YouVersion Logo
Search Icon

ရှင်ယာကုပ်ဩဝါဒစာ 1

1
နှုတ်ခွန်းဆက်ခြင်း
1ဘုရားသခင်​နှင့်​သခင်​ယေရှု​ခရစ်တော်​၏​ကျွန် ငါ​ယာကုပ်​သည် အရပ်ရပ်​တို့​၌​ကွဲလွင့်​ပျံ့နှံ့​နေ​သော မျိုးနွယ်စု​တစ်ဆယ့်နှစ်​စု​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။
စုံစမ်းနှောင့်ယှက်ခြင်းများနှင့်ရင့်ကျက်ခြင်း
2ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် အမျိုးမျိုး​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့် ကြုံတွေ့​ရ​သောအခါ ဝမ်းမြောက်​စရာ​သက်သက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။ 3အကြောင်းမူကား သင်​တို့​၏​ယုံကြည်​ခြင်း​ကို​စစ်ကြော​စုံစမ်း​ခြင်း​သည် သည်းခံ​ခြင်း​ကို​ဖြစ်ပေါ်​စေ​ကြောင်း သင်​တို့​သိ​ကြ​၏။ 4သင်​တို့​သည် မည်သည့်​ချို့တဲ့​မှု​မျှ​မ​ရှိ​ဘဲ ရင့်ကျက်​၍​ပြည့်စုံ​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ထို​သည်းခံ​ခြင်း​စုံလင်​သည့်​တိုင်အောင် ပြုစု​ကြ​လော့။ 5သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။ 6သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။ 7ထို​သူ​သည် ထာဝရ​ဘုရား​ထံ​တော်​မှ တစ်စုံတစ်ခု​ကို​ရ​လိမ့်မည်​ဟု မ​ထင်မှတ်​စေ​နှင့်။ 8ထိုသို့​သော​သူ​သည် စိတ်နှစ်ခွ​ရှိ​၍ မိမိ​ပြု​လေ​သမျှ​တို့​၌ တည်ကြည်​မှု​မ​ရှိ​သော​သူ​ဖြစ်​၏။
9နိမ့်ပါး​သည့်​အခြေအနေ​၌​ရှိ​သော​ညီအစ်ကို​သည် မိမိ​ချီးမြှောက်​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။ 10ချမ်းသာ​သော​သူ​သည် မိမိ​နှိမ့်ချ​ခြင်း​ခံရ​သောအခါ ဂုဏ်ယူ​ဝမ်းမြောက်​စေ။ အကြောင်းမူကား ချမ်းသာ​သော​သူ​သည် မြက်​ပွင့်​ကဲ့သို့ ကွယ်ပျောက်​သွား​လိမ့်မည်။ 11နေ​သည် အပူရှိန်​နှင့်တကွ​ထွက်လာ​သောအခါ မြက်​ပင်​ကို ညှိုးနွမ်း​ခြောက်သွေ့​စေ​တတ်​၏။ ထိုအခါ မြက်​ပွင့်​သည်​ကြွေ​၍ ၎င်း​၏​တင့်တယ်​သော​အဆင်း​သည်​ပျက်စီး​သွား​၏။#၁ပေ 1:24၊ ဟေရှာ 40:6-8။ ထိုနည်းတူ ချမ်းသာ​သော​သူ​သည်​လည်း မိမိ​၏​စီးပွား​ရှာဖွေ​မှု​အလယ်​၌​ပင် မှေးမှိန်​ကွယ်ပျောက်​သွား​လိမ့်မည်။
12စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သည်းခံ​သော​သူ​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား စုံစမ်း​စစ်ဆေး​ခြင်း​ကို​အောင်မြင်​သောအခါ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော အသက်​သရဖူ​ကို ရ​လိမ့်မည်။
13ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံရ​သည့်​အခါ “ဘုရားသခင်​သည် ငါ့​ကို​ဖြားယောင်း​သွေးဆောင်​သည်”​ဟု မည်သူမျှ မ​ပြော​နှင့်။ အကြောင်းမူကား မကောင်းမှု​သည် ဘုရားသခင်​ကို မ​သွေးဆောင်​နိုင်​ရာ။ ကိုယ်တော်​သည်​လည်း မည်သူ့​ကို​မျှ ဖြားယောင်း​သွေးဆောင်​တော်​မ​မူ။ 14လူ​သည် မိမိ​တပ်မက်​ခြင်း​၏​ဆွဲငင်​ရာ​သို့​လိုက်​ပါ​လျက် လှည့်ဖြား​ဆွဲဆောင်​ခြင်း​ခံရ​ကာ ဖြားယောင်း​သွေးဆောင်​ရာ​သို့ ရောက်​တတ်​၏။ 15ထိုအခါ တပ်မက်​ခြင်း​သည် သန္ဓေ​တည်​၍ အပြစ်​ကို​ဖွားမြင်​ပြီး အပြစ်​သည် ကြီးပြင်း​ရင့်မာ​သောအခါ သေ​ခြင်း​ကို​ဖြစ်ပွား​စေ​၏။
16ငါ​ချစ်​သော​ညီအစ်ကို​တို့၊ အယူ​မ​လွဲ​ကြ​နှင့်။ 17ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။#တော 23:19၊ မာလ 3:6။ 18ကိုယ်တော်​သည် မိမိ​ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ငါ​တို့​ကို အသီးဦး​သဖွယ်​ဖြစ်​စေရန် အလို​တော်​ရှိ​သည့်​အတိုင်း သမ္မာတရား​၏​နှုတ်ကပတ်တော်​အားဖြင့် ငါ​တို့​ကို​ဖြစ်ပွား​စေ​တော်မူ​၏။
နှုတ်ကပတ်တော်ကြားနာခြင်းနှင့်လိုက်နာကျင့်သုံးခြင်း
19ငါ​ချစ်​သော​ညီအစ်ကို​တို့၊ ဤ​အချက်​ကို သိမှတ်​ကြ​လော့။ လူ​တိုင်း​သည် ကြားနာ​ခြင်း​အရာ​၌ လျင်မြန်​၍ စကား​ပြော​ခြင်း​နှင့်​အမျက်ထွက်​ခြင်း​အရာ​တို့​၌ နှေးကွေး​ကြ​စေ။ 20အကြောင်းမူကား လူ​၏​အမျက်​ဒေါသ​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​တရား​ကို မ​ဖြစ်ထွန်း​စေ​နိုင်​ပေ။ 21ထို့ကြောင့် ညစ်ညူး​ခြင်း​ရှိသမျှ​နှင့် ပြည့်လျှံ​ကဲလွန်​သော​မကောင်းမှု​တို့​ကို ဖယ်ရှား​၍ သင်​တို့​အထဲ၌ ထည့်သွင်း​ထား​သော​နှုတ်ကပတ်တော်​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့်​ခံယူ​ကြ​လော့။ ထို​နှုတ်ကပတ်တော်​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​ကို ကယ်တင်​နိုင်​၏။
22နှုတ်ကပတ်တော်​ကို လိုက်နာ​ကျင့်သုံး​သော​သူ​များ​ဖြစ်​ကြ​လော့။ မိမိတို့ကိုယ်ကို​လှည့်စား​၍ ကြားနာ​သူ​သက်သက်​မ​ဖြစ်​ကြ​နှင့်။ 23မည်သူမဆို နှုတ်ကပတ်တော်​ကို ကြားနာ​သော်လည်း လိုက်နာ​ကျင့်သုံး​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​၏​ပကတိ​မျက်နှာ​ကို မှန်​ထဲ၌​ကြည့်​သော​သူ​နှင့်​တူ​၏။ 24အကြောင်းမူကား သူ​သည် မိမိကိုယ်ကို​ကြည့်​ပြီး ထွက်ခွာ​သွား​သည်​နှင့် မိမိ​သည် မည်သည့်​ပုံသဏ္ဌာန်​ရှိ​သည်​ကို ချက်ချင်း​မေ့လျော့​သွား​တတ်​၏။ 25သို့သော် လွတ်လပ်​ခြင်း​နှင့်ဆိုင်သော​စုံလင်​သည့်​တရား​တော်​ကို သေချာ​စွာ​ကြည့်ရှု​လျက် စောင့်ထိန်း​သော​သူ​သည် ကြားနာ​၍​မေ့လျော့​တတ်​သူ​မ​ဟုတ်​ဘဲ လက်တွေ့​လိုက်နာ​ကျင့်သုံး​သော​သူ​ဖြစ်​၏။ ထို​သူ​သည် မိမိ​ပြု​သော​အမှု​၌ ကောင်းချီး​မင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်။
26တစ်စုံတစ်ယောက်​သည် မိမိ​ကိုယ်​ကို ဘာသာ​တရား​ကိုင်းရှိုင်း​သူ​ဖြစ်​သည်​ဟု ထင်မှတ်​သော်လည်း မိမိ​လျှာ​ကို​မ​ချုပ်တည်း​ဘဲ မိမိ​စိတ်နှလုံး​ကို​လှည့်ဖြား​လျှင် ထို​သူ​၏​ဘာသာ​တရား​ကိုင်းရှိုင်း​မှု​သည် အချည်းနှီး​ဖြစ်​၏။ 27ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ စင်ကြယ်​၍​ညစ်ညူး​ခြင်း​ကင်း​သော ဘာသာ​တရား​ကိုင်းရှိုင်း​မှု​ဟူသည်မှာ ဆင်းရဲ​ဒုက္ခ​ခံရ​သော မိဘမဲ့​ကလေး​နှင့်​မုဆိုးမ​တို့​ကို ကြည့်ရှု​ခြင်း၊ လောကီ​အညစ်အကြေး​တို့​နှင့်​ကင်းစင်​စေရန် မိမိကိုယ်ကို​စောင့်ထိန်း​ခြင်း​တို့​ပင်​ဖြစ်​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in