YouVersion Logo
Search Icon

တရားသူကြီးမှတ်စာ 2

2
အပြစ်နှင့်တရားစီရင်ခြင်းပုံစံ
1ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ဂိလဂါလ​မြို့​မှ ဗောခိမ်​မြို့​သို့​တက်လာ​၍ “​ငါ​သည် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​ပြီး သင်​တို့​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို​ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ဤ​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​ခဲ့​၏​။ ‘​သင်​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ငါ​ချိုးဖောက်​မည်​မ​ဟုတ်​။ 2သင်​တို့​သည် ဤ​ပြည်သား​တို့​နှင့်​ပဋိညာဉ်​မ​ဖွဲ့​ရ​။ သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို​ဖြိုဖျက်​ရ​မည်​’​ဟု ငါ​ဆို​ခဲ့​၏​။ သို့သော် သင်​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​ကြ​၊ အဘယ်ကြောင့် ထိုသို့ ပြု​ကြ​သနည်း​။ 3ထို့ကြောင့် ‘​ထို​ပြည်သား​တို့​ကို သင်​တို့​၏​ရှေ့​မှ ငါ​မ​နှင်ထုတ်​။ သူ​တို့​သည် သင်​တို့​၏​နံဘေး​၌ ဆူး​ကဲ့သို့​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​ဘုရား​တို့​သည်​လည်း သင်​တို့​၌ ထောင်ချောက်​ကဲ့သို့​ဖြစ်​လိမ့်မည်​’​ဟု ငါ​ဆို​ပြီ​”​ဟူ၍ မိန့်ဆို​၏​။ 4ထိုသို့ ထာဝရဘုရား​၏​ကောင်းကင်တမန် မိန့်ဆို​သောအခါ အစ္စရေး​အမျိုးသား​အပေါင်း​တို့ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ 5ထို​အရပ်​ကို ဗောခိမ်#2:5 “အော်ဟစ်ငိုကြွေးသူများ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​အမည်​မှည့်ခေါ်​၍ ထို​အရပ်​၌ ထာဝရဘုရား​အား ယဇ်ပူဇော်​ကြ​၏​။
ယောရှုသေဆုံးခြင်း
6ယောရှု​သည် အစ္စရေး​အမျိုးသား​တို့​ကို ပြန်လွှတ်​လိုက်​သောအခါ သူ​တို့​သည် မိမိ​အမွေ​မြေ​ကို သိမ်းပိုက်​ရန် အသီးသီး သွား​ကြ​၏​။ 7အစ္စရေး​လူမျိုး​တို့​သည် ယောရှု​အသက်ရှင်​စဉ်​ကာလ​ပတ်လုံး​တွင်​လည်းကောင်း​၊ ယောရှု​သေဆုံး​သွား​ပြီးနောက် အသက်ရှင်​ကျန်ရစ်​သေး​သော​သူ​များ​ဖြစ်​သည့် အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​သော​ကြီးမြတ်​သည့်​အမှု​ရှိသမျှ​တို့​ကို သိမြင်​ခဲ့​ရ​သော​သက်ကြီးဝါကြီး​တို့​လက်ထက်​တွင်​လည်းကောင်း ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။
8ထာဝရဘုရား​၏​အစေအပါး နုန်​၏​သား​ယောရှု​သည် အသက်​တစ်ရာ့​တစ်ဆယ်​တွင် သေဆုံး​လေ​၏​။ 9ဂါရှ​တောင်​၏​မြောက်ဘက်​၊ ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ သူ​အမွေ​မြေ​ရ​ထား​သော တိမနသေရ​မြို့​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။ 10ယောရှု​လက်ထက်​မျိုးဆက်​တစ်ဆက်လုံး သေဆုံး​၍​ဘိုးဘေး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ ထို​မျိုးဆက်​ပြီးမှ ထာဝရဘုရား​ကို မ​သိ​သော​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို​မ​သိ​သော နောက်​မျိုးဆက်​တစ်ဆက် ပေါ်လာ​၏​။
11အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။ 12သူ​တို့​သည် အီဂျစ်​ပြည်​မှ မိမိ​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ပြီး မိမိ​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​များ​ကို​ရှိခိုးကိုးကွယ်​ခြင်း​ဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​ကြ​၏​။ 13သူ​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ ဗာလ​ဘုရား​နှင့် အာရှတရက်​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။
14ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။ 15ထာဝရဘုရား ကျိန်ဆို​မိန့်မြွက်​သည့်​အတိုင်း သူ​တို့ စစ်ချီ​လေရာရာ​၌ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​အပေါ် ကျရောက်​သဖြင့် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​၍ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။
16ထို့နောက်မှ ထာဝရဘုရား​သည် တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်တင်​ပေး​မည့် တရားသူကြီး​များ​ကို ပေါ်ထွန်း​စေ​တော်မူ​၏​။ 17သို့သော် သူ​တို့​သည် တရားသူကြီး​တို့​၏​စကား​ကို နား​မ​ထောင်​၊ အခြား​ဘုရား​များ​ကို ရှိခိုးကိုးကွယ်​လျက် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဘိုးဘေး​တို့ နာခံ​လိုက်လျှောက်​ခဲ့​ကြ​သော​ထာဝရဘုရား​၏​ပညတ်တရား​လမ်း​မှ အလျင်အမြန်​လမ်း​လွဲသွား​ကြ​၏​။ ထို​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​။ 18ထာဝရဘုရား​သည် သူ​တို့​အဖို့ တရားသူကြီး​ကို ပေါ်ထွန်း​စေ​ပြီ​ဆိုလျှင် ထို​တရားသူကြီး​နှင့် ထာဝရဘုရား​အတူ​ရှိ​တော်မူ​၍ ထို​တရားသူကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​ပေး​တော်မူ​၏​။ အကြောင်းမှာ သူ​တို့ ညှဉ်းဆဲ​ခံရ​ချိန်​၊ ဒုက္ခရောက်​ချိန်​တွင် ညည်းတွား​မြည်တမ်း​ကြ​သဖြင့် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ 19သို့သော် ထို​တရားသူကြီး သေလွန်​သွား​သောအခါ သူ​တို့​သည် အခြား​ဘုရား​များ​ဘက်​သို့​ပြန်လှည့်​၍ ထို​ဘုရား​များ​နောက်သို့​လိုက်​လျက် ထို​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​ပြန်​၏​။ ဘိုးဘေး​တို့​ထက် သာ၍​အကျင့်ပျက်ပြား​ကြ​၏​။ သူ​တို့​၏​အကျင့်စရိုက်​၊ ဆိုးညစ်​သော​အပြုအမူ​များ​ကို မ​စွန့်ပစ်​ကြ​။
20ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​သဖြင့် “​ဤ​လူမျိုး​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ဘိုးဘေး​တို့​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​သောကြောင့် 21ယောရှု​သေလွန်​ပြီးမှ သူ​တို့​ထဲတွင် ကျန်​နေ​ခဲ့​သော​မည်သည့်​လူမျိုးခြား​ကို​မျှ သူ​တို့​ရှေ့​မှ ငါ​နှင်ထုတ်​တော့​မည်​မ​ဟုတ်​။ 22အစ္စရေး​လူမျိုး​တို့​သည် ဘိုးဘေး​တို့​ကဲ့သို့ ထာဝရဘုရား​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို သိရှိ​ရန် ဤ​လူမျိုးခြား​များ​ဖြင့် သူ​တို့​ကို စမ်းသပ်​မည်​”​ဟု မိန့်​တော်မူ​၏​။ 23ဤသို့ဖြင့် ထာဝရဘုရား​သည် ဤ​လူမျိုးခြား​တို့​ကို ယောရှု​လက်​သို့ မ​အပ်​၊ ချက်ချင်း​မ​နှင်ထုတ်​ဘဲ နေ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in