YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 46

46
အီဂျစ်ပြည်သို့ ယာကုပ်သွားခြင်း
1ထို့နောက် အစ္စရေး​သည် မိမိ​ပိုင်ဆိုင်​သမျှ​ကို​ယူဆောင်​လျက် ခရီးပြု​လေ​၏​။ ဗေရရှေဘ​အရပ်​သို့​ရောက်​သော် မိမိ​ဖခင်​ဣဇက်​၏​ဘုရားသခင်​အား ယဇ်​ပူဇော်​၏​။ 2ဘုရားသခင်​သည် ညအချိန်​၌ စိတ်အာရုံ​ဖြင့် အစ္စရေး​အား “​ယာကုပ်​၊ ယာကုပ်​”​ဟု ခေါ်​လျှင် ယာကုပ်​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လေ​၏​။
3ဘုရားသခင်​က “​ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ သင့်​ဖခင်​၏​ဘုရား​ဖြစ်​၏​။ အီဂျစ်​ပြည်​သို့ သင်​ဆင်းသွား​ရ​မည်​ကို မ​ကြောက်​နှင့်​။ အကြောင်းမူကား ငါ​သည် ထို​အရပ်​၌ သင့်​ကို လူမျိုး​ကြီး​ဖြစ်​စေ​မည်​။ 4ငါ​သည် သင်​နှင့်အတူ အီဂျစ်​ပြည်​သို့​ဆင်းသွား​မည်​။ ငါ​သည် သင့်​ကို ဧကန်​ပြန်ခေါ်ဆောင်​ခဲ့​ဦး​မည်​။ ယောသပ်​သည် မိမိ​လက်​ဖြင့် သင်​၏​မျက်စိ​ကို​ပိတ်ပေး​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
5ထို့နောက် ယာကုပ်​သည် ဗေရရှေဘ​အရပ်​မှ​ထသွား​လေ​၏​။ ယာကုပ်​ကို​ခေါ်ဆောင်​ရန်​အတွက် ဖာရော​မင်းကြီး​ပေးလိုက်​သော​လှည်း​များ​ဖြင့် အစ္စရေး​၏​သား​တို့​သည် မိမိ​တို့​ဖခင်​ယာကုပ်​နှင့်တကွ ကလေး​များ​၊ မိန်းမ​များ​ကို​ခေါ်ဆောင်​သွား​ကြ​၏​။ 6သူ​တို့​သည် မိမိ​တို့​၏​တိရစ္ဆာန်​များ​နှင့် ခါနာန်​ပြည်​၌​မိမိ​တို့​စုဆောင်း​ရရှိ​သည့်​ဥစ္စာ​များ​ကို​လည်း ယူသွား​ကြ​၏​။ ဤသို့ဖြင့် ယာကုပ်​နှင့်တကွ သူ​နှင့်အတူ​နေ​သော​သူ​၏​သားမြေး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​သို့​သွား​ကြ​၏​။ 7ယာကုပ်​သည် သူ​၏​သားသမီး​များ​၊ သား​သမီး​တို့​၏​သား​သမီး​များ​စသော မိမိ​သားမြေး​အပေါင်း​တို့​ကို အီဂျစ်​ပြည်​သို့ မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လေ​၏​။
ယာကုပ်၏မိသားစု
8အီဂျစ်​ပြည်​သို့​ရောက်လာ​သော အစ္စရေး​၏​သားမြေး​များ​တည်းဟူသော ယာကုပ်​နှင့်​သူ​၏​သားမြေး​များ​၏​အမည်​ကား ဤသို့​တည်း​။
ယာကုပ်​၏​သားဦး​မှာ ရုဗင် ဖြစ်​၏​။
9ရုဗင်​၏​သား​များ​မှာ ဟာနုတ်​၊ ဖာလု​၊ ဟေဇရုန်​၊ ကာမိ တို့​ဖြစ်​ကြ​၏​။
10ရှိမောင်​၏​သား​များ​မှာ ယေမွေလ​၊ ယာမိန်​၊ ဩဟဒ်​၊ ယာခိန်​၊ ဇောဟာ​နှင့် ခါနာန်​အမျိုးသမီး​၏​သား​ရှောလ တို့​ဖြစ်​ကြ​၏​။
11လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။
12ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။
13ဣသခါ​၏​သား​များ​မှာ တောလ​၊ ဖုဝါ​၊ ယောဘ​၊ ရှိမရုန် တို့​ဖြစ်​ကြ​၏​။
14ဇာဗုလုန်​၏​သား​များ​မှာ သရက်​၊ ဧလုန်​၊ ယာလေလ တို့​ဖြစ်​ကြ​၏​။
15ဤ​သူ​တို့​ကား ပါဒန်အာရံ​ပြည်​၌ ယာကုပ်​အတွက် လေအာ​မွေးဖွား​ပေး​သော လေအာ​၏​သား​များ​ဖြစ်​ကြ​၏​။ သမီး​ဒိန​အပါအဝင် ယာကုပ်​၏​သား​သမီး​စုစုပေါင်း​မှာ သုံးဆယ့်​သုံး​ယောက်​ဖြစ်​၏​။
16ဂဒ်​၏​သား​များ​မှာ ဇိဖျုန်​၊ ဟဂ္ဂိ​၊ ရှုနိ​၊ ဧဇဗုန်​၊ ဧရိ​၊ အရောဒိ​၊ အရေလိ တို့​ဖြစ်​ကြ​၏​။
17အာရှာ​၏​သား​များ​မှာ ဣမန​၊ ဣရွာ​၊ ဣရွှိ​၊ ဗေရိယ​နှင့် သူ​တို့​၏​နှမ​စေရ တို့​ဖြစ်​ကြ​၏​။ ဗေရိယ​၏​သား​များ​မှာ ဟေဗာ​၊ မာလချေလ တို့​ဖြစ်​ကြ​၏​။
18ဤ​သူ​တို့​ကား လာဗန်​က မိမိ​သမီး​လေအာ​အား​လက်ဖွဲ့​အဖြစ်​ပေး​သော ဇိလပ​၏​သား​များ​ဖြစ်​ကြ​၏​။ ဇိလပ​သည် ယာကုပ်​အတွက် ဤ​သား​တစ်ဆယ့်​ခြောက်​ယောက်​ကို မွေးဖွား​ပေး​၏​။
19ယာကုပ်​မယား ရာခေလ​၏​သား​များ​မှာ ယောသပ်​၊ ဗင်္ယာမိန် တို့​ဖြစ်​ကြ​၏​။
20ယောသပ်​သည် အီဂျစ်​ပြည်​၌ သား​မနာရှေ​နှင့်​ဧဖရိမ်​ကို​ရ​၏​။ ထို​သား​တို့​ကို ဩန​မြို့​၏​ယဇ်ပုရောဟိတ် ပေါတိဖေရ​၏​သမီး​အာသနတ်​က ယောသပ်​အတွက်​မွေးဖွား​ပေး​၏​။
21ဗင်္ယာမိန်​၏​သား​များ​မှာ ဗေလ​၊ ဗေခါ​၊ အာရှဗေလ​၊ ဂေရ​၊ နေမန်​၊ ဧဟိ​၊ ရောရှ​၊ မုပိမ်​၊ ဟုပိမ်​၊ အာရဒ တို့​ဖြစ်​ကြ​၏​။
22ဤ​သူ​တို့​ကား ယာကုပ်​အတွက် ရာခေလ​မွေးဖွား​ပေး​သော ရာခေလ​၏​သား​များ​ဖြစ်၍ စုစုပေါင်း တစ်ဆယ့်​လေး​ယောက်​ရှိ​၏​။
23ဒန်​၏​သား​မှာ ဟုရှိမ် ဖြစ်​၏​။
24နဿလိ​၏​သား​များ​မှာ ယာဇေလ​၊ ဂုနိ​၊ ယေဇာ​၊ ရှိလင် တို့​ဖြစ်​ကြ​၏​။
25ဤ​သူ​တို့​ကား လာဗန်​က မိမိ​သမီး​ရာခေလ​အား​လက်ဖွဲ့​အဖြစ်​ပေး​သော ဗိလဟာ​၏​သား​များ​ဖြစ်​ကြ​၏​။ ဗိလဟာ​သည် ယာကုပ်​အတွက် ဤ​သား​တို့​ကို​မွေးဖွား​ပေး​၍ စုစုပေါင်း​ခုနစ်​ယောက်​ရှိ​၏​။
26ယာကုပ်​ချွေးမ​များ​ကို​ထည့်မတွက်​ဘဲ ယာကုပ်​နှင့်အတူ အီဂျစ်​ပြည်​သို့​ရောက်လာ​သည့် ယာကုပ်​မှ​ဆင်းသက်​လာ​သူ​အားလုံး စုစုပေါင်း​ခြောက်ဆယ့်​ခြောက်​ယောက်​ရှိ​၏​။
27အီဂျစ်​ပြည်​၌ ယောသပ်​ရ​နှင့်​သော သား​နှစ်​ယောက်​ရှိ​၏​။
သို့ဖြစ်၍ အီဂျစ်​ပြည်​သို့​ရောက်​သော ယာကုပ်​၏​အိမ်သူအိမ်သား​စုစုပေါင်း​မှာ အယောက်​ခုနစ်ဆယ်​ဖြစ်​၏​။
အီဂျစ်ပြည်သို့ ယာကုပ်ရောက်ရှိခြင်း
28ဂေါရှင်​အရပ်​သို့ ရောက်လာ​ကြ​သောအခါ ယာကုပ်​သည် ဂေါရှင်​အရပ်​၌ မိမိ​အား လာရောက်​တွေ့ဆုံ​ရန် ယောသပ်​ထံသို့​ယုဒ​ကို အလျင်​စေလွှတ်​လိုက်​၏​။ 29ယောသပ်​သည် မိမိ​ရထား​ကို​အသင့်ပြင်ဆင်​စေ​ပြီးလျှင် မိမိ​ဖခင်​အစ္စရေး​နှင့်​တွေ့ဆုံ​ရန် ဂေါရှင်​အရပ်​သို့​သွား​လေ​၏​။ ဖခင်​ကို​တွေ့​သောအခါ ဖခင်​၏​လည်ပင်း​ကို​ဖက်​၍ အတန်ကြာ​ငိုကြွေး​လေ​၏​။ 30ထိုအခါ အစ္စရေး​က ယောသပ်​အား “​သင်​အသက်ရှင်​နေ​သေး​သည်​ကို ငါ​တွေ့မြင်​ရ​ပြီ​ဖြစ်၍ ယခု ငါ​သေ​ပျော်​ပြီ​”​ဟု ဆို​လေ​၏​။
31ယောသပ်​သည် မိမိ​၏​ညီအစ်ကို​တို့​နှင့်​မိမိ​ဖခင်​၏​အိမ်သူအိမ်သား​တို့​အား “​အကျွန်ုပ်​သွား​၍ ဖာရော​မင်းကြီး​နှင့်​စကားပြော​မည်​။ သူ့​အား ‘​ခါနာန်​ပြည်​၌​နေ​သော အကျွန်ုပ်​၏​ညီအစ်ကို​များ​နှင့်​အကျွန်ုပ်​ဖခင်​၏​အိမ်သူအိမ်သား​တို့​သည် အကျွန်ုပ်​ထံသို့​ရောက်လာ​ကြ​ပါ​ပြီ​။ 32သူ​တို့​သည် သိုးဆိတ်​ကို​ထိန်းကျောင်း​သော​သူ​များ​၊ တိရစ္ဆာန်​မွေးမြူ​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။ သူ​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​နှင့် သူ​တို့​ပိုင်ဆိုင်​သော​အရာ​အားလုံး​တို့​ကို ယူဆောင်​လာ​ကြ​ပါ​ပြီ​’​ဟု အကျွန်ုပ်​လျှောက်ထား​ပါ​မည်​။ 33ဖာရော​မင်းကြီး​က သင်​တို့​ကို​ခေါ်​၍ ‘​သင်​တို့​သည် မည်သည့်​အလုပ်​ကို​လုပ်ကိုင်​ကြ​သနည်း​’​ဟု မေး​ခဲ့​လျှင် 34သင်​တို့​က ‘​အကျွန်ုပ်​တို့​၏​ဘိုးဘေး​မှစ၍ အရှင့်​အစေအပါး​ဖြစ်​သော​အကျွန်ုပ်​တို့​သည် ငယ်ရွယ်စဉ်​မှ ယခု​တိုင်အောင် တိရစ္ဆာန်​မွေးမြူ​သော​သူ​များ​ဖြစ်​ကြ​ပါ​၏​’​ဟု လျှောက်​ရ​မည်​။ သို့မှသာ သင်​တို့​သည် ဂေါရှင်​အရပ်​၌ နေထိုင်​ခွင့်​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သိုးထိန်း​ဟူသမျှ​ကို အီဂျစ်​လူမျိုး​တို့​စက်ဆုပ်ရွံရှာ​ကြ​၏​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in