YouVersion Logo
Search Icon

ယေရမိအနာဂတ္တိကျမ်း 25

25
သုံ့ပန်းဘဝ အနှစ်ခုနစ်ဆယ်
1ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​လေး​နှစ်​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​နန်းစံ ပထမ​နှစ်​တွင် ယုဒ​ပြည်သူပြည်သား​အားလုံး​နှင့်​ပတ်သက်၍ ယေရမိ​ထံသို့​ရောက်လာ​သော နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။ 2ပရောဖက်​ယေရမိ​က ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​အပေါင်း​တို့​အား 3“​အာမုန်​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောရှိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​သုံး​နှစ်​မှ ယခု​ချိန်​ထိ နှစ်ဆယ့်​သုံး​နှစ်​ပတ်လုံး ထာဝရဘုရား​၏​ဗျာဒိတ်စကား ငါ့​ထံသို့​ရောက်လာ​ခဲ့​၏​။ ငါ​သည်​လည်း သင်​တို့​အား ထာဝရဘုရား​၏​ဗျာဒိတ်စကား​ကို အကြိမ်ကြိမ်​ဆင့်ဆို​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ 4ထာဝရဘုရား​သည် မိမိ​၏​အစေအပါး​ပရောဖက်​အပေါင်း​တို့​ကို သင်​တို့​ရှိ​ရာ​သို့ အကြိမ်ကြိမ်​စေလွှတ်​ဆင့်ဆို​စေ​သော်လည်း သင်​တို့​နား​မ​ထောင်​ကြ​။ ဂရု​မ​စိုက်​ကြ​။ 5သူ​တို့​က ‘​သင်​တို့​၏​အကျင့်ဆိုး​၊ စရိုက်ဆိုး​များ​ကို​စွန့်​၍ ပြန်လာ​ကြ​လော့​။ သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တွင် ကာလ​အစဉ်အဆက်​နေထိုင်​ကြ​လော့​။ 6အခြား​ဘုရား​များ​နောက်သို့​လိုက်​၍ မ​ပျပ်ဝပ် မ​ကိုးကွယ်​ကြ​နှင့်​။ သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို မ​နှိုးဆော်​ကြ​နှင့်​။ သို့ပြုလျှင် သင်​တို့​ကို ငါ​ဒဏ်ခတ်​မည်​မ​ဟုတ်​’​ဟု ဆင့်ဆို​ခဲ့​ကြ​သော်လည်း
7‘သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​။ သင်​တို့​ဒုက္ခ​ရောက်​အောင် သင်​တို့​လက်​နှင့်​လုပ်​သော​အရာ​များ​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​ပြီ’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
8ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဤသို့ သင်​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​သောကြောင့် 9ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ 10ထာဝရဘုရား​က ‘ဝမ်းမြောက်​ရွှင်မြူး​သော​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ကြိတ်ဆုံကြိတ်သံ​၊ မီးခွက်​အလင်း​တို့​ကို​ပါ ချုပ်ငြိမ်း​စေ​မည်​။ 11တိုင်းပြည်​တစ်ပြည်လုံး​သည် ပြိုပျက်​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ ဤ​ပြည်သူပြည်သား​တို့​သည် ဘေဘီလုံ​ဘုရင်​ကို အနှစ်​ခုနစ်ဆယ် အစေခံ​ရ​လိမ့်မည်​။ 12အနှစ်​ခုနစ်ဆယ်​ပြည့်​ပြီးမှ ဘေဘီလုံ​ဘုရင်​မှစ၍ သူ​၏​လူမျိုး​များ​နှင့်တကွ ခါလဒဲ​ပြည်​ကို​ပါ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ ထို​ပြည်​ကို အစဉ်​လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။ 13ထာဝရဘုရား​က ‘ဤ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ယေရမိ​ပရောဖက်ပြု​ဟောပြော​ခဲ့​သော​၊ ကျမ်းစာ​၌​ရေးထား​သမျှ​သော​စကား​များ​တည်းဟူသော ဤ​ပြည်​ကို​ရည်ဆောင်​၍ ငါ​ပြော​ခဲ့​သော​စကား​ကို ဤ​ပြည်​အပေါ် ကျရောက်​စေ​မည်​။ 14လူမျိုး​တကာ​တို့​နှင့် တန်ခိုးကြီး​သော​ရှင်ဘုရင်​တို့​သည် သူ​တို့​အား စေခိုင်း​ကြ​လိမ့်မည်​။ သူ​တို့​၏​အကျင့်​အတိုင်း​၊ သူ​တို့​၏​လုပ်ရပ်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပေးဆပ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​လေ​၏​။
ဘုရားသခင်၏အမျက်တော်ခွက်ဖလား
15အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က “​ငါ့​လက်​မှ ဤ​အမျက်​တော်​စပျစ်ဝိုင်​ခွက်​ကို​ယူ​၍ သင့်​အား ငါ​စေလွှတ်​သော​အရပ်​ရှိ လူမျိုး​အားလုံး​ကို တိုက်​လော့​။ 16သူ​တို့​သောက်​သောအခါ သူ​တို့​တွင် ငါ​စေလွှတ်​သော​ဓား​ကြောင့် သူ​တို့​သည် မူး​ရူး​သွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား​မိန့်​တော်မူ​၏​။
17ထိုအခါ ငါ​သည် ထာဝရဘုရား​၏​လက်​တော်​မှ​ခွက်​ကို​ယူ​၍ ငါ့​ကို ထာဝရဘုရား​စေလွှတ်​တော်မူ​သော​အရပ်​ရှိ လူမျိုး​အားလုံး​ကို သောက်​စေ​၏​။ 18ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​များ​၊ ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​သည် ယနေ့​ကဲ့သို့ပင် ပြိုပျက်​ရာ​၊ ထိတ်လန့်စရာ​၊ ကဲ့ရဲ့စရာ​၊ ကျိန်ဆဲစရာ​ဖြစ်​စေရန် သူ​တို့​ကို သောက်​စေ​၏​။ 19ထို့နောက်မှ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့် သူ​၏​အမှုထမ်း​များ​၊ အကြီးအကဲ​များ​၊ သူ့​လူမျိုး​များ​၊ 20အီဂျစ်​ပြည်​ရှိ​လူမျိုးခြား​များ​အားလုံး​၊ ဥဇ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ ဖိလိတ္တိ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ အာရှကေလုန်​ပြည်သား​များ​၊ ဂါဇ​ပြည်သား​များ​၊ ဧကြုန်​ပြည်သား​များ​၊ ကြွင်းကျန်​သော အာဇုတ်​ပြည်သား​များ​၊ 21ဧဒုံ​ပြည်သား​များ​၊ မောဘ​ပြည်သား​များ​၊ အမ္မုန်​ပြည်သား​များ​၊ 22တိုင်ရာ​ဘုရင်​အားလုံး​၊ ဆီဒုန်​ဘုရင်​အားလုံး​၊ ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကမ်းရိုးတန်းဒေသ​များ​မှ​ဘုရင်​များ​၊ 23ဒေဒန်​ပြည်သား​များ​၊ တေမ​ပြည်သား​များ​၊ ဗုဇ​ပြည်သား​များ​နှင့် နားသယ်မွေး​ရိတ်​လေ့​ရှိ​သော​ပြည်သား​အားလုံး 24အာရေဗျ​ဘုရင်​အားလုံး​၊ တောကန္တာရ​၌​နေထိုင်​သော လူမျိုးခြား​တို့​၏​ဘုရင်​အားလုံး 25ဇိမရိ​ဘုရင်​အားလုံး​၊ ဧလံ​ဘုရင်​အားလုံး​၊ မေဒိ​ဘုရင်​အားလုံး 26မြောက်ဘက်​အရပ်​ရှိ ရပ်နီး​၊ ရပ်ဝေး​ဘုရင်​အားလုံး​ကို တစ်ပါး​ပြီး​တစ်ပါး သောက်​စေ​၏​။ ကမ္ဘာမြေပြင်​ပေါ်ရှိ ကမ္ဘာ့​တိုင်းနိုင်ငံ​အားလုံး​ကို​လည်း သောက်​စေ​၏​။ နောက်ဆုံး ရှေရှက်​ဘုရင်​လည်း သောက်​ရ​၏​။
27ထို့နောက် ထို​သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​ထံ ငါ​စေလွှတ်​သော​ဓား​ကြောင့် သောက်​၍ မူး​ကြ​၊ အန်​ကြ​၊ လဲ​ကြ​။ သင်​တို့ ပြန်ထ​နိုင်​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု သင်​ဆင့်ဆို​ရ​မည်​။ 28သူ​တို့​သည် သင့်​လက်​ထဲမှ ခွက်​ကို​ယူ​၍ မသောက်​လို​လျှင် သင်​က သူ​တို့​အား “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​သောက်​ရ​မည်​။ 29ကြည့်ရှု​လော့​။ ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော​မြို့​ကို​ပင် ဘေးဒုက္ခ စ​ရောက်​စေ​မည်​ဖြစ်၍ သင်​တို့​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​လော​။ ငါ​သည် မြေကြီးသား​အပေါင်း​တို့​ထံ ဓား​ကို စေလွှတ်​မည်​ဖြစ်၍ သင်​တို့​သည် အပြစ်ဒဏ်​မ​ခံရ​ဘဲ​နေ​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။
မြေတစ်ပြင်လုံးကို တရားစီရင်ခြင်း
30သင်​သည် သူ​တို့​အား ဤ​စကား​အလုံးစုံ​ကို ပရောဖက်ပြု​ဟောပြော​ရ​မည်​။ သူ​တို့​အား “ထာဝရဘုရား​၏​အသံ​တော်​သည် အထက်ကောင်းကင်​မှ မြည်ဟိန်း​ထွက်ပေါ်​လာ​မည်​။ သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ အသံ​ကို​လွှင့်​တော်မူ​မည်​။ မိမိ​သိုးစု​ကို ကျယ်လောင်​စွာ​ဟိန်းဟောက်​တော်မူ​မည်​။ စပျစ်သီး​နင်းနယ်​သော​သူ​တို့ အော်ဟစ်​သကဲ့သို့ မြေကြီးသား​တို့​ကို အော်ဟစ်​တော်မူ​မည်​။ 31ဆူညံပွက်လောရိုက်​သော​အသံ​သည် မြေကြီး​စွန်း​အထိ ပဲ့တင်ထပ်​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ကို စွဲချက်တင်​တော်မူ​မည်​။ သတ္တဝါ​အားလုံး​ကို တရားစီရင်​တော်မူ​မည်​။ ဆိုးယုတ်​သော​သူ​တို့​ကို ဓား​လက်​သို့ အပ်​တော်မူ​မည်​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။ 32ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဘေးအန္တရာယ်​သည် လူမျိုး​တစ်မျိုး​မှ​တစ်မျိုး​သို့ ရောက်သွား​မည်​။ ပြင်းထန်​သော​မုန်တိုင်း​သည် မြေကြီး​စွန်း​မှ တိုက်ခတ်​လာ​မည်​။
33ထို​နေ့ရက်​၌ ထာဝရဘုရား​ကွပ်မျက်​တော်မူ​ခြင်း​ကို​ခံရ​သော​သူ​တို့​သည် မြေကြီး​တစ်ဖက်စွန်း​မှ အခြား​တစ်ဖက်စွန်း​တိုင်အောင် အနှံ့​ရှိ​ကြ​လိမ့်မည်​။ မြည်တမ်း​ပေး​မည့်​သူ​မ​ရှိ​။ စုပုံ​ထား​ပေး​မည့်​သူ​မ​ရှိ​။ သင်္ဂြိုဟ်​ပေး​မည့်​သူ​မ​ရှိ​။ မြေ​ပေါ်​၌ နောက်ချေး​ကဲ့သို့ ဖြစ်​ကြ​လိမ့်မည်​။ 34အို သိုးထိန်း​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အော်ဟစ်​ကြ​လော့​။ အို သိုးစု​ခေါင်းဆောင်​တို့​၊ ပြာ​၌​လူး​ကြ​လော့​။ သင်​တို့​ကို​သတ်ဖြတ်​မည့်​နေ့ရက်​၊ တကွဲတပြား​ဖြစ်​စေ​မည့်​နေ့ရက် ရောက်လာ​ပြီ​။ အဖိုးတန်​ပစ္စည်း​ပျက်စီး​သကဲ့သို့ သင်​တို့​ပျက်စီး​ကြ​လိမ့်မည်​။ 35သိုးထိန်း​တို့ ထွက်ပြေးစရာ​လမ်း​မ​ရှိ​။ သိုးစု​ခေါင်းဆောင်​တို့ လွတ်မြောက်​ရာ​လမ်း​မ​ရှိ​။ 36သိုးထိန်း​တို့​၏​အော်ဟစ်ငိုကြွေးသံ​၊ သိုးစု​ခေါင်းဆောင်​တို့​၏​မြည်တမ်းသံ​ကို ကြား​ရ​၏​။ ထာဝရဘုရား​သည် သူ​တို့​၏​စားကျက်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ 37ငြိမ်းချမ်း​သာယာ​သော​နေထိုင်​ရာ​အရပ်​တို့​သည် ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် ပျက်စီး​လေ​ပြီ​။ 38ခြင်္သေ့ပျို​သည် ပုန်းအောင်း​ရာ​နေရာ​ကို​စွန့်ခွာ​သကဲ့သို့ ထာဝရဘုရား​သည် သူ​တို့​၏​ပြည်​ကို​စွန့်ခွာ​တော်မူ​ပြီ​။ သူ​တို့​၏​ပြည်​သည် နိုင်ထက်စီးနင်း​ပြု​သော​သူ​နှင့် ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေရမိအနာဂတ္တိကျမ်း 25