ​ဖြစ်​စေ​မည်​။ ငါ​နှင်ထုတ်​၍​သူ​တို့​ရောက်လေရာ​အရပ်ရပ်​တို့​၌ ကျိန်ဆဲစရာ​၊ ထိတ်လန့်စရာ​၊ လှောင်ပြောင်စရာ​၊ ကဲ့ရဲ့စရာ ဖြစ်​စေ​မည်​ဟူ၍ မိန့်​တော်မူ​၏​။ 19အကြောင်းမူကား ငါ​၏​အစေအပါး​ပရောဖက်​တို့​ကို သူ​တို့​ထံသို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သူ​တို့​နား​မ​ထောင်​ကြ​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ သင်​တို့​သည်​လည်း ငါ့​စကား​ကို နား​မ​ထောင်​ကြ​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​၏​။
20ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ငါ​နှင်ထုတ်​လိုက်​၍ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ 21အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က သင်​တို့​အား ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​သော ကောလာယ​၏​သား အာဟပ်​နှင့် မာသေယ​၏​သား​ဇေဒကိ​တို့​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​ထဲသို့ ငါ​အပ်​လိုက်​မည်​။ ထို​ဘုရင်​သည် သူ​တို့​ကို သင်​တို့​မျက်စိ​ရှေ့​၌​ပင် ကွပ်မျက်​လိမ့်မည်​။ 22ထို​သူ​တို့​ကြောင့် ဘေဘီလုံ​မြို့​ရှိ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယုဒ​လူ​အပေါင်း​တို့​က ‘ဇေဒကိ​နှင့် အာဟပ်​ကို ဘေဘီလုံ​ဘုရင် မီးရှို့​သတ်​သကဲ့သို့ သင့်​ကို ထာဝရဘုရား​ပြု​ပါစေ’​ဟု အချင်းချင်း​ကျိန်ဆဲ​ရာ​တွင် ခိုင်းနှိုင်း​ကျိန်ဆဲ​ကြ​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။ 23သူ​တို့​သည် အစ္စရေး​လူမျိုး​တို့​၌ ယုတ်ညံ့​သော​အမှု​ကို​ပြု​ကြ​၏​။ အိမ်နီးချင်း​တို့​၏​မယား​နှင့် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။ ငါ​မ​မိန့်မှာ​ဘဲ ငါ့​နာမ​ဖြင့် မဟုတ်မမှန်​သော​စကား​ကို ပြောဆို​ကြ​၏​။ ငါ​သည် သိ​၏​။ ငါ​သည် သက်သေ​ဖြစ်​၏​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ပါရှိ​၏​။
24သင်​သည် နဟေလံ​အမျိုး ရှေမာယ​အား
25“အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​သည် ယဇ်ပုရောဟိတ်​မာသေယ​၏​သား​ဇေဖနိ​မှစ၍ ယဇ်ပုရောဟိတ်​အပေါင်း​တို့​နှင့် ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​ထံသို့ သင့်​နာမည်​ဖြင့်​စာ​ပို့​၍ 26ထာဝရဘုရား​သည် ယဇ်ပုရောဟိတ်​ယောယဒ​နေရာ​တွင် သင့်​ကို​ယဇ်ပုရောဟိတ်​အဖြစ် ခန့်ထား​တော်မူ​ပြီ​။ သင်​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို​ကြီးကြပ်​ရ​သူ​ဖြစ်​ပြီ​။ ပရောဖက်​အယောင်ဆောင်​သော​သူရူး​ရှိသမျှ​တို့​ကို အချုပ်​ထဲတွင် ထိပ်ခတ်​ထား​ရ​မည်​ဟု သင်​ဆို​လေ​ပြီ​။ 27ယခု သင်​တို့​တွင် ပရောဖက်ပြု​ဟောပြော​နေ​သော အာနသုတ်​မြို့သား​ယေရမိ​ကို အဘယ်ကြောင့် မ​ဆုံးမ​သနည်း​။ 28သူ​က ဘေဘီလုံ​မြို့​တွင်​ရှိ​သော ငါ​တို့​ထံသို့​စာ​ပို့​ပြီး ဘေဘီလုံ​မြို့​တွင် ကြာမြင့်​စွာ​နေ​ရ​ဦး​မည်​။ ထို့ကြောင့် အိမ်​ကို​ဆောက်​၍ နေထိုင်​ကြ​လော့​။ ဥယျာဉ်​များ​၌ စိုက်ပျိုး​၍ အသီးအနှံ​ကို​စား​ကြ​လော့​ဟု ဆို​လေ​ပြီ​တကား’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ပြောကြား​လော့​။ 29ယဇ်ပုရောဟိတ်​ဇေဖနိ​သည် ထို​စာ​ကို ပရောဖက်​ယေရမိ​အား ဖတ်ပြ​လေ​၏​။
ရှေမာယနှင့်ပတ်သက်သော မိန့်ဆိုချက်
30ထို့နောက် ယေရမိ​ထံသို့ ထာဝရဘုရား​၏​နှုတ်ကပတ်တော် ရောက်လာ​၍ 31“သုံ့ပန်း​အားလုံး​တို့​အား ဤသို့​မှာလိုက်​လော့​။ နဟေလံ​ရွာသား ရှေမာယ​နှင့်​ပတ်သက်၍ ထာဝရဘုရား​က ရှေမာယ​သည် သင်​တို့​ကို ပရောဖက်ပြု​ဟောပြော​လေ​ပြီ​။ သူ့​ကို​ငါ​စေလွှတ်​သည်​မ​ဟုတ်​။ သူ​သည် သင်​တို့​အား မုသား​ကို ကိုးစား​စေ​ပြီ​ဟု မိန့်​တော်မူ​၏​။ 32ထာဝရဘုရား​က နဟေလံ​အမျိုး ရှေမာယ​သည် ငါ့​ကို ပုန်ကန်​ပြောဆို​သောကြောင့် ကြည့်ရှု​လော့​။ ငါ​သည် သူ​နှင့်​သူ​၏​သားစဉ်မြေးဆက်​တို့​ကို ဒဏ်ခတ်​မည်​။ ဤ​လူမျိုး​ထဲ​တွင် သူ​၏​သားစဉ်မြေးဆက်​တစ်​ယောက်​မျှ အသက်ရှင်​နေထိုင်​ရ​မည်​မ​ဟုတ်​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က ငါ့​လူမျိုး​တော်​အတွက် ငါ​ပြု​ပေး​သော​ကောင်းကျိုးချမ်းသာ​ကို သူ​တို့​ခံစား​ရ​မည်​မ​ဟုတ်”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 29