YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 43

43
အစ္စရေးလူမျိုးကိုပြန်လည်စုစည်းခြင်း
1အို ယာကုပ်​အမျိုး​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ အို အစ္စရေး​လူမျိုး​၊ သင့်​ကို​ပုံဖော်ဖန်ဆင်း​သော​အရှင်​ထာဝရဘုရား​က “​မ​ကြောက်​နှင့်​။ သင့်​ကို ငါ​ရွေးနုတ်​ပြီ​။ သင့်​ကို အမည်​ဖြင့် ငါ​ခေါ်​ပြီ​။ သင့်​ကို ငါ​ပိုင်​ပြီ​။ 2သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။ 3အကြောင်းမူကား ငါ​သည် သင်​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​ဘုရား​ဖြစ်​၏​။ သင်​၏​ကယ်တင်ရှင်​ဖြစ်​၏​။ သင့်​ကို ရွေးနုတ်စရာ​အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို​လည်းကောင်း​၊ သင့်​ကိုယ်စား အီသီယိုးပီးယား​ပြည်​နှင့် သေဘ​ပြည်​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​၏​။ 4ငါ့​အဖို့ သင်​သည် အဖိုးတန်​၏​။ သင်​သည် ဂုဏ်သရေ​ရှိ​၏​။ ငါ​သည် သင့်​ကို​ချစ်​၏​။ ထို့ကြောင့် သင့်​ကိုယ်စား လူ​တို့​ကို​လည်းကောင်း​၊ သင်​၏​အသက်​ကိုယ်စား လူမျိုး​တို့​ကို​လည်းကောင်း ငါ​ပေးအပ်​လိုက်​မည်​။ 5မ​ကြောက်​နှင့်​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ အရှေ့​အရပ်​မှ သင်​၏​အမျိုးအနွယ်​ကို ငါ​ဆောင်​ခဲ့​မည်​။ အနောက်​အရပ်​မှ သင့်​ကို ငါ​စုစည်း​မည်​။ 6မြောက်အရပ်​အား ‘​ပေး​လော့​’​၊ တောင်​အရပ်​အား ‘​မ​ထိန်းချုပ်​ထား​နှင့်​’​ဟု ငါ​ဆို​မည်​။ ဝေး​သော​အရပ်​မှ ငါ့​သား​များ​နှင့် မြေကြီး​စွန်း​မှ ငါ့​သမီး​များ​ကို ခေါ်ဆောင်​ခဲ့​လော့​။ 7သူ​တို့​အားလုံး​ကို ငါ့​နာမ​ဖြင့် ငါ​ခေါ်​၏​။ ငါ​၏​ဘုန်းအသရေ​အတွက် ငါ​ဖန်ဆင်း​၏​။ ငါ​ပုံဖော်ဖန်ဆင်း​၍ ငါ​ဖြစ်တည်​စေ​၏​”​ဟု မိန့်​တော်မူ​၏​။ 8မျက်စိ​ရှိ​သော်လည်း မမြင်​သော​သူ​၊ နား​ရှိ​သော်လည်း မကြား​သော​သူ​တို့​ကို ထုတ်ဆောင်​ခဲ့​လော့​။ 9လူမျိုး​အပေါင်း​တို့​သည် အတူတကွ​စုရုံး​ကြ​၏​။ လူ​တို့​သည် စုဝေး​ကြ​၏​။ သူ​တို့​တွင် မည်သူ​သည် ဤ​အမှု​ကို ပြောကြား​မည်နည်း​။ ယခင်က​ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို ကျွန်ုပ်​တို့​အား မည်သူ ကြားသိ​စေ​မည်နည်း​။ သူ​တို့​မှန်ကန်​ကြောင်း​သက်သေ​ပြ​ရန် သူ​တို့​၏​သက်သေ​များ​ကို ယူဆောင်​လာ​ကြ​ပါစေ​။ လူ​တို့​သည် ကြား​၍ မှန်​သည်​ဟု ပြောဆို​ကြ​ပါစေ​။ 10ထာဝရဘုရား​က “​သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ငါ့​ကို​သိ​၍​ယုံကြည်​မည့်​အကြောင်း​၊ ငါ​သည် ထို​အရှင်​ဖြစ်​သည်​ကို​နားလည်​မည့်​အကြောင်း ငါ​ရွေးချယ်​သော ငါ​၏​အစေအပါး​လည်း​ဖြစ်​ကြ​၏​။ ငါ့​အလျင် မည်သည့်​ဘုရား​မျှ​မ​ရှိ​။ ငါ့​နောက်၌​လည်း မည်သည့်​ဘုရား​မျှ ရှိ​မည်​မ​ဟုတ်​။ 11ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး ကယ်တင်​သော​အရှင်​မ​ရှိ​။#ဟေရှာ 45:18,22၊ 46:9၊ မာ 12:29။ 12ငါ​ကိုယ်တော်တိုင်​ပြောကြား​ခဲ့​ပြီ​၊ ကယ်တင်​ခဲ့​ပြီ​၊ ကြားသိ​စေ​ခဲ့​ပြီ​။ သင်​တို့​တွင်​ရှိ​သော အခြား​ဘုရား​က ပြု​ခဲ့​သည်​မ​ဟုတ်​။ သင်​တို့​သည် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏​။ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ 13ရှေးကာလ​မှစ၍ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ ငါ့​လက်​မှ ကယ်တင်​နိုင်​သော​သူ တစ်ယောက်​မျှ​မ​ရှိ​။ ငါ​ပြု​သော​အမှု​ကို မည်သူ​ပြောင်းပြန်​ဖြစ်စေ​နိုင်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။
ပုန်ကန်တတ်သောအမျိုးဖြစ်သည့်အစ္စရေးလူမျိုးကို ရွေးနုတ်ခြင်း
14အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​၊ သင်​တို့​ကို​ရွေးနုတ်​သော​အရှင် ထာဝရဘုရား​က “​သင်​တို့​အတွက် ဘေဘီလုံ​မြို့​သို့ စစ်သည်​တို့​ကို ငါ​စေလွှတ်​၍ ခါလဒဲ​လူမျိုး​အပါအဝင် ထို​မြို့​၌​ရှိ​သော​လူ​အားလုံး​တို့​ကို မိမိ​တို့​ဂုဏ်ယူ​ရ​သော​သင်္ဘော​ဖြင့် ထွက်ပြေး​စေ​မည်​။ 15ငါ​ထာဝရဘုရား​သည် သင်​တို့​၏​သန့်ရှင်း​သော​အရှင်​၊ အစ္စရေး​လူမျိုး​ကို​ဖန်ဆင်း​သော​အရှင်​၊ သင်​တို့​၏​ရှင်ဘုရင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ 16ပင်လယ်ပြင်​၌ လမ်းမ​ကို​လည်းကောင်း​၊ လှိုင်းထန်​သော​ရေပြင်​၌ လမ်း​ကို​လည်းကောင်း ဖြစ်​စေ​တော်မူ​သော​၊ 17ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က 18“​ယခင်က ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို မ​အောက်မေ့​ကြ​နှင့်​။ လွန်ခဲ့ပြီး​သော​အရာ​တို့​ကို မ​စဉ်းစား​ကြ​နှင့်​။ 19ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။ 20ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။ 21ငါ​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ဖို့​ရန် လူမျိုး​တော်​ကို ငါ​ပုံဖော်ဖန်ဆင်း​ခဲ့​၏​။ 22သို့သော်လည်း အို ယာကုပ်​အမျိုး​၊ သင်​သည် ငါ့​ကို​မ​ခေါ်​။ အို အစ္စရေး​လူမျိုး​၊ သင်​သည် ငါ့​ကို​ငြီးငွေ့​လေ​ပြီ​။ 23သင်​သည် မီးရှို့ရာယဇ်​အတွက် သိုး​ကို ငါ့​ထံသို့​မ​ယူဆောင်​ခဲ့​။ ယဇ်ပူဇော်​ခြင်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ခြင်း​မ​ပြု​။ ငါ​သည် ပူဇော်သက္ကာ​အားဖြင့် သင့်​ကို ဝန်လေး​စေ​သည်​မ​ဟုတ်​။ လော်ဗန်​အားဖြင့်​လည်း သင့်​ကို ပင်ပန်း​စေ​ခဲ့​သည်​မ​ဟုတ်​။ 24သင်​သည် ခါနဲ#43:24 ဟီဘရူးစကားလုံး “ကျူပင်နှင့်တူသောအမွှေးအကြိုင်ပင်တစ်မျိုး”။​ကို ငါ့​အတွက် ငွေ​ဖြင့်​မ​ဝယ်​။ သင့်​ယဇ်ကောင်​တို့​၏​အဆီ​နှင့် ငါ့​အား ကျေနပ်အားရမှု​ကို​မ​ဖြစ်​စေ​။ သင့်​အပြစ်​များ​ဖြင့် ငါ့​ကို​ဝန်လေး​စေ​၏​။ သင့်​ဒုစရိုက်​များ​ဖြင့် ငါ့​ကို​ပင်ပန်း​စေ​၏​။ 25ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။ 26ငါ့​ကို သတိပေး​လော့​။ အတူတကွ တရားဆိုင်​ကြ​စို့​။ သင်​ဖြောင့်မတ်​ကြောင်း တင်ပြ​လော့​။ 27အဦးဆုံး​ဖခင်​သည် အပြစ်ပြု​ခဲ့​ပြီ​။ သင့်​အတွက် ကြားဝင်စေ့စပ်​ပေး​သူ​တို့​သည် ငါ့​ကို​ပြစ်မှား​ကြ​ပြီ​။ 28ထို့ကြောင့် သန့်ရှင်းရာဌာန​၏​အကြီးအကဲ​တို့​ကို ငါ​ရှုတ်ချ​မည်​။ ယာကုပ်​အမျိုး​ကို ကျိန်​ခြင်း​လက်​သို့​၊ အစ္စရေး​လူမျိုး​ကို ကဲ့ရဲ့စော်ကား​ခြင်း​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in