ယေရမိအနာဂတ္တိကျမ်း 26
26
အိမ်တော်တွင် ယေရမိဆင့်ဆိုသောစကား
1ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းတက်စ၌ ထာဝရဘုရားထံတော်မှ ဤနှုတ်ကပတ်တော်ရောက်လာ၏။ 2ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။ 3သူတို့သည် နားထောင်၍ သူတို့၏မကောင်းသောလမ်းမှ အသီးသီးပြန်လှည့်ကောင်းပြန်လှည့်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဆိုးညစ်သောလုပ်ရပ်များကြောင့် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသောအကြံအစည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။ 4တစ်ဖန် သူတို့အား “ထာဝရဘုရားက ‘ငါ့စကားကို သင်တို့နားမထောင်၊ သင်တို့ကို ငါချပေးထားသောပညတ်တရားအတိုင်း မလိုက်လျှောက်၊ 5သင်တို့ရှိရာသို့ ငါ၏အစေအပါးပရောဖက်တို့ကို ငါအကြိမ်ကြိမ်စေလွှတ်၍ ဆင့်ဆိုစေသော်လည်း သူတို့၏စကားကို သင်တို့နားမထောင်လျှင် 6ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
ယေရမိ အဖမ်းခံရခြင်း
7ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ထဲ၌ ယေရမိဆင့်ဆိုသော စကားကို ကြားကြ၏။ 8ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။ 9‘ဤအိမ်တော်သည် ရှိလောအရပ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် နေထိုင်သောသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်’ဟု ထာဝရဘုရား၏နာမတော်ဖြင့် အဘယ်ကြောင့် ပရောဖက်ပြုဟောပြောရသနည်း”ဟု ဆိုပြီးလျှင် လူတို့သည် ထာဝရဘုရားအိမ်တော်၌ ယေရမိထံ ဝိုင်းအုံလာကြ၏။ 10ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။ 11ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
ယေရမိ ချေပပြောဆိုခြင်း
12ယေရမိကလည်း မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့အား “ဤအိမ်တော်နှင့် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောစကားကို သင်တို့အလုံးစုံကြားရပြီ။ ထိုသို့ဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။ 13ထို့ကြောင့် ယခု သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူမည်။ 14ငါသည် သင်တို့၏လက်ထဲတွင်ရှိ၏။ ကောင်းသည်၊ မှန်သည်ဟု သင်တို့ထင်သည့်အတိုင်း ငါ့ကိုပြုကြလော့။ 15အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။
ယေရမိ လွတ်မြောက်ခြင်း
16ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။ 17ပြည်သားသက်ကြီးဝါကြီးအချို့တို့ကလည်း ထ၍ လူအစုအဝေးအပေါင်းတို့အား 18“ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို 19ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။
ပရောဖက်ဥရိယ
20ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်ပြုသောသူတစ်ယောက် ရှိသေး၏။ ထိုသူကား ကိရယတ်ယာရိမ်မြို့မှ ရှေမာယ၏သား ဥရိယဖြစ်၏။ သူသည် ယေရမိဟောပြောသောစကားနှင့်တစ်ထပ်တည်း ဤမြို့ဤပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခဲ့၏။ 21ယောယကိမ်မင်းကြီးနှင့် မှူးမတ်စစ်သူရဲအပေါင်းတို့သည် သူဟောပြောသောစကားများကို ကြားကြ၏။ ထိုအခါ ရှင်ဘုရင်သည် သူ့ကိုသတ်ရန်ရှာကြံလေ၏။ ထိုသတင်းကို ဥရိယကြားသောအခါ ကြောက်ရွံ့၍ အီဂျစ်ပြည်သို့ထွက်ပြေးသွား၏။ 22ထိုအခါ ယောယကိမ်မင်းကြီးသည် အာခဗော်၏သား ဧလနာသန်နှင့်အတူ လူအချို့ကို အီဂျစ်ပြည်သို့လိုက်စေ၍ 23ထိုသူတို့သည် ဥရိယအား အီဂျစ်ပြည်မှ ယောယကိမ်မင်းကြီးထံသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြ၏။ ရှင်ဘုရင်သည် သူ့ကိုဓားဖြင့်ကွပ်မျက်၍ သူ၏ကိုယ်ခန္ဓာကို အများပြည်သူသင်္ချိုင်း၌ ပစ်ထားလေ၏။
24သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။
Currently Selected:
ယေရမိအနာဂတ္တိကျမ်း 26: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative