YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 40

40
ဘုရားသခင်၏လူမျိုးတော်အားနှစ်သိမ့်မှုပေးခြင်း
1သင်​တို့​၏​ဘုရားသခင်​က “​ငါ​၏​လူမျိုး​တော်​ကို နှစ်သိမ့်​ပေး​ကြ​။ နှစ်သိမ့်​ပေး​ကြ​”​ဟု မိန့်​တော်မူ​၏​။ 2“​စစ်ပွဲ ပြီးဆုံး​ပြီ​။ ထာဝရဘုရား​၏​လက်​တော်​မှ မိမိ​အပြစ်​အတွက် နှစ်ဆ​ခံယူ​ပြီး​ပြီ​ဖြစ်၍ အပြစ်​လည်း ခွင့်လွှတ်​ခြင်း​ခံရ​ပြီ​”​ဟု ဂျေရုဆလင်​မြို့​အား ကြေညာ​ပြီး နှစ်သိမ့်​ပေး​လော့​။ 3ကြွေးကြော်​သံ​တစ်​ခု​မှာ “​တောကန္တာရ​၌ ထာဝရဘုရား​ကြွ​တော်မူ​မည့်​လမ်း​ကို ပြင်ဆင်​ကြ​လော့​။ သဲကန္တာရ​၌ ငါ​တို့​၏​ဘုရားသခင်​ကြွ​တော်မူ​မည့် လမ်းမကြီး​ကို ဖြောင့်တန်း​စေ​ကြ​လော့​။#မ 3:3၊ မာ 1:3၊ ယော 1:23။ 4ချိုင့်ဝှမ်း​ရှိသမျှ​ကို ဖို့​၍ တောင်ကြီး​တောင်ငယ်​ရှိသမျှ​ကို ဖြို​ရ​မည်​။ မညီညာ​သော​မြေ​သည် ချောမွေ့​၍ ကြမ်းတမ်း​သော​နေရာ​တို့​သည် လွင်ပြင်​ဖြစ်သွား​မည်​။ 5ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် ထင်ရှား​တော်မူ​မည်​။ လူ​အပေါင်း​တို့​သည် အတူတကွ​ဖူးမြင်​ရ​ကြ​လိမ့်မည်​။ အကယ်စင်စစ် ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​ပြီ​”​ဟူ၍​ဖြစ်​၏​။ 6အသံ​တစ်​ခု​က “​ဟစ်ကြော်​လော့​”​ဟု ဆို​လျှင် တစ်ယောက်​က “​မည်သည့်​အရာ​ကို ဟစ်ကြော်​ရ​မည်နည်း​”​ဟု မေး​သော် “​လူ​အပေါင်း​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ သူ​တို့​၏​ကောင်းမြတ်​ခြင်း​ရှိသမျှ​သည်​လည်း ကွင်းပြင်​၌​ရှိ​သော​ပန်းပွင့်​ကဲ့သို့​ဖြစ်​ကြ​၏​။ 7ထာဝရဘုရား​အသက်​ရှူထုတ်​လိုက်​သောအခါ မြက်ပင်​သည် ခြောက်သွေ့​၍ ပန်းပွင့်​သည် ညှိုးနွမ်း​သွား​၏​။ အကယ်စင်စစ် လူ​တို့​သည် မြက်ပင်​ဖြစ်​ကြ​၏​။ 8မြက်ပင်​သည် ခြောက်သွေ့​တတ်​၏​။ ပန်းပွင့်​သည် ညှိုးနွမ်း​တတ်​၏​။ ငါ​တို့​ဘုရားသခင်​၏​နှုတ်ကပတ်တော်​မူကား အစဉ်အမြဲ​တည်​လိမ့်မည်​”#ယာ 1:11။​ဟု ဆို​လေ​၏​။ 9အို ဇိအုန်​တောင်​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ မြင့်မား​သော​တောင်​ပေါ်သို့ တက်​လော့​။ အို ဂျေရုဆလင်​မြို့​၊ ကောင်းမြတ်​သော​သတင်း​ယူဆောင်​လာ​သော​သူ​၊ သင့်​အသံ​ကို အစွမ်း​ကုန်​လွှင့်​လော့​။ အသံ​ကို​လွှင့်​လော့​။ မ​ကြောက်​နှင့်​။ “​ကြည့်ရှု​လော့​။ ဤသည်ကား သင်​တို့​၏​ဘုရားသခင်​ပေတည်း​”​ဟု ယုဒ​မြို့​တို့​အား ပြောကြား​လော့​။ 10ကြည့်ရှု​လော့​။ ဘုရားရှင်​ထာဝရဘုရား​သည် တန်ခိုး​ဖြင့်​ကြွလာ​တော်မူ​၏​။ ကိုယ်တော်​သည် လက်ရုံး​တော်​ဖြင့် အုပ်စိုး​တော်မူ​၏​။ ကြည့်ရှု​လော့​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။#ဟေရှာ 62:11၊ ဗျာ 22:12။ 11ကိုယ်တော်​သည် သိုးထိန်း​ကဲ့သို့ သိုးစု​ကို ထိန်းကျောင်း​တော်မူ​မည်​။ သိုးသငယ်​တို့​ကို လက်ရုံး​တော်​ဖြင့်​စုစည်း​၍ ရင်ခွင်​၌​ပွေ့ပိုက်​တော်မူ​မည်​။ သားငယ်​ရှိ​သော​သိုးမ​တို့​ကို​လည်း ညင်ညင်သာသာ​ပို့ဆောင်​တော်မူ​မည်​။ 12ရေ​ကို လက်ခုပ်​ဖြင့် ခြင်တွယ်​သော​သူ​၊ ကောင်းကင်​ကို လက်​ဖြင့်​တိုင်းထွာ​သော​သူ​၊ မြေမှုန့်​ကို ခြင်တောင်း​ဖြင့်​ချင့်​သော​သူ​၊ တောင်ကြီး​ကို ကတ္တား​ဖြင့်​လည်းကောင်း​၊ တောင်ငယ်​ကို ချိန်ခွင်​ဖြင့်​လည်းကောင်း ချိန်တွယ်​သော​သူ​ကား မည်သူ​နည်း​။ 13ထာဝရဘုရား​၏​ဝိညာဉ်​တော်​ကို မည်သူ​လမ်းညွှန်#40:13 တိုက်ရိုက်ပြန်ဆိုလျှင် “မည်သူတိုင်းတာ”။​နိုင်​သနည်း​။ ကိုယ်တော့်​ကို အကြံပေးသူ​၊ ညွှန်ကြား​သူ​ကား မည်သူ​နည်း​။ 14ကိုယ်တော်​သည် မည်သူ​နှင့်​တိုင်ပင်​တော်မူ​သနည်း​။ အသိဉာဏ်​ကို ကိုယ်တော်​အား မည်သူ​ပေး​သနည်း​။ တရားမျှတ​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ အသိပညာ​ကို ကိုယ်တော်​အား မည်သူ​သင်ကြား​ပေး​သနည်း​။ ထိုးထွင်းသိမြင်​ခြင်း​လမ်း​ကို ကိုယ်တော်​အား မည်သူ​ပြသ​ပေး​သနည်း​။ 15လူမျိုး​တို့​ကို ရေပုံး​ထဲမှ​ရေတစ်စက်​ကဲ့သို့​၊ ချိန်ခွင်​ပေါ်မှ ဖုန်မှုန့်​ကဲ့သို့ ထင်မှတ်​၍ ကျွန်း​တို့​ကို မြူမှုန်​ကဲ့သို့ ကိုင်​တော်မူ​၏​။ 16လက်ဘနွန်​တော​သည် မီးမွှေး​ရန်​မ​လုံလောက်​။ ထို​တော​ရှိ​တောရိုင်းတိရစ္ဆာန်​တို့​သည်​လည်း မီးရှို့ရာယဇ်​အတွက်​မ​လုံလောက်​။ 17လူမျိုး​အားလုံး​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ဘာမျှ​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို အနတ္တသက်သက်​၊ အချည်းနှီးသက်သက်​ထက် သာ၍​ငယ်​သည်​ဟု ထင်မှတ်​တော်မူ​၏​။ 18ဘုရားသခင်​သည် မည်သူ​နှင့်​တူ​သနည်း​။ သင်​သည် ဘုရားသခင်​ကို မည်သည့်​ပုံသဏ္ဌာန်​နှင့် နှိုင်းယှဉ်​မည်နည်း​။ 19ပန်းတဉ်းသမား​သည် ရုပ်တုဆင်းတု​ကို​သွန်းလုပ်​တတ်​၏​။ ပန်းထိမ်သမား​သည်​လည်း ထို​ရုပ်တု​ကို​ရွှေ​ဖြင့်​မွမ်းမံ​ပြီး ငွေ​ဆွဲကြိုး​များ လုပ်ပေး​တတ်​၏​။ 20ဆင်းရဲသား​မူကား မ​ဆွေးမြည့်​နိုင်​သော​သစ်သား​ကို​ရွေးယူ​ပြီးလျှင် မ​လဲ​နိုင်​သော​ရုပ်တု​ကို ထုလုပ်​ပေး​ရန် ကျွမ်းကျင်​သော​ပန်းပုဆရာ​ကို ရှာဖွေ​တတ်​၏​။ 21သင်​တို့​မ​သိ​ကြ​သလော​။ သင်​တို့​မ​ကြား​ဖူး​ကြ​သလော​။ အစအဦး​ကတည်းက သင်​တို့​ကို​မ​ပြောပြ​ခဲ့​ကြ​သလော​။ မြေကြီး​စတည်​ကတည်းက သင်​တို့​နား​မ​လည်​ခဲ့​ကြ​သလော​။ 22ကိုယ်တော်​သည် မြေကြီး​စက်ဝိုင်း​အထက်​တွင် စံပယ်​တော်မူ​၏​။ မြေကြီးသား​တို့​သည် နှံကောင်​သဖွယ်​ဖြစ်​၏​။ မိုးကောင်းကင်​ကို မျက်နှာကြက်​ကဲ့သို့ ဖြန့်ကြက်​တော်မူ​၏​၊ နေစရာ​တဲ​ကဲ့သို့ ဖြန့်​တော်မူ​၏​။ 23အုပ်ချုပ်​သူ​တို့​ကို ဘာမျှမဟုတ်​သော​သူ​များ​၊ မြေကြီး​ပေါ်ရှိ​တရားသူကြီး​တို့​ကို အရာမဝင်သောသူ​များ ဖြစ်စေ​တော်မူ​၏​။ 24သူ​တို့​သည် စိုက်​ခါစ​ပျိုးပင်​၊ ကြဲ​ခါစ​မျိုးစေ့​၊ မြေကြီး​ထဲ၌​အမြစ်​စွဲ​ခါစ​အပင်ပေါက်​ကဲ့သို့​ဖြစ်၍ သူ​တို့​ကို မှုတ်​တော်မူ​သဖြင့် သူ​တို့​သည် ခြောက်သွေ့​သွား​မည်​။ ဖွဲ​ကဲ့သို့ လေပွေ​တိုက်​ရာ လွင့်ပါ​သွား​မည်​။ 25သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ငါ့​ကို မည်သူ​နှင့်​နှိုင်းယှဉ်​မည်နည်း​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​”​ဟု မိန့်​တော်မူ​၏​။ 26အထက်​သို့ မျှော်ကြည့်​ကြ​လော့​။ ကောင်းကင်တန်ဆာ​များ​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ထို​တန်ဆာ​အလုံးအရင်း​ကို အရေအတွက်​အလိုက် ပေါ်ထွက်​စေ​သော​သူ​၊ အလုံးစုံ​ကို အမည်​ဖြင့်​မှည့်ခေါ်​သော​သူ​ပင်တည်း​။ တန်ခိုး​၊ ခွန်အား​ကြီးမား​တော်မူ​သောကြောင့် ကြွင်းကျန်​ခဲ့​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။ 27အို ယာကုပ်​အမျိုး​၊ အို အစ္စရေး​လူမျိုး​၊ “​ထာဝရဘုရား​သည် ငါ့​လမ်း​ကို မမြင်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​အမှု​ကို ဂရုမစိုက်​”​ဟု အဘယ်ကြောင့်​ပြော​ဆို​ရ​သနည်း​။ 28သင်​မ​သိ​သလော​။ သင်​မ​ကြား​ဖူး​သလော​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင်​၊ မြေကြီး​စွန်း​တိုင်အောင် ဖန်ဆင်း​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အားအင်​ကုန်ခန်း​တော်​မ​မူ​။ မောပန်း​တော်​မ​မူ​။ ကိုယ်တော်​၏​ဉာဏ်​ကို စစ်​၍​မ​ကုန်​နိုင်​။ 29ကိုယ်တော်​သည် မောပန်း​သော​သူ​တို့​ကို ခွန်အား​ပေး​တော်မူ​၏​။ အစွမ်း​မ​ရှိ​သော​သူ​တို့​ကို စွမ်းအား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏​။ 30လူငယ်​တို့​ပင်လျှင် အားအင်​ကုန်ခန်း​၍ မောပန်း​ကြ​လိမ့်မည်​။ သန်မာ​သော​လူငယ်​တို့​သည်​လည်း ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ 31ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​တို့​မူကား ခွန်အား​သစ်​နှင့်​ပြည့်​လိမ့်မည်​။ သူ​တို့​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ဖြင့် အထက်​သို့​ပျံတက်​ကြ​လိမ့်မည်​။ ပြေး​သောအခါ မောပန်း​ကြ​မည်​မ​ဟုတ်​။ သွားလာ​သောအခါ​လည်း အားအင်​ကုန်ခန်း​ကြ​မည်​မ​ဟုတ်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in