YouVersion Logo
Search Icon

တရားသူကြီးမှတ်စာ 12

12
ဧဖရိမ်အမျိုးသားတို့နှင့် အငြင်းပွားခြင်း
1ဧဖရိမ်​အမျိုးသား​တို့​သည် ဇာဖုန်​မြို့​သို့ စုရုံး​ချီတက်​လာ​ပြီး ယေဖသ​အား “​သင်​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​သောအခါ ငါ​တို့​ကို အဘယ်ကြောင့်​မ​ခေါ်​သနည်း​။ ယခု သင်​နှင့်​သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​”​ဟု ပြော​ကြ​၏​။
2ယေဖသ​က​လည်း သူ​တို့​အား “​ငါ​နှင့်​ငါ့​လူ​တို့ အမ္မုန်​အမျိုးသား​တို့​နှင့် ပြင်းထန်​စွာ​ခိုက်ရန်ဖြစ်ပွား​ခဲ့​စဉ်က သင်​တို့​ကို ငါ​ခေါ်​သော်လည်း သင်​တို့​သည် ငါ့​ကို သူ​တို့​လက်​မှ မ​ကယ်​ကြ​ပေ​။ 3သင်​တို့​မ​ကယ်​ကြောင်း သိ​သောအခါ ငါ​သည်​အသက်​ကို​စွန့်​၍ အမ္မုန်​အမျိုးသား​တို့​ထံ ကူးသွား​၏​။ ထာဝရဘုရား​က​လည်း ထို​သူ​တို့​ကို ငါ့​လက်​သို့​အပ်​တော်မူ​၏​။ ယနေ့ သင်​တို့​သည် အဘယ်ကြောင့် ငါ့​ကို လာ​တိုက်​ကြ​သနည်း​”​ဟု ပြန်ပြော​၏​။
4ထို့နောက် ယေဖသ​သည် ဂိလဒ်​ပြည်သား​အပေါင်း​တို့​ကို စုရုံး​၍ ဧဖရိမ်​အမျိုးသား​တို့​ကို တိုက်ခိုက်​လေ​၏​။ “​ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​ပြည်​၊ မနာရှေ​ပြည်​တို့​မှ ထွက်ပြေး​လာ​သော​ဝရမ်းပြေး​များ​သာ​ဖြစ်​သည်​”​ဟု ဆို​သောကြောင့် ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​အမျိုးသား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။ 5ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​တို့​ပိုင်​သော​ဂျော်ဒန်​မြစ်ရေတိမ်ပိုင်း​တို့​ကို သိမ်းပိုက်​ပြီး​ဖြစ်၍ ထို​နေရာ​သို့ ဧဖရိမ်​အမျိုးသား​တစ်ယောက်ယောက်​က ထွက်ပြေး​လာ​ပြီး “​အကျွန်ုပ် ဖြတ်ကူး​ပါရစေ​”​ဟု ဆို​လျှင် ဂိလဒ်​ပြည်သား​တို့​က “​သင်​သည် ဧဖရိမ်​အမျိုးသား​လော​”​ဟု မေး​၍ သူ​က “​မ​ဟုတ်​ပါ​”​ဟု ဖြေ​လျှင် 6သူ​တို့​က “​ရှိဗောလက်​”​ဟု ဆို​ခိုင်း​သည်​ကို ထို​သူ​က အသံထွက်​မ​မှန်​ဘဲ “​သိဗောလက်​”​ဟု အသံထွက်​မိ​လျှင် သူ့​ကို​ဖမ်း​၍ ဂျော်ဒန်​မြစ်ရေတိမ်ပိုင်း​၌ပင် သတ်​ပစ်​၏​။ ထိုစဉ်က ဧဖရိမ်​အမျိုးသား​တို့ လေးသောင်း​နှစ်ထောင် ကျဆုံး​လေ​၏​။
7ယေဖသ​သည် အစ္စရေး​လူမျိုး​တို့​ကို ခြောက်​နှစ်​စီရင်အုပ်ချုပ်​၏​။ ထို့နောက် ဂိလဒ်​ပြည်သား​ယေဖသ​သည် သေဆုံး​သဖြင့် ဂိလဒ်​ပြည်​ရှိ​သူ့​နေရင်းမြို့​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။
ဣဗဇန်
8ယေဖသ​သေဆုံး​ပြီး​နောက်တွင် ဗက်လင်​မြို့သား ဣဗဇန်​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ 9ထို​သူ​၌ သား​အယောက်​သုံးဆယ်​၊ သမီး​အယောက်​သုံးဆယ်​ရှိ​၏​။ သူ​သည် သမီး​အယောက်​သုံးဆယ်​ကို အခြား​မျိုးနွယ်စု​တို့​နှင့်​ပေးစား​ပြီး သား​အယောက်​သုံးဆယ်​အတွက် အခြား​မျိုးနွယ်စု​မှ အမျိုးသမီး​အယောက်​သုံးဆယ်​ကို ခေါ်ဆောင်​လာ​ပေး​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ခုနစ်​နှစ်​စီရင်အုပ်ချုပ်​၏​။ 10ထို့နောက် ဣဗဇန်​သေဆုံး​၍ သူ့​ကို ဗက်လင်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။
11ဣဗဇန်​သေဆုံး​ပြီးနောက် ဇာဗုလုန်​အမျိုး ဧလုန်​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ဆယ်​နှစ်​စီရင်အုပ်ချုပ်​၏​။ 12ထို့နောက် ဇာဗုလုန်​အမျိုး​ဧလုန် သေဆုံး​၍ သူ့​ကို ဇာဗုလုန်​နယ်မြေ​ရှိ အာယလုန်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။
13ဧလုန်​သေဆုံး​ပြီး​နောက်တွင် ပိရသုန်​မြို့သား​၊ ဟိလေလ​၏​သား အာဗဒုန်​သည် အစ္စရေး​လူမျိုး​တို့​ကို စီရင်အုပ်ချုပ်​၏​။ 14ထို​သူ​၌ မြည်း​အကောင်​ခုနစ်ဆယ်​ကို ကိုယ်စီ​စီး​ခွင့်​ရှိ​သော သား​အယောက်​လေးဆယ်​၊ မြေး​အယောက်​သုံးဆယ် ရှိ​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို ရှစ်​နှစ်​စီရင်အုပ်ချုပ်​၏​။ 15ထို့နောက် ပိရသုန်​မြို့သား​၊ ဟိလေလ​၏​သား အာဗဒုန်​သည် သေဆုံး​၍ သူ့​ကို ဧဖရိမ်​နယ်မြေ​၊ အာမလက်​တောင်ပေါ်ဒေသ​ရှိ ပိရသုန်​မြို့​တွင် သင်္ဂြိုဟ်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in