YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 27

27
ဘေဘီလုံဘုရင်၏ထမ်းပိုး
1ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းတက်​စ​၌ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့​ရောက်လာ​၏​။ 2ထာဝရဘုရား​က “​ကြိုး​များ​၊ ထမ်းပိုး​များ​ကို​ပြုလုပ်​ပြီး သင်​၏​ပခုံး#27:2 တိုက်ရိုက်ပြန်ဆိုလျှင် “သင်၏လည်ပင်း”။​ပေါ် တင်​လော့​။ 3ထို့နောက် ဂျေရုဆလင်​မြို့​ရှိ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​ရှိ​ရာ​သို့ ရောက်လာ​သော သံတမန်​တို့​မှတစ်ဆင့် ဧဒုံ​ဘုရင်​၊ မောဘ​ဘုရင်​၊ အမ္မုန်​ဘုရင်​၊ တိုင်ရာ​ဘုရင်​၊ ဆီဒုန်​ဘုရင်​တို့​ထံသို့ ကြိုး​နှင့်​ထမ်းပိုး​တို့​ကို ပေးပို့​လော့​။ 4သူ​တို့​၏​သခင်​တို့​အား​လည်း အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က 5‘ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကမ္ဘာမြေကြီး​နှင့် မြေ​မျက်နှာပြင်​ပေါ်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖန်ဆင်း​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၍ ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​ပြီ​။ 6ယခု ဤ​ပြည်​အားလုံး​ကို ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​လက်​သို့ ငါ​အပ်​ပြီ​။ တောရိုင်းတိရစ္ဆာန်​များ​ကို​ပင် သူ​၏​အစေ​ကို​ခံ​ရန် ငါ​အပ်​လေ​ပြီ​။ 7သူ​၏​နိုင်ငံ​အဆုံး​မ​ရောက်​မီ​အထိ လူမျိုး​အပေါင်း​တို့​သည် သူ​နှင့်​သူ​၏​သား​မြေး​တို့​ထံ၌ အစေခံ​ရ​လိမ့်မည်​။ ထို့နောက်မှ သူ​သည် လူမျိုး​ကြီး​များ​၊ တန်ခိုးကြီး​သော​ဘုရင်​များ​ထံ အစေခံ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
8တစ်ဖန် ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​နိုင်ငံ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို အစေ​မ​ခံ​၊ ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို မ​ထမ်း​လျှင် ဤ​လူမျိုး​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ ထို​ဘုရင်​၏​လက်​ဖြင့် ရှင်းရှင်း​ဖျက်ဆီး​ပစ်​မည်​။ 9သို့ဖြစ်၍ သင်​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အစေခံ​ရ​မည်​မ​ဟုတ်​ဟု ဆို​သော ပရောဖက်​များ​၊ ဂမ္ဘီရအတတ်​ပညာရှင်​များ​၊ အိပ်မက်​နိမိတ်​ရ​သူ​များ​၊ ဗေဒင်ဆရာ​များ​နှင့် မှော်ဆရာ​များ​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ 10သင်​တို့​အား သင်​တို့​၏​ပြည်​မှ အဝေး​သို့​လွင့်ထွက်​သွား​စေရန်​နှင့် ငါ​သည် သင်​တို့​ကို​နှင်ထုတ်​၍ သင်​တို့​ပျက်စီး​သွား​စေရန် သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။ 11သို့သော် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​ကို​အစေခံ​သော​လူမျိုး​ကို သူ​တို့​၏​နေရင်းပြည်​၌ ငါ​ထား​မည်​။ နေရင်းပြည်​၌ ထွန်ယက်​လုပ်ကိုင်​ရ​လိမ့်မည်​။ နေရင်းပြည်​၌ နေထိုင်​ရ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​စေ​လော့​”​ဟု ငါ့​အား မိန့်ဆို​၏​။
ဇေဒကိမင်းကြီးကို သတိပေးခြင်း
12ငါ​သည် ထို​စကား​အလုံးစုံ​တို့​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား လျှောက်တင်​၏​။ “​အရှင်​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​နှင့် သူ​၏​လူ​များ​ကို အစေခံ​လျက် အသက်ရှင်​ပါ​လော့​။ 13ဘေဘီလုံ​ဘုရင်​ကို အစေ​မ​ခံ​သော​လူမျိုး​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​မည်​ဟု ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း မင်းကြီး​နှင့်​မင်းကြီး​၏​လူ​တို့​သည် အဘယ်ကြောင့် ထိုကဲ့သို့​သေ​ရ​ပါ​မည်နည်း​။ 14‘​သင်​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အစေခံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ပရောဖက်​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။ 15ထာဝရဘုရား​က ‘ငါ​သည် သူ​တို့​ကို​မ​စေလွှတ်​။ သင်​တို့​ကို ငါ​နှင်ထုတ်​၍ သင်​တို့​နှင့် သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော​ပရောဖက်​တို့ ပျက်စီး​ခြင်း​သို့​ရောက်​စေရန် သူ​တို့​သည် ငါ့​နာမ​ဖြင့် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု ငါ​ဆင့်ဆို​၏​။
16ထို့နောက် ငါ​က ယဇ်ပုရောဟိတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​အား “​ထာဝရဘုရား​က ‘​ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​ကို ဘေဘီလုံ​မြို့​မှ အမြန်ဆုံး​ပြန်ယူဆောင်​လာ​မည်​ဟု သင်​တို့​အား ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ သူ​တို့​သည် မဟုတ်မမှန်​ပရောဖက်ပြု​ဟောပြော​ကြ​၏​။ 17သူ​တို့​၏​စကား​ကို နား​မ​ထောင်​ကြ​နှင့်​။ ဘေဘီလုံ​ဘုရင်​ကို အစေခံ​၍ အသက်ရှင်​ကြ​လော့​။ အဘယ်ကြောင့် ဤ​မြို့​သည် ပြိုပျက်​ရာ​အရပ်​ဖြစ်​ရ​ပါ​မည်နည်း​။ 18သူ​တို့​သည် ပရောဖက်​ဖြစ်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ​တို့​နှင့်အတူ​ရှိ​မည်​ဆို​လျှင် ထာဝရဘုရား​၏​အိမ်​တော်​၊ ယုဒ​ဘုရင်​၏​နန်းတော်​၊ ဂျေရုဆလင်​မြို့​၌ ကျန်ရစ်​သော​အသုံးအဆောင်​များ​ကို ဘေဘီလုံ​မြို့​သို့​ယူဆောင်​မ​သွား​ရန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အား တောင်းပန်​ကြ​စေ’​ဟု မိန့်​တော်မူ​၏​။ 19ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ဤ​မြို့​၌​ကျန်ရစ်​သော တိုင်​များ​၊ ရေကန်​၊ တွန်းလှည်း​များ​၊ အခြား​အသုံးဆောင်​ပစ္စည်း​များ​နှင့်​ပတ်သက်၍ ဤသို့​မိန့်​တော်မူ​၏​။ 20ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ယောယကိမ်​၏​သား ယုဒ​ဘုရင်​ယေခေါနိ​မှစ၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၌​ရှိ​သော​မှူးမတ်​များ​အားလုံး​ကို ဂျေရုဆလင်​မြို့​မှ ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​သောအခါ ထို​အသုံးအဆောင်​တို့​ကို မ​ယူသွား​ဘဲ​ချန်ထား​ခဲ့​၏​။ 21ထိုသို့ ထာဝရဘုရား​၏​အိမ်​တော်​၊ ယုဒ​ဘုရင်​၏​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​တွင် ကျန်ရစ်​သော​အသုံးအဆောင်​ပစ္စည်း​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က 22‘ထို​အသုံးအဆောင်​တို့​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​ကြ​လိမ့်မည်​။ ငါ​အကြည့်အရှု​ကြွလာ​မည့်​နေ့​အထိ ထို​မြို့​တွင် ထား​ကြ​လိမ့်မည်​။ ထို့နောက်မှ ထို​အသုံးအဆောင်​တို့​ကို ပြန်ယူဆောင်​လာ​၍ ဤ​နေရာ​၌​ထား​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 27