YouVersion Logo
Search Icon

တရားသူကြီးမှတ်စာ 21

21
ဗင်္ယာမိန်အမျိုးသားတို့အတွက် မိန်းမ
1အစ္စရေး​အမျိုးသား​တို့​က “​ငါ​တို့​သမီးပျို​ကို ဗင်္ယာမိန်​အမျိုးသား​တို့​နှင့် လုံးဝ​မ​ပေးစား​”​ဟု မိဇပါ​မြို့​တွင် ကျိန်ဆို​ကြ​၏​။ 2လူ​တို့​သည် ဗေသလ​မြို့​သို့​လာ​၍ နေဝင်ချိန်​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​တွင် ထိုင်​၍​အော်ဟစ်ငိုကြွေး​လျက် 3“​အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အစ္စရေး​အမျိုးအနွယ်​ထဲတွင် အမျိုး​တစ်​မျိုး​ပျောက်ကွယ်​ရ​မည့်​အဖြစ်မျိုး အဘယ်ကြောင့်​ဖြစ်​ရ​သနည်း​”​ဟု လျှောက်ဆို​ကြ​၏​။ 4နောက်တစ်နေ့​တွင် လူ​တို့​သည် စောစောထ​၍ ထို​နေရာ​တွင် ယဇ်ပလ္လင်​ကို​တည်​ကာ မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ကြ​၏​။ 5အစ္စရေး​အမျိုးသား​တို့​က “​မိဇပါ​မြို့​သို့ မ​လာ​သော​သူ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​”​ဟု တင်းတင်းကျပ်ကျပ်​ကျိန်ဆို​ထား​ကြ​သည်​ဖြစ်၍ “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် ဤ​လူစုဝေးရာ​ထာဝရဘုရား​ထံ​တော်​သို့ မ​လာ​ဘဲ နေ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​၏​။
6အစ္စရေး​အမျိုးသား​တို့​က ဗင်္ယာမိန်​အမျိုးအနွယ်​အတွက် စိတ်မကောင်း​ဖြစ်​၍ “​ယနေ့ အစ္စရေး​အမျိုးအနွယ်​တို့​တွင် အမျိုး​တစ်​မျိုး ဖြတ်တောက်​ခံရ​လေ​ပြီ​။ 7ငါ​တို့​သည် ကိုယ့်​သမီး​ကို သူ​တို့​နှင့်​မ​ပေးစား​နိုင်​ဟု ထာဝရဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​ခဲ့​ပြီ​ဖြစ်၍ ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုးအနွယ်​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ပေး​နိုင်​မည်နည်း​”​ဟု ဆို​ကြ​၏​။ 8သူ​တို့​က “​အစ္စရေး​အမျိုးအနွယ်​တို့​တွင် မည်သူ​သည် မိဇပါ​မြို့​သို့ မ​လာ​ကြ​သနည်း​။ မည်သူ​သည် ထာဝရဘုရား​ရှေ့​တော်​သို့ မ​လာ​ကြ​သနည်း​”​ဟု စစ်ဆေး​မေးမြန်း​ကြ​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်​မျှ လူစုဝေးရာ​စခန်း​သို့ ရောက်​မ​လာ​ကြ​သည်​ကို သိ​ရ​လေ​၏​။ 9လူ​တို့​ကို ရေတွက်​ကြည့်​သောအခါ ယာဗက်​ဂိလဒ်​မြို့သား​တစ်ယောက်မျှ မ​ပါ​သည်​ကို တွေ့​ရ​လေ​၏​။
10ထိုအခါ သူ​တို့​က ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တစ်သောင်းနှစ်ထောင်​ကို စေလွှတ်​၍ “​ယာဗက်​ဂိလဒ်​မြို့သား​တို့​ကို မိန်းမ​ရော ကလေး​ပါ​မ​ကျန် ဓား​နှင့်​သတ်​ပစ်​ရ​မည်​။ 11အထူးသဖြင့် ယောက်ျား​အားလုံး​၊ ယောက်ျား​နှင့်​ဆက်ဆံ​ဖူး​သော​မိန်းမ​အားလုံး​ကို သတ်​ပစ်​ရ​မည်​”​ဟု မှာလိုက်​လေ​၏​။ 12စစ်သူရဲ​တို့​က​လည်း ယာဗက်​ဂိလဒ်​မြို့​ရှိ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော အပျိုကညာ​မိန်းကလေး​အယောက်​လေး​ရာ​ကို ခါနာန်​ပြည်​၊ ရှိလော​တပ်စခန်း​သို့ ခေါ်ဆောင်​လာ​ကြ​၏​။ 13ထို့နောက် လူ​အစုအဝေး​အပေါင်း​တို့​သည် ရိမ္မုန်​ကျောက်ဆောင်​တွင် နေ​သော​ဗင်္ယာမိန်​အမျိုးသား​တို့​ထံ စစ်ပြေငြိမ်း​ပြီ​ဖြစ်ကြောင်း အကြောင်းကြား​လိုက်​၏​။ 14ဗင်္ယာမိန်​အမျိုးသား​တို့ ပြန်လာ​သောအခါ အစ္စရေး​အမျိုးသား​တို့​သည် ယာဗက်​ဂိလဒ်​မြို့​မှ​ခေါ်လာ​သော​အသက်ရှင်​ကျန်ရစ်​သူ​အမျိုးသမီး​တို့​နှင့် သူ​တို့​ကို​ပေးစား​၏​။ သို့သော် မ​လုံ​မ​လောက် ဖြစ်​လေ​၏​။
15ဤသို့ ထာဝရဘုရား​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ အမျိုး​တစ်မျိုး​ကို ပြတ်တောက်​သွား​စေ​သောကြောင့် ဗင်္ယာမိန်​အမျိုး​အတွက် လူ​တို့​စိတ်မကောင်း​ဖြစ်​ကြ​၏​။ 16လူထု​အကြီးအကဲ​တို့​က​လည်း “​ဗင်္ယာမိန်​သမီးပျို​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ထဲသို့ ပါသွား​ကြ​ပြီ​ဖြစ်၍ ကျန်ခဲ့​သော​ဗင်္ယာမိန်​အမျိုးသား​တို့ အိမ်ထောင်ပြု​ရန် မည်သို့​ကူညီ​ရ​မည်နည်း”​ဟု ဆို​၏​။ 17တစ်ဖန် သူ​တို့​က “အစ္စရေး​အမျိုးအနွယ်​ထဲမှ အမျိုး​တစ်မျိုး​မ​ပျောက်ပျက်​စေရန် အသက်ရှင်​ကျန်ရစ်​သော​ဗင်္ယာမိန်​အမျိုး​ထဲ​တွင် အမွေခံ​ရှိ​ရ​မည်​။ 18ငါ​တို့​မူကား ‘​ကိုယ့်​သမီး​ကို ဗင်္ယာမိန်​အမျိုး​တို့​နှင့် ပေးစား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​’​ဟု အစ္စရေး​အမျိုးသား​တို့ ကျိန်ဆို​ထား​ပြီ​ဖြစ်၍ ငါ​တို့​သမီး​များ​ကို သူ​တို့​နှင့် ပေးစား​၍​မ​ရ”​ဟု ဆို​၏​။ 19တစ်ဖန် သူ​တို့​က “ကြည့်​ပါ​။ ဗေသလ​မြို့​မြောက်ဘက်​၊ ဗေသလ​မြို့​မှ​ရှေခင်​မြို့​သို့​တက်သွား​သော​လမ်း​အရှေ့ဘက်​၊ လေဗောန​မြို့​တောင်ဘက်​တွင်​ရှိ​သော ရှိလော​မြို့​၌ နှစ်စဉ် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​လေ့​ရှိ​၏​”​ဟု ဆို​၍
20ဗင်္ယာမိန်​အမျိုးသား​တို့​ကို ခေါ်​ပြီး “​သွား​ကြ​။ စပျစ်ခြံ​များ​၌ ပုန်း​၍​စောင့်​နေ​ကြ​။ 21ရှိလော​သမီးပျို​တို့​ထွက်လာ​၍ ကခုန်​ကြ​သောအခါ သင်​တို့​လည်း စပျစ်ခြံ​တို့​မှ ထွက်လာ​၍ ရှိလော​သမီးပျို​တို့​ကို ကိုယ့်​မယား​အဖြစ် ဖမ်းဆီး​၍ ဗင်္ယာမိန်​ပြည်​သို့ ပြန်သွား​လော့​။ 22သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။
23ဗင်္ယာမိန်​အမျိုးသား​တို့​လည်း ထိုသို့ ပြု​ကြ​၏​။ သူ​တို့​၌​လို​နေ​သော​မိန်းမ​အရေအတွက်​အတိုင်း ကပွဲ​လာ​အမျိုးသမီး​တို့​ကို ဖမ်းဆီး​ခေါ်ဆောင်​သွား​ကြ​၏​။ သူ​တို့​အမွေမြေ​သို့​ပြန်​သွား​၍ မြို့ရွာ​များ​ကို​တည်​ပြီး နေထိုင်​ကြ​၏​။ 24အစ္စရေး​အမျိုးသား​တို့​လည်း ထို​နေရာ​မှ ကိုယ့်​အမျိုး​၊ ကိုယ့်​အနွယ်​အလိုက် အမွေခံရာမြေ​သို့ အသီးသီး​ပြန်သွား​ကြ​၏​။
25ထို​ကာလ​တွင် အစ္စရေး​လူမျိုး​တို့​၌ ရှင်ဘုရင်​မ​ရှိ​။ လူ​တိုင်း မှန်​သည်​ဟု​ထင်​သည့်​အတိုင်း ပြု​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in