YouVersion Logo
Search Icon

ဟေရှာယအနာဂတ္တိကျမ်း 36

36
သနာခရိပ်မင်းကြီးက ဟေဇကိမင်းကြီးကို ခြိမ်းခြောက်ခြင်း
1ဟေဇကိ​မင်းကြီး​နန်းစံ​တစ်ဆယ့်​လေး​နှစ်​တွင် အဆီးရီးယား​ဘုရင်​သနာခရိပ်​မင်းကြီး​သည် ယုဒ​ပြည်​၏​ခံတပ်​မြို့​အားလုံး​ကို တိုက်ခိုက်​သိမ်းပိုက်​လေ​၏​။ 2အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​လေ​၏​။ ရာဗရှာခ​သည် ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​လေ​၏​။ 3ထိုအခါ ဟိလခိ​၏​သား​နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား​အတွင်းဝန်​ယောအာ​တို့​သည် သူ့​ထံသို့ လာ​ကြ​၏​။
4ရာဗရှာခ​က သူ​တို့​အား “​ဟေဇကိ​မင်းကြီး​အား ပြန်လျှောက်​ကြ​လော့​။ အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​က ‘သင်​သည် အဘယ်အရာ​ကို ကိုးစား​၍ စိတ်အေးလက်အေး​နေ​နိုင်​သနည်း​။ 5သင်​၌ စစ်ဗျူဟာ​၊ စစ်အင်အား​ရှိ​သည်​ဆို​သည်​မှာ အပြောသက်သက်​သာ​ဖြစ်​၏​။ ယခု သင်​သည် အဘယ်သူ​ကို​ကိုးစား​၍ ငါ့​ကို ပုန်ကန်​သနည်း​။ 6ကြည့်ရှု​လော့​။ သင်​သည် ကျိုး​နေ​သော​ကျူ​တောင်ဝှေး​ဖြစ်​သည့် အီဂျစ်​ပြည်​ကို ကိုးစား​၏​။ ထို​တောင်ဝှေး​ကို​မှီ​လျှင် မှီသောသူ​၏​လက်​ကို ထုတ်ချင်းပေါက်​အောင် စူး​တတ်​၏​။ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် မိမိ​အား ကိုးစား​သော​သူ​အပေါင်း​တို့​ကို ထိုသို့​ပြု​တတ်​၏​။ 7သင်​တို့​က ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ငါ​တို့​ယုံကြည်ကိုးစား​သည်​ဟု ဆို​လျှင်​လည်း ဟေဇကိ​မင်းကြီး​က ထို​ဘုရား​နှင့်ဆိုင်သော အထွတ်အမြတ်​ထား​ရာ​နေရာ​နှင့် ယဇ်ပလ္လင်​တို့​ကို​ပင် ဖယ်ရှား​လိုက်​ပြီး ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အား ဂျေရုဆလင်​မြို့​ရှိ ဤ​ယဇ်ပလ္လင်​ရှေ့​၌​သာ သင်​တို့​ကိုးကွယ်​ရ​မည်​ဟူ၍ မိန့်မှာ​ခဲ့​သည် မ​ဟုတ်​လော’​ဟု မိန့်ဆို​ပြီ​။ 8ယခု ငါ​၏​သခင်​အဆီးရီးယား​ဘုရင်​နှင့် လာ​၍​ညှိနှိုင်း​လော့​။ သင်​၌ မြင်းစီးသူရဲ အလုံအလောက်​ရှိ​လျှင် သင့်​ကို မြင်း​အကောင်​နှစ်ထောင် ငါ​ပေး​မည်​။ 9စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်​တွန်းလှန်​နိုင်​မည်လော​။ 10ထာဝရဘုရား​အခွင့်​မ​ရှိ​ဘဲ ဤ​ပြည်​ကို ငါ​လာ​၍​ဖျက်ဆီး​သည်​ဟု ထင်​သလော​။ ထာဝရဘုရား​က ‘​ထို​ပြည်​သို့​စစ်ချီ​၍​ဖျက်ဆီး​လော့​’​ဟူ၍ ငါ့​အား​မိန့်​တော်မူ​ပြီ​”​ဟု ဆို​၏​။
11ထိုအခါ ဧလျာကိမ်​၊ ရှေဗန​၊ ယောအာ​တို့​က ရာဗရှာခ​အား “​အာရမိတ်​ဘာသာ​စကား​ကို ကျွန်တော်မျိုး​တို့​နားလည်​သည်​ဖြစ်၍ ကျွန်တော်မျိုး​တို့​အား အာရမိတ်​ဘာသာ​စကား​နှင့်​ပြော​ပါ​လော့​။ မြို့ရိုး​ပေါ်​ရှိ​လူ​တို့​ကြားသိ​အောင် ယုဒ​ဘာသာစကား​ဖြင့် မ​ပြော​ပါ​နှင့်​”​ဟု ဆို​ကြ​၏​။
12သို့သော် ရာဗရှာခ​က “​ငါ့​သခင်​သည် သင်​တို့​၏​သခင်​နှင့် သင်​တို့​ကို​သာ ဤ​စကား​တို့​ကို​ပြောကြား​ရန် ငါ့​ကို​စေလွှတ်​သည်​မ​ဟုတ်​။ သင်​တို့​နှင့်အတူ ကိုယ့်​မစင်​ကိုယ်​စား​၊ ကိုယ့်​ဆီး​ကိုယ်​သောက်​ကြ​သည့် မြို့ရိုး​ပေါ်တွင်​ထိုင်​သော​သူ​တို့​ကို​လည်း ပြောကြား​ရန် စေလွှတ်​သည်​”​ဟု ဆို​၏​။ 13ထို့နောက် ရာဗရှာခ​သည် မတ်တတ်ရပ်​၍ ယုဒ​ဘာသာ​စကား​ဖြင့် “​အဆီးရီးယား​ဘုရင်မင်းမြတ်​ကြီး​၏​အမိန့်​တော်​ကို နားထောင်​ကြ​လော့​။ 14ရှင်ဘုရင်​က ‘​ဟေဇကိ လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်​။ သူ​သည် သင်​တို့​ကို​မ​ကယ်နုတ်​နိုင်​။ 15ထာဝရဘုရား​သည် ငါ​တို့​ကို အမှန်ပင်​ကယ်နုတ်​တော်မူ​မည်​။ ဤ​မြို့​သည် အဆီးရီးယား​ဘုရင်​လက်​သို့​မ​ရောက်​ရ​ဟု ဆို​လျက် ထာဝရဘုရား​ကို ကိုးစား​လာ​အောင် ဟေဇကိ​လှည့်စား​သည်​ကို သင်​တို့​မ​ခံ​ကြ​နှင့်​ဟု မိန့်ဆို​ပြီ​။ 16ဟေဇကိ​၏​စကား​ကို​နား​မ​ထောင်​ကြ​နှင့်​။ အဆီးရီးယား​ဘုရင်​က ‘​ငါ​နှင့်​ငြိမ်းချမ်းရေး​ယူ​၍ ငါ့​ဘက်​သို့ လာ​ကြ​။ ငါ​လာ​၍ သင်​တို့​ကို မ​ခေါ်ဆောင်​သွား​မီ​အထိ သင်​တို့​အသီးသီး ကိုယ့်​စပျစ်သီး​၊ ကိုယ့်​သဖန်းသီး​တို့​ကို​စား​နှင့်​ကြ​။ ကိုယ့်​ရေတွင်း​မှ​ရေ​ကို​သောက်​နှင့်​ကြ​။ 17နောက်မှ ငါ​လာ​၍ သင်​တို့​ပြည်​ကဲ့သို့ ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ထွက်​သော​ပြည်​၊ အစားအစာ​နှင့် စပျစ်ခြံ​ပေါများ​သော​ပြည်​သို့ သင်​တို့​ကို ငါ​ခေါ်ဆောင်​သွား​မည်​။ 18ဟေဇကိ​က ထာဝရဘုရား​သည် ငါ​တို့​ကို​ကယ်နုတ်​တော်မူ​မည်​ဟု ဆို​လျက် လှည့်စား​သည်​ကို မ​ခံ​ကြ​နှင့်​။ မည်သည့်​လူမျိုး​တစ်မျိုးမျိုး​၏​ဘုရား​တို့​သည် မိမိ​ပြည်​ကို အဆီးရီးယား​ဘုရင်​၏​လက်​မှ ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ 19ဟာမတ်​ပြည်​၊ အာပဒ်​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ သေဖရဝိမ်​ပြည်​၏​ဘုရား​တို့​သည် အဘယ်မှာ​နည်း​။ စင်စစ် ထို​ဘုရား​တို့​သည် ရှမာရိ​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​ခဲ့​ပြီ​လော​။ 20ဤ​ပြည်​တို့​၏​ဘုရား​အပေါင်း​တို့​တွင် မည်သည့်​ဘုရား​က မိမိ​ပြည်​ကို ငါ့​လက်​မှ​ကယ်နုတ်​နိုင်​ခဲ့​သနည်း​။ ထာဝရဘုရား​သည်​လည်း ဂျေရုဆလင်​မြို့​ကို ငါ့​လက်​မှ ကယ်နုတ်​နိုင်​မည်လော​’​ဟူ၍ မိန့်ဆို​သည်​”​ဟု အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လေ​၏​။
21ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်​ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။ 22ထို့နောက် ဟိလခိ​၏​သား နန်းတော်အုပ်​ဧလျာကိမ်​၊ စာရေးတော်ကြီး​ရှေဗန​၊ အာသပ်​၏​သား အတွင်းဝန်​ယောအာ​တို့​သည် မိမိ​တို့​အဝတ်​ကို​ဆုတ်ဖြဲ​ပြီး ဟေဇကိ​မင်းကြီး​ထံသို့ ပြန်လာ​၍ ရာဗရှာခ​ပြော​သော​စကား​တို့​ကို လျှောက်ထား​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဟေရှာယအနာဂတ္တိကျမ်း 36