YouVersion Logo
Search Icon

ဟေဗြဲဩဝါဒစာ 10

10
ပြည့်စုံသောယဇ်
1ပညတ်​တရား​သည် နောင်​လာ​မည့်​ကောင်း​သော​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံသဏ္ဌာန်​အစစ်အမှန်​မ​ဟုတ်​သောကြောင့် နှစ်စဉ် အမြဲမပြတ်​ပူဇော်​နေ​သည့် တူညီ​သော​ယဇ်​များ​အားဖြင့် အထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို မ​စုံလင်​စေ​နိုင်​ပေ။ 2အကယ်၍ စုံလင်​စေ​နိုင်​ခဲ့​လျှင် ဝတ်ပြု​သော​သူ​တို့​သည် တစ်ခါတည်း​နှင့် စင်ကြယ်​ခြင်း​သို့​ရောက်​လျက် အပြစ်​ရှိ​သည်​ဟူသော​အသိစိတ်​မ​ရှိ​တော့​သဖြင့် ယဇ်​ပူဇော်​ခြင်း​ကို​ရပ်တန့်​ကြ​လိမ့်မည်​မ​ဟုတ်​လော။ 3သို့သော် ထိုသို့​ယဇ်​ပူဇော်​ခြင်း​အားဖြင့် အပြစ်​များ​ကို​နှစ်စဉ် ပြန်လည်​အောက်မေ့​ကြ​၏။ 4အကြောင်းမူကား နွားလား​နှင့်​ဆိတ်​တို့​၏​သွေး​သည် အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​ပေ။ 5ထို့ကြောင့် ခရစ်တော်​သည် ဤ​လောက​သို့​ကြွလာ​သောအခါ “ကိုယ်တော်​သည် ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​တို့​ကို​အလို​မ​ရှိ​ဘဲ အကျွန်ုပ်​အတွက် ကိုယ်ခန္ဓာ​ကို​ပြင်ဆင်​ထား​တော်မူ​၏။ 6ကိုယ်တော်​သည် မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို နှစ်သက်​တော်​မ​မူ။#ဆာ 40:6၊ 51:16။ 7ထိုအခါ အကျွန်ုပ်​က ‘ကျမ်း​စာအုပ်​၌ အကျွန်ုပ်​ကို​ရည်ညွှန်း​၍​ရေး​ထား​သည့်​အတိုင်း ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏​ဘုရား’​ဟု လျှောက်​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ 8ပထမ​အနေဖြင့် “ကိုယ်တော်​သည် ပညတ်​တရား​အရ​ပူဇော်​သော​အရာ​များ​တည်းဟူသော ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​များ၊ မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​များ​ကို အလို​မ​ရှိ။ နှစ်သက်​တော်မူ​ခြင်း​လည်း​မ​ရှိ”​ဟု ဆို​၏။ 9ထို့နောက် “ကိုယ်တော်​၏​အလို​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​လာ​ပါ​၏”​ဟု ဆို​၏။ ဤသို့ဖြင့် ကိုယ်တော်​သည် ဒုတိယ​ပူဇော်​ခြင်း​ကို​တည်​စေရန် ပထမ​ပူဇော်​ခြင်း​ကို ပယ်ဖျက်​တော်မူ​၏။ 10ထို​အလို​တော်​နှင့်အညီ ယေရှု​ခရစ်တော်​၏​ကိုယ်ခန္ဓာ​ကို တစ်ကြိမ်တည်း​နှင့်​အပြီး ပူဇော်​ခြင်း​အားဖြင့် ငါ​တို့​သည် သန့်ရှင်း​စေ​ခြင်း​ခံရ​ကြ​၏။
11ယဇ်ပုရောဟိတ်​အားလုံး​သည် နေ့စဉ်​ရပ်​လျက် ဝတ်ပြု​ကာ အပြစ်​များ​ကို​မ​ဖယ်ရှား​နိုင်​သည့် တူညီ​သော​ယဇ်​ကို အကြိမ်ကြိမ်​ပူဇော်​နေ​ကြ​၏။ 12သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက် 13မိမိ​၏​ရန်သူ​တို့​သည် မိမိ​ခြေ​တင်​ခုံ​အဖြစ်​ချ​ထား​ခြင်း​ခံရ​သည့်​တိုင်အောင် စောင့်ဆိုင်း​နေ​တော်မူ​၏။ 14အကြောင်းမူကား ကိုယ်တော်​သည် တစ်ခုတည်း​သော​ပူဇော်သက္ကာ​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​အား ထာဝစဉ်​စုံလင်​စေ​တော်မူ​၏။ 15သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​အား​သက်သေခံ​၍ 16“ထာဝရ​ဘုရား​က ‘ထို​နေ့ရက်​များ​နောက်တွင် သူ​တို့​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​စိတ်နှလုံး​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​အသိဉာဏ်​ပေါ်မှာ ရေး​ထား​မည်’​ဟု မိန့်​တော်မူ​၏”​ဟူ၍ မြွက်ဆို​ပြီးနောက် 17တစ်ဖန် “ငါ​သည် သူ​တို့​၏​အပြစ်​များ​နှင့်​တရားမဲ့​ခြင်း​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မြွက်ဆို​တော်မူ​၏။ 18ထိုသို့ အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ရှိ​သည့်​နေရာ​တွင် အပြစ်​အတွက်​ပူဇော်သက္ကာ​မ​လိုအပ်​တော့​ပေ။
ဘုရားဝတ်၌မွေ့လျော်ရန် တိုက်တွန်းနှိုးဆော်ခြင်း
19ထို့ကြောင့် ညီအစ်ကို​တို့၊ ငါ​တို့​သည် ယေရှု​၏​သွေး​တော်​အားဖြင့် အလွန်​သန့်ရှင်း​ရာ​ဌာန​ထဲသို့ ယုံကြည်​စိတ်ချ​စွာ​ဖြင့်​ဝင်ခွင့်​ရှိ​၏။ 20ထို​သွေး​တော်​အားဖြင့် ကိုယ်တော်​သည် မိမိ​ကိုယ်ကာယ​တည်းဟူသော ကန့်လန့်ကာ​မှတစ်ဆင့် ငါ​တို့​အတွက် အသက်ရှင်​သည့်​လမ်း​သစ်​ကို ပြင်ဆင်​ပေး​တော်မူ​၏။ 21ထိုမျှမက ငါ​တို့​၌ ဘုရားသခင်​၏​အိမ်​တော်​ကို​အုပ်စိုး​သည့် ကြီးမြတ်​သော​ယဇ်ပုရောဟိတ်​ရှိ​သည်​ဖြစ်၍ 22ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။ 23ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ငါ​တို့​ဝန်ခံ​သော​မျှော်လင့်​ခြင်း​ကို စွဲကိုင်​ထား​ကြ​ကုန်စို့။ 24ထို့ပြင် မေတ္တာ​ထား​ရန်​နှင့် ကောင်း​သော​အမှု​ကို​ပြု​ရန် အချင်းချင်း​မည်ကဲ့သို့​တိုက်တွန်း​နှိုးဆော်​ရ​မည်​ကို ဆင်ခြင်​ကြ​ကုန်စို့။ 25အချို့​သော​သူ​တို့​ပြုလေ့​ရှိ​သကဲ့သို့ အတူတကွ​စည်းဝေး​ခြင်း​အမှု​ကို မ​ပစ်ပယ်​ဘဲ အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ နေ့ရက်​တော်​နီးကပ်​လာ​သည်​ကို​တွေ့မြင်​ရ​သည်​နှင့်အမျှ ပို၍​ထိုသို့​ပြု​ကြ​ကုန်စို့။
တမင်တကာဆက်၍အပြစ်မပြုရန် သတိပေးခြင်း
26အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​နှင့်ဆိုင်သည့် စစ်မှန်​သော​အသိပညာ​ကို​ရရှိ​ပြီးမှ တမင်တကာ ဆက်၍​အပြစ်​ပြု​ကြ​လျှင် အပြစ်​ဖြေ​ရာ​ယဇ်​ဟူ၍ မ​ရှိ​တော့​ဘဲ 27တရား​စီရင်​ခြင်း​ကို​လည်းကောင်း၊ ဆန့်ကျင်​သော​သူ​တို့​ကို​ဝါးမျို​မည့် အမျက်​တော်​မီး​ကို​လည်းကောင်း ကြောက်ရွံ့​လျက် စောင့်​နေ​ကြ​ရန်​သာ​ရှိ​တော့​၏။ 28မောရှေ​၏​ပညတ်​တရား​ကို​ငြင်းပယ်​သော​သူ​သည် သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​သက်သေခံ​ချက်​အားဖြင့် သက်ညှာ​ခြင်း​မ​ရှိ​ဘဲ သေဒဏ်​ခံရ​၏။ 29သို့ဖြစ်လျှင် ဘုရားသခင်​၏​သား​တော်​ကို​နင်းချေ​၍ မိမိ​အား​သန့်ရှင်း​စေ​သော​ပဋိညာဉ်​ဆိုင်ရာ​သွေး​တော်​ကို မစင်ကြယ်​သည့်​အရာ​ဟု မှတ်ယူ​လျက် ကျေးဇူး​တော်​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို မထီမဲ့မြင်​ပြု​သော​သူ​သည် မည်မျှလောက် ပို၍​ကြီးလေး​သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်​ဟု သင်​တို့​ထင်​ကြ​သနည်း။ 30အကြောင်းမူကား “လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”#ရော 12:19၊ တရား 32:35။​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​သည် မိမိ​လူမျိုး​တို့​ကို တရား​စီရင်​တော်မူ​မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ကြ​၏။ 31အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​လက်​တော်​သို့​ကျရောက်​ခြင်း​သည် ကြောက်မက်​ဖွယ်​ကောင်း​၏။
32သင်​တို့​သည် အလင်း​သို့​ရောက်​ပြီး​သည့်​နောက် ဒုက္ခ​ဝေဒနာ​ကို​ခံစား​လျက် ပြင်းထန်​သော​တိုက်ခိုက်​မှု​ကို​သည်းခံ​ခဲ့​သည့် ယခင်​နေ့ရက်​များ​ကို သတိရ​ကြ​လော့။ 33တစ်ခါတစ်ရံ သင်​တို့​သည် လူ​တို့​ရှေ့၌ ကဲ့ရဲ့​ပြစ်တင်​ခြင်း​နှင့်​နှိပ်စက်​ခြင်း​တို့​ကို​ခံရ​ကြ​၍ တစ်ခါတစ်ရံ ထိုသို့​ပြုကျင့်​ခံရ​သော​သူ​တို့​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​၏။ 34သင်​တို့​သည် အကျဉ်းသား​တို့​အပေါ် စာနာ​စိတ်​ရှိ​ကြ​သည်​သာမက သာ၍​မြတ်​ပြီး တည်မြဲ​သော​အရာ​ကို မိမိ​တို့​ပိုင်ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မတရား​လုယူ​ခြင်း​ခံရ​သော်လည်း ဝမ်းမြောက်​စွာ​သည်းခံ​ခဲ့​ကြ​၏။
35ထို့ကြောင့် ကြီးမြတ်​သော​အကျိုးကျေးဇူး​ရှိ​သည့် သင်​တို့​၏​ယုံကြည်​စိတ်ချ​မှု​ကို မ​စွန့်လွှတ်​ကြ​နှင့်။ 36ဘုရားသခင်​၏​အလို​တော်​ကို​ဆောင်ရွက်​ပြီး ကတိ​တော်​ကို​ခံစား​ရရှိ​နိုင်​ရန် သင်​တို့​၌​လိုအပ်​သော​အရာ​မှာ သည်းခံ​ခြင်း​ဖြစ်​၏။ 37အကြောင်းမူကား “ကြွလာ​တော်မူ​မည့်​အရှင်​သည် ကြန့်ကြာ​ခြင်း​မ​ရှိ​ဘဲ မကြာမီ​ကြွလာ​တော်မူ​လိမ့်မည်။ 38ငါ​၏​ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့်​အသက်ရှင်​မည်။ သူ​သည် တွန့်ဆုတ်​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် သူ့​ကို​နှစ်သက်​မည်​မ​ဟုတ်”#ရော 1:17၊ ဂလ 3:11၊ ဟဗ 2:3-4။​ဟူ၍ ဖော်ပြ​ထား​၏။ 39သို့သော် ငါ​တို့​သည် တွန့်ဆုတ်​လျက် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံကြည်​လျက် အသက်​ကို​ပိုင်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in