YouVersion Logo
Search Icon

တရားသူကြီးမှတ်စာ 5

5
ဒေဗောရသီဆိုသောသီချင်း
1ထို​နေ့​၌ ဒေဗောရ​နှင့် အဘိနောင်​၏​သား​ဗာရက်​တို့​က 2“​အစ္စရေး​လူမျိုး​တွင် ခေါင်းဆောင်​တို့ ဦးဆောင်​၍ လူ​တို့​သည်​လည်း အသက်စွန့်​ပြီး တိုက်ပွဲဝင်​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ 3အို ရှင်ဘုရင်​တို့​၊ နားထောင်​ကြ​လော့​။ အို အုပ်ချုပ်​သူ​တို့​၊ အာရုံစိုက်​ကြ​လော့​။ ငါ​သည် ထာဝရဘုရား​ထံ ကိုယ်တိုင်ကိုယ်ကျ သီချင်းဆို​မည်​၊ ငါ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​ကို သီဆိုချီးမွမ်း​မည်​။ 4အို ထာဝရဘုရား​၊ ကိုယ်တော်​သည် စိရ​တောင်​ပေါ်မှ ကြွ​တော်မူ​သောအခါ​၊ ဧဒုံ​ပြည်​မှ ချီ​တော်မူ​သောအခါ မြေကြီး​တုန်ခါ​ပါ​၏​၊ ကောင်းကင်​မှ မိုးရွာသွန်း​ပါ​၏​၊ တိမ်တိုက်​မှ​လည်း မိုးရွာသွန်း​ပါ​၏​။ 5တောင်​များ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် တုန်လှုပ်​ကြ​ပါ​၏​။ သိနာ​တောင်​ပင်လျှင် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် တုန်လှုပ်​ရ​ပါ​၏​။ 6အာနတ်​၏​သား ရှံဂါ​လက်ထက်​၊ ယေလ​လက်ထက်​တို့​၌ လမ်းမ​တို့​သည် ဆိတ်ညံ​လေ​ပြီ​။ သွားလာ​သော​သူ​တို့​သည် လမ်းကြိုလမ်းကြား​တို့​၌​သာ သွားလာ​ကြ​ရ​ပြီ​။
7ငါ​ဒေဗောရ​မ​ပေါ်ထွန်း​မီ​၊ အစ္စရေး​လူမျိုး​၏​မိခင် ငါ​ဒေဗောရ​မ​ပေါ်ထွန်း​မီ အစ္စရေး​ကျေးလက်တောရွာ​တို့​သည် ဆိတ်ညံ​လျက်​ရှိ​၏​။ 8သူ​တို့​သည် ဘုရား​အသစ်​တို့​ကို​ရွေးချယ်​ကြ​သောအခါ မြို့​တံခါး​များ​၌ စစ်​ဖြစ်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​၌ လူ​လေးသောင်း​တွင် ဒိုင်း​တစ်​ခု​၊ လှံ​တစ်စင်း​မျှ​မ​တွေ့​ရ​။ 9ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ အစ္စရေး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​၊ လူ​တို့​နှင့်အတူ အသက်စွန့်​တိုက်ပွဲဝင်​ကြ​သော​သူ​များ​အတွက် ငါ​ဂုဏ်ယူ​၏​။ 10သားရေကုန်းနှီး#5:10 သို့မဟုတ် “ကော်ဇော”။​ပေါ်​ထိုင်​၍ မြည်း​ဖြူ​ကို​စီး​သော​သူ​တို့​နှင့် လမ်း​၌​သွားလာ​သော​သူ​တို့​၊ စဉ်းစားဆင်ခြင်​ကြ​လော့​။ 11ရေတွင်း​နားတွင် သီချင်းဆိုသူ#5:11 သို့မဟုတ် “လေးသမားတို့၏အသံ” သို့မဟုတ် “လက်ရဥစ္စာခွဲဝေသူတို့၏အသံ”။​တို့​က ထာဝရဘုရား​သည်​ဖြောင့်မတ်​သော​အမှု​ကို ပြု​တော်မူ​ကြောင်း​၊ အစ္စရေး​တောသူတောင်သား​တို့​အား ဖြောင့်မတ်​စွာ​ပြု​တော်မူ​ကြောင်း​ကို သီဆို​ကြ​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​သည် မိမိ​တို့​မြို့​တံခါး​သို့ ပြန်လာ​ကြ​လိမ့်မည်​။ 12အို ဒေဗောရ​၊ နိုး​လော့​၊ နိုး​လော့​။ နိုးထ​ပြီး သီချင်းဆို​လော့​။ အို အဘိနောင်​၏​သား​ဗာရက်​၊ ထ​လော့​။ သုံ့ပန်း​များ​ကို ထုတ်ဆောင်​သွား​လော့​။ 13ကြွင်းကျန်​သော​သူ​တို့​သည် ခေါင်းဆောင်​တို့​ထံသို့ ဆင်းလာ​ကြ​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​သည် သူရဲကောင်း​များ​နှင့်အတူ ငါ့​ထံသို့ ဆင်းလာ​ကြ​၏​။ 14အို ဗင်္ယာမိန်​၊ အာမလက်​ပြည်​၌ အခြေချ​နေထိုင်​သော ဧဖရိမ်​အမျိုး​တို့​သည် သင်​၏​လူ​တို့​နှင့်အတူ သင့်​နောက်သို့​လိုက်​ကြ​ပြီ​။ မာခိရ​အမျိုး​ထဲမှ ခေါင်းဆောင်​များ​ဆင်းလာ​ကြ​ပြီ​။ ဇာဗုလုန်​အမျိုး​ထဲမှ စစ်သူကြီး​များ ဆင်းလာ​ကြ​ပြီ​။ 15ဣသခါ​အကြီးအကဲ​တို့​သည် ဒေဗောရ​နှင့်အတူ​လိုက်​ကြ​ပြီ​။ ထိုနည်းတူ ဣသခါ​အမျိုး​သည် ဗာရက်​နောက်​မှ​လိုက်​၍ လွင်ပြင်​သို့ တစ်ဟုန်ထိုး​ချီသွား​ကြ​ပြီ​။ ရုဗင်​အမျိုး​တွင်​မူကား အကြီးအကျယ်​ဝေခွဲမရ ဖြစ်​လေ​ပြီ​။ 16သိုးခြံ​ထဲမှာ အဘယ်ကြောင့် ထိုင်​နေ​သနည်း​။ သိုးထိန်း​တို့​၏​ပလွေသံ​ကို နားထောင်​လို​သောကြောင့်​လော​။ ရုဗင်​အမျိုး​ထဲတွင် အကြီးအကျယ်​ဝေခွဲမရ ဖြစ်​လေ​ပြီ​။ 17ဂိလဒ်​အမျိုး​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌​ပင် နေ​နေ​ကြ​ပါ​သည်​တကား​။ ဒန်​အမျိုး​ကား အဘယ်ကြောင့် သင်္ဘော​များ​ပေါ်၌ နေရစ်​ရ​သနည်း​။ အာရှာ​အမျိုး​က​လည်း ပင်လယ်​ကမ်းခြေ​၌​သာ ထိုင်​နေ​ကြ​ပါ​သည်​တကား​၊ ပင်လယ်ဆိပ်ကမ်း​၌​သာ နေထိုင်​ကြ​ပါ​သည်​တကား​။ 18ဇာဗုလုန်​လူမျိုး​ကား မိမိ​တို့​အသက်​နှင့်​ရင်း​ပြီး​စွန့်စား​ခဲ့​ပြီ​။ နဿလိ​လူမျိုး​လည်း မြင့်သောအရပ်​၌ ထိုနည်းတူ ပြု​ခဲ့​ကြ​ပြီ​။
19ရှင်ဘုရင်​တို့​သည်​လာ​၍ စစ်တိုက်​ကြ​၏​။ ခါနာန်​ဘုရင်​တို့​သည် တာနက်​မြို့​၊ မေဂိဒ္ဒေါ​အိုင်​နား​၌ စစ်တိုက်​ကြ​၏​။ တိုက်ခိုက်​လုယူ​သော​ငွေ​ကို မ​ယူသွား​ကြ​။ 20ကြယ်​တို့​သည် ကောင်းကင်​မှ​စစ်တိုက်​ကြ​ပြီ​။ မိမိ​တို့​ပတ်လမ်း​မှ သိသရ​ကို​စစ်တိုက်​ကြ​ပြီ​။ 21ကိရှုန်​မြစ်​၊ ရှေးကတည်းက​ရှိ​ခဲ့​သော​မြစ်​ဖြစ်​သည့်​ကိရှုန်​မြစ်​သည် သူ​တို့​ကို တိုက်ချ​သွား​ပြီ​။ အို ငါ့​ဝိညာဉ်​၊ ခွန်အားအပြည့်​နှင့်​ချီတက်​လော့​။ 22စစ်မြင်း​တို့​သည် ကဆုန်ပေါက် ပြေး​နေ​ကြ​ပြီ​။ မြင်းခွာသံ​များ​လည်း ပွက်လောရိုက်​လေ​ပြီ​။ 23ထာဝရဘုရား​၏​ကောင်းကင်တမန်​က ‘​မေရောဇ​မြို့​ကို​ကျိန်ဆဲ​လော့​။ ထို​မြို့​၌​နေထိုင်​သော​သူ​တို့​ကို ကျိန်စာတိုက်​လော့​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​။ သူရဲကောင်း​တို့​နှင့်​တိုက်ခိုက်​သော​ထာဝရဘုရား​ဘက် လာ​မ​ကူ​ကြ​’​ဟု ဆို​၏​။
24ကေနိ​လူမျိုး​၊ ဟေဗာ​၏​မယား ယေလ​သည် အချီးမွမ်း​ထိုက်​ဆုံး​မိန်းမ​ဖြစ်​၏​။ တဲ​၌​နေ​သော​မိန်းမ​တို့​တွင် အချီးမွမ်း​ထိုက်​ဆုံး​မိန်းမ​ဖြစ်​၏​။ 25သိသရ​သည် ရေ​ကို​တောင်း​သောအခါ နွားနို့​ကို​ပေး​၏​။ တော်ဝင်​ခွက်​ဖြင့် နို့ဓမ်း​ကို ယူလာ​ပေး​၏​။ 26သူ့​လက်​ဖြင့်​တဲငုတ်တိုင်​ကို ယူ​၏​။ လက်ယာ​လက်​၌​ကိုင်​ထား​သော လက်သမား​တူ​ဖြင့် သိသရ​ခေါင်း​ကို ထု​ရိုက်​၏​။ နားထင်​ကို ထိုး​ဖောက်​၏​။ 27သိသရ​သည် ယေလ​ခြေရင်း​၌ မလှုပ်မယှက်​လဲလျောင်း​နေ​၏​။ လဲလျောင်း​သော​နေရာ​၌ပင် သေဆုံး​လေ​၏​။ 28သိသရ​၏​မိခင်​သည် ရာဇမတ်ကွက်​ပြတင်းပေါက်​မှ​မျှော်ကြည့်​၍ ‘​ငါ့​သား​၏​စစ်ရထား​သည် အဘယ်ကြောင့် မ​ပြန်လာ​သေး​ဘဲ ကြန့်ကြာ​နေ​ရ​သနည်း​။ ရထားဘီး​သည် အဘယ်ကြောင့် နှေး​နေ​ရ​သနည်း​’​ဟု ငိုကြွေးမြည်တမ်း​လေ​၏​။ 29ဉာဏ်ပညာ​ရှိ​သော​နန်းတွင်းသူ​တို့​က သူ့​အား​ပြန်လျှောက်​သကဲ့သို့ သူ​ကိုယ်တိုင်​လည်း ဤသို့ တွေး​မိ​၏​။ 30‘​ယောက်ျား​တစ်​ယောက်​အတွက် မိန်းမပျို​တစ်​ယောက်​၊ နှစ်​ယောက်​၊ သိသရ​အတွက် တိုက်ခိုက်လုယူ​သော​ပစ္စည်း​ထဲမှ ရောင်စုံ​အဝတ်အစား​၊ ငါ့​အတွက် ရောင်စုံပန်းထိုး​အဝတ်အစား​၊ ရောင်စုံပန်းထိုး​လည်စည်း စသည်​တို့​ကို​ခွဲဝေ​နေ​ကြ​ခြင်း​သာ​ဖြစ်​မည်​’​ဟူ၍ ဖြစ်​၏​။
31အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ရန်သူ​အလုံးစုံ ပျက်စီး​ကြ​ပါစေ​။ ကိုယ်တော့်​ကို​ချစ်​သော​သူ​တို့​မူကား အရှိန်အဝါ​နှင့်​ထွက်လာ​သော​နေမင်း​ကဲ့သို့​ဖြစ်​ပါစေ​”​ဟူ၍ သီဆို​ကြ​၏​။
ထို့နောက်တွင် တိုင်းပြည်​သည် အနှစ်​လေးဆယ်​ပတ်လုံး​ငြိမ်းချမ်း​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in