YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 24

24
ဣဇက်အတွက် မိန်းမရှာခြင်း
1အာဗြဟံ​သည် အသက်အရွယ်​ကြီးရင့်​လေ​ပြီ​။ ထာဝရဘုရား​သည် အာဗြဟံ​ကို အရာရာ​၌​ကောင်းချီးပေး​တော်မူ​၏​။ 2အာဗြဟံ​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို​အုပ်ထိန်း​ရ​သော​၊ မိမိ​အိမ်​တွင်​အသက်အကြီးဆုံး​ဖြစ်​သော​အစေအပါး​အား “​သင်​၏​လက်​ကို ငါ့​ပေါင်​အောက်​၌​ထား​လော့​။ 3ကောင်းကင်​နှင့်​မြေကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​အရပ်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ 4ငါ့​ပြည်​၊ ငါ့​ဆွေမျိုးသားချင်း​ထံသို့​သွား​၍ ငါ့​သား​ဣဇက်​အတွက် မိန်းမ​ကို​ရှာ​ပါ​မည်​ဟု သင့်​အား ငါ​ကျိန်ဆို​စေ​မည်​”​ဟု ဆို​၏​။
5အစေအပါး​က​လည်း “​အကယ်၍ မိန်းမ​သည် ဤ​ပြည်​သို့ အကျွန်ုပ်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် သခင်​၏​သား​ကို သခင်​ထွက်လာ​ခဲ့​သော​ပြည်​သို့ အကျွန်ုပ်​ခေါ်သွား​ရ​ပါ​မည်လော​”​ဟု မေးလျှောက်​၏​။
6အာဗြဟံ​က​လည်း “​ငါ့​သား​ကို ထို​အရပ်​သို့ မ​ခေါ်သွား​မိ​စေရန် သင်​သတိပြု​လော့​။ 7ငါ့​ဖခင်​၏​အိမ်​၊ ငါ့​မွေးရပ်​မြေ​မှ ငါ့​ကို​ခေါ်ယူ​၍ ‘​ဤ​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​’​ဟု ကျိန်ဆို​ကတိ​ပေး​တော်မူ​သော ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထာဝရဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို သင့်​ရှေ့​၌ စေလွှတ်​တော်မူ​မည်​ဖြစ်၍ သင်​သည် ငါ့​သား​အတွက် ထို​အရပ်​မှ မိန်းမ​ကို​ရှာ​ရ​မည်​။ 8အကယ်၍ မိန်းမ​သည် သင်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် သင်​သည် ငါ​နှင့်​ပြု​သော​ဤ​ကျိန်ဆို​ခြင်း​မှ​ကင်းလွတ်​စေ​။ ငါ့​သား​ကို​ကား ထို​အရပ်​သို့ မ​ခေါ်သွား​ရ​”​ဟု ဆို​၏​။ 9ထိုအခါ အစေအပါး​သည် မိမိ​သခင်​အာဗြဟံ​၏​ပေါင်​အောက်​၌ လက်​ကို​ထား​ပြီး ဤ​အမှုအရာ​နှင့်​ပတ်သက်၍ ကျိန်ဆို​လေ​၏​။
10ထို့နောက် အစေအပါး​သည် မိမိ​သခင်​၏​ကုလားအုတ်​များ​ထဲမှ ကုလားအုတ်​ဆယ်​စီး​ကို​ရွေးယူ​ပြီးလျှင် မိမိ​သခင်​ပိုင်ဆိုင်​သည့်​အဖိုးတန်​ပစ္စည်း​အမျိုးမျိုး​တို့​ကို​ယူဆောင်​လျက် ထ​၍ ထွက်ခွာ​သွား​ရာ မက်ဆိုပိုတေးမီးယား​ပြည်​ရှိ နာခေါ်​နေ​သော​မြို့​သို့​ရောက်​လေ​၏​။ 11အမျိုးသမီး​များ​ရေခပ်​ဆင်း​ချိန်​ဖြစ်​သည့် နေဝင်​ချိန်​၌ သူ​သည် မြို့​ပြင်​ရှိ​ရေတွင်း​နား​မှာ ကုလားအုတ်​တို့​ကို ဝပ်​စေ​ပြီးလျှင်
12“​အို အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​၊ ယနေ့ အကျွန်ုပ်​၏​အမှု​ကို အထမြောက်​အောင်မြင်​စေ​၍ အကျွန်ုပ်​၏​သခင်​အာဗြဟံ​အား မေတ္တာကရုဏာ​ကို​ပြ​တော်မူ​ပါ​။ 13ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် စမ်းရေတွင်း​နားမှာ​ရပ်​လျက်​နေ​ပါ​၏​။ ဤ​မြို့​သမီးပျို​တို့​သည် ရေ​ခပ်​ရန် ထွက်လာ​ကြ​ပါ​လိမ့်မည်​။ 14အကျွန်ုပ်​သည် မိန်းကလေး​တစ်​ဦး​အား ‘​သင်​၏​ရေအိုး​ကို​ချ​၍ အကျွန်ုပ်​အား​ရေသောက်​ခွင့်​ပေး​ပါ​’​ဟု ဆို​သောအခါ သူ​က ‘​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​ကို​လည်း ကျွန်မ​ရေတိုက်​ပေး​ပါ​မည်​’​ဟု ဆို​လျှင် ထို​သူ​သည် ကိုယ်တော်​၏​အစေအပါး​ဣဇက်​အတွက် ကိုယ်တော်​ရွေးချယ်​ထား​သော​သူ​ဖြစ်​ပါစေသော​။ ဤသို့​အားဖြင့် ကိုယ်တော်​သည် အကျွန်ုပ်​၏​သခင်​အား မေတ္တာကရုဏာ​ပြ​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ရ​ပါ​လိမ့်မည်​”​ဟု ဆုတောင်း​လေ​၏​။
15ထိုသို့ ဆုတောင်း​၍​မ​ပြီး​မီ ရေဗက္ကာ​သည် မိမိ​ပခုံး​ပေါ်တွင် ရေအိုး​တင်​လျက်​ထွက်လာ​၏​။ သူ​သည် အာဗြဟံ​၏​ညီ​နာခေါ်​နှင့် သူ​၏​မယား​မိလခါ​၏​သား​ဖြစ်​သူ ဗေသွေလ​၏​သမီး​ဖြစ်​၏​။ 16ထို​မိန်းကလေး​သည် ရုပ်ဆင်းသွင်ပြင်​အလွန်​လှပ​၍ ယောက်ျား​နှင့်​မ​ဆက်ဆံ​သေး​သော အပျိုကညာ​ဖြစ်​၏​။ သူ​သည် စမ်းရေတွင်း​သို့​ဆင်းသွား​၍ ရေဘူး​ကို​ရေ​ဖြည့်​ပြီး ပြန်တက်လာ​၏​။ 17ထို​အစေအပါး​သည် မိန်းကလေး​နှင့်​တွေ့ဆုံ​ရန်​ပြေးသွား​၍ “​သင်​၏​ရေအိုး​မှ ရေ​အနည်းငယ်​သောက်​ပါရစေ​”​ဟု ဆို​လျှင်
18မိန်းကလေး​က “​ကျွန်မ​၏​သခင်​၊ သောက်​ပါ​”​ဟု ဆို​ပြီးလျှင် ရေအိုး​ကို မိမိ​လက်​ပေါ်သို့ အလျင်အမြန်​ချ​၍ သူ့​ကို​ရေတိုက်​လေ​၏​။ 19သူ့​ကို​ရေတိုက်​ပြီး​သောအခါ “​သင်​၏​ကုလားအုတ်​တို့​လည်း ရေ​အဝသောက်​ပြီး​သည်​အထိ ကျွန်မ​ရေခပ်​ပေး​ပါ​မည်​”​ဟု ဆို​လျက် 20မိမိ​ရေအိုး​ထဲမှ​ရေ​ကို ရေစားခွက်​ထဲသို့ အလျင်အမြန်​လောင်းထည့်​ပြီးလျှင် တစ်ဖန်​ရေခပ်​ရန် ရေတွင်း​သို့​ပြေးသွား​၍ ကုလားအုတ်​အားလုံး​အတွက် ရေခပ်​ပေး​၏​။ 21ထို​သူ​သည် မိမိ​ခရီးစဉ်​ကို ထာဝရဘုရား​အောင်မြင်​ခွင့်​ပေး​မည်​၊ မ​ပေး​မည်​ကို​သိရှိ​ရန် မိန်းကလေး​ကို တိတ်ဆိတ်​စွာ​စောင့်ကြည့်​နေ​၏​။
22ကုလားအုတ်​တို့​ရေသောက်​ပြီး​သောအခါ သူ​သည် အလေးချိန်​တစ်​ဗေကာ#24:22 “5 ပဲသား သို့မဟုတ် 5.7 ဂရမ်”။​ရှိ​သော​ရွှေ​နှာဆွဲ​နှင့် မိန်းကလေး​လက်​၌​ဝတ်ဆင်​ရန် အလေးချိန်​ရှယ်ကယ်​တစ်ဆယ်#24:22 “7.5 ကျပ်သား သို့မဟုတ် 115 ဂရမ်”။​ရှိ​သော ရွှေ​လက်ကောက်​တစ်စုံ​ကို ထုတ်ပေး​၍ 23“​သင်​သည် မည်သူ​၏​သမီး​ဖြစ်​သနည်း​။ အကျွန်ုပ်​ကို​ပြော​ပါ​။ သင့်​ဖခင်​၏​အိမ်​၌ ညအိပ်နား​ရန် အကျွန်ုပ်​တို့​အတွက်​နေရာ​ရှိ​သလော​”​ဟု မေး​လေ​၏​။
24မိန်းကလေး​က​လည်း “​ကျွန်မ​သည် နာခေါ်​အတွက် မိလခါ​မွေးဖွား​သော​သား​ဗေသွေလ​၏​သမီး​ဖြစ်​ပါ​သည်​”​ဟု ဖြေ​ပြီးလျှင် 25“​ကျွန်မ​တို့​၌ ကောက်ရိုး​နှင့် အစာ​လည်း များစွာ​ရှိ​ပါ​၏​။ ညအိပ်နား​ရန် နေရာ​လည်း​ရှိ​ပါ​၏​”​ဟု ဆို​လေ​၏​။
26ထိုအခါ ထို​သူ​သည် ဦးညွှတ်​၍ ထာဝရဘုရား​ကို​ပျပ်ဝပ်ရှိခိုး​ကာ 27“​အကျွန်ုပ်​သခင်​အာဗြဟံ​ထံမှ မေတ္တာကရုဏာ​တော်​နှင့်​သစ္စာ​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​သော အကျွန်ုပ်​သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကျွန်ုပ်​သခင်​၏​ဆွေမျိုးသားချင်း​အိမ်​သို့ သွား​သော​လမ်းခရီး​၌ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။
28မိန်းကလေး​သည်​လည်း ပြေးသွား​၍ ဤ​အကြောင်းအရာ​တို့​ကို မိခင်​၏​အိမ်သူအိမ်သား​အား ပြောပြ​လေ​၏​။ 29ရေဗက္ကာ​တွင် လာဗန်​အမည်​ရှိ​သော​အစ်ကို​တစ်​ယောက်​ရှိ​၏​။ လာဗန်​သည် ထို​သူ​ရှိ​ရာ​စမ်းရေတွင်း​သို့ ပြေးလာ​၏​။ 30သူ​သည် သူ့​ညီမ​ထံမှ နှာဆွဲ​ကို​လည်းကောင်း​၊ လက်​မှ​လက်ကောက်​တို့​ကို​လည်းကောင်း မြင်​၍ “ထို​သူ​သည် ကျွန်မ​ကို ဤသို့​ပြော​ပါ​သည်​”​ဟု ဆို​သော​မိမိ​ညီမ​ရေဗက္ကာ​၏​စကား​ကို​ကြား​သည်​နှင့် ထို​သူ​ရှိ​ရာ​သို့​သွား​လေ​၏​။ ထို​သူ​သည် စမ်းရေတွင်း​နား​ရှိ ကုလားအုတ်​တို့​အနီး​တွင် ရပ်​နေ​၏​။
31လာဗန်​က “​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သော​သူ​၊ ဝင်လာ​ပါ​။ အဘယ်ကြောင့် အပြင်​၌​ရပ်​နေ​သနည်း​။ အကျွန်ုပ်​သည် အိမ်​ကို​လည်းကောင်း​၊ ကုလားအုတ်​တို့​အတွက် နေရာ​ကို​လည်းကောင်း ပြင်ဆင်​ထား​ပါ​ပြီ​”​ဟု ဆို​၏​။ 32သို့ဖြစ်၍ ထို​သူ​သည် အိမ်​သို့​လိုက်လာ​၏​။ လာဗန်​သည် ကုလားအုတ်​များ​ပေါ်မှ ဝန်​ကို​ချ​၍ ကုလားအုတ်​တို့​အတွက် ကောက်ရိုး​နှင့်​အစာ​ကို​ပေး​၏​။ ထို​သူ​နှင့် သူ့​အဖော်​တို့​၏​ခြေ​ကို​ဆေး​ရန် ရေ​ကို​လည်း​ပေး​၏​။
33ထို့နောက် သူ့​ရှေ့​၌ အစားအစာ​ကို တည်ခင်း​လေ​၏​။ သို့သော် ထို​သူ​က “​အကျွန်ုပ်​ကိစ္စ​ကို မ​ပြော​ရ​မ​ချင်း အကျွန်ုပ်​မ​စား​နိုင်​ပါ​”​ဟု ဆို​လျှင် လာဗန်​က “​ပြော​ပါ​”​ဟု ဆို​လေ​၏​။
34ထို​သူ​က​လည်း “​အကျွန်ုပ်​သည် အာဗြဟံ​၏​အစေအပါး​ဖြစ်​ပါ​သည်​။ 35ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင်​ကို အလွန်​ကောင်းချီးပေး​တော်မူ​သဖြင့် သူ​သည် ချမ်းသာ​သော​သူ​ဖြစ်လာ​ပါ​သည်​။ ကိုယ်တော်​သည် သူ့​အား သိုးအုပ်​၊ နွားအုပ်​၊ ရွှေ​၊ ငွေ​၊ ကျွန်ယောက်ျား​များ​၊ ကျွန်မိန်းမ​များ​၊ ကုလားအုတ်​များ​နှင့် မြည်း​များ​ကို ပေး​တော်မူ​ပါ​သည်​။ 36အကျွန်ုပ်​သခင်​၏​မယား​စာရာ​သည် အသက်ကြီး​မှ အကျွန်ုပ်​သခင်​အတွက် သား​တစ်​ယောက်​ကို​မွေးဖွား​ခဲ့​ပါ​သည်​။ အကျွန်ုပ်​၏​သခင်​သည် မိမိ​ပိုင်ဆိုင်​သော​အရာ​အားလုံး​ကို ထို​သား​အား ပေး​ပါ​သည်​။ 37အကျွန်ုပ်​သခင်​က ‘​သင်​သည် ငါ​နေထိုင်​လျက်​ရှိ​သော​ပြည်​မှ ခါနာန်​အမျိုးသမီး​များ​ထဲတွင် ငါ့​သား​အတွက် မိန်းမ​ကို​မ​ရှာ​ဘဲ 38ငါ့​မျိုးနွယ်စု​၊ ငါ့​ဖခင်​၏​အိမ်​သို့​သွား​၍ ငါ့​သား​အတွက် မိန်းမ​ကို​ရှာ​ရ​မည်​’​ဟု အကျွန်ုပ်​အား​မှာကြား​၍ ကျိန်ဆို​စေ​ခဲ့​ပါ​သည်​။ 39အကျွန်ုပ်​က​လည်း ‘​အကယ်၍​မိန်းမ​သည် အကျွန်ုပ်​နှင့်အတူ​မ​လိုက်လာ​လို​လျှင် မည်သို့​နည်း​’​ဟု အကျွန်ုပ်​သခင်​အား မေး​လျှင် 40သခင်​က ‘​ငါ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ခဲ့​၏​။ ထို​ဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို သင့်​ရှေ့​၌ စေလွှတ်​၍ သင်​၏​ခရီးစဉ်​ကို အောင်မြင်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။ သို့ဖြစ်၍ သင်​သည် ငါ့​မျိုးနွယ်စု​၊ ငါ့​ဖခင်​၏​အိမ်​တွင် ငါ့​သား​အတွက် မိန်းမ​ကို​ရှာ​ရ​မည်​။ 41သူ​တို့​သည် သူ​တို့​၏​သမီး​ကို သင့်​အား မ​ပေး​လျှင်​လည်း သင်​သည် ငါ့​မျိုးနွယ်စု​ထံသို့​ရောက်​သည်​နှင့်​ပင် ငါ​၏​ကျိန်​ခြင်း​မှ ကင်းလွတ်​ရ​လိမ့်မည်​’​ဟု အကျွန်ုပ်​အား​ဆို​ခဲ့​ပါ​သည်​။
42အကျွန်ုပ်​သည် ယနေ့ စမ်းရေတွင်း​သို့​ရောက်​သောအခါ ‘​အို အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​လာ​သော​ခရီးစဉ်​အောင်မြင်​စေရန် ကိုယ်တော်​အလိုရှိ​လျှင် 43အကျွန်ုပ်​သည် စမ်းရေတွင်း​နားမှာ ရပ်​နေ​၍ ရေခပ်​ရန်​ထွက်လာ​သည့် မိန်းမပျို​တစ်​ယောက်​အား “​သင်​၏​ရေအိုး​မှ ရေ​အနည်းငယ်​သောက်​ပါရစေ​”​ဟု ဆို​သောအခါ 44သူ​က “​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​အတွက်​လည်း ကျွန်မ​ရေခပ်​ပေး​ပါ​မည်​”​ဟု ဆို​လျှင် ထို​သူ​သည် အကျွန်ုပ်​သခင်​၏​သား​အတွက် ထာဝရဘုရား​ရွေးချယ်​ထား​သော​မိန်းမ​ဖြစ်​ပါစေသော​’​ဟု ဆုတောင်း​ခဲ့​ပါ​သည်​။
45ထိုသို့ အကျွန်ုပ်​သည် စိတ်နှလုံး​ထဲ၌ မြွက်ဆို​၍ မ​ပြီး​မီ ရေဗက္ကာ​သည် မိမိ​ပခုံး​ပေါ်တွင် ရေအိုး​တင်​လျက်​ထွက်လာ​ပြီး စမ်းရေတွင်း​သို့​ဆင်းသွား​၍​ရေခပ်​ပါ​သည်​။ အကျွန်ုပ်​က သူ့​အား ‘​ရေသောက်​ပါရစေ​’​ဟု ဆို​လျှင် 46သူ​သည် ရေအိုး​ကို မိမိ​ပခုံး​ပေါ်​မှ​အလျင်အမြန်​ချ​၍ ‘​သောက်​ပါ​။ သင်​၏​ကုလားအုတ်​တို့​ကို​လည်း ကျွန်မ​ရေတိုက်​ပါ​မည်​’​ဟု ဆို​ပါ​သည်​။ ထို့ကြောင့် အကျွန်ုပ်​သည် ရေသောက်​ရ​ပါ​သည်​။ သူ​သည် ကုလားအုတ်​တို့​ကို​လည်း ရေတိုက်​ပါ​သည်​။ 47အကျွန်ုပ်​က​လည်း ‘​သင်​သည် မည်သူ​၏​သမီး​ဖြစ်​သနည်း​’​ဟု သူ့​အား​မေး​လျှင် သူ​က ‘​ကျွန်မ​သည် နာခေါ်​အတွက် မိလခါ​မွေးဖွား​ပေး​သော​သား​ဗေသွေလ​၏​သမီး​ဖြစ်​ပါ​သည်​’​ဟု ဆို​ပါ​သည်​။ ထိုအခါ အကျွန်ုပ်​သည် သူ​၏​နှာခေါင်း​၌ နှာဆွဲ​ကို​လည်းကောင်း​၊ သူ​၏​လက်​၌ လက်ကောက်​တို့​ကို​လည်းကောင်း ဆင်ယင်​ပေး​ပါ​သည်​။ 48ထို့နောက် အကျွန်ုပ်​သည်​ဦးညွှတ်​၍ ထာဝရဘုရား​ကို​ရှိခိုးကိုးကွယ်​ကာ အကျွန်ုပ်​သခင့်​ညီ​၏​မြေး​ကို သခင့်​သား​အတွက်​ရွေးယူ​ရန် အကျွန်ုပ်​ကို မှန်​သော​လမ်း​ဖြင့်​ပို့ဆောင်​တော်မူ​သော အကျွန်ုပ်​သခင်​အာဗြဟံ​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​သည်​။ 49ယခု သင်​တို့​သည် အကျွန်ုပ်​သခင်​အား မေတ္တာ​သစ္စာ​ကို​ပြ​လို​လျှင်​ဖြစ်စေ​၊ မ​ပြ​လို​လျှင်​ဖြစ်စေ​အကျွန်ုပ်​ကို​ပြော​ပါ​။ သို့မှသာ အကျွန်ုပ်​သည် လက်ယာ​ဘက်​ဖြစ်စေ​၊ လက်ဝဲ​ဘက်​ဖြစ်စေ တစ်လမ်းလမ်း​သွား​နိုင်​ပါ​မည်​”​ဟု ပြောဆို​လေ​၏​။
50လာဗန်​နှင့်​ဗေသွေလ​တို့​က​လည်း “​ဤ​အမှု​သည် ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။ အကျွန်ုပ်​တို့​သည် ကောင်း​သည်​၊ မကောင်း​သည် ဟူ၍ သင့်​ကို​မ​ပြော​နိုင်​ပါ​။ 51ရေဗက္ကာ​သည် သင့်​ရှေ့​၌​ရှိ​၏​။ သူ့​ကို​ခေါ်​သွား​ပါ​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သင့်​သခင်​၏​သား​အတွက် မယား​ဖြစ်​စေ​ပါ​”​ဟု ပြန်ဖြေ​ကြ​၏​။
52အာဗြဟံ​၏​အစေအပါး​သည် သူ​တို့​၏​စကား​ကို​ကြား​လျှင် မြေ​မှာ​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို​ရှိခိုး​လေ​၏​။ 53ထို့နောက် ထို​အစေအပါး​သည် ရွှေ​တန်ဆာ​၊ ငွေ​တန်ဆာ​နှင့် အဝတ်တန်ဆာ​တို့​ကို​ထုတ်​၍ ရေဗက္ကာ​အား ပေး​၏​။ သူ့​အစ်ကို​နှင့် သူ့​မိခင်​အား​လည်း အဖိုးတန်​သော​လက်ဆောင်​များ​ကို ပေး​၏​။ 54ထို့နောက် ထို​အစေအပါး​နှင့်​သူ့​အဖော်​တို့​သည် စား​သောက်​၍ ညအိပ်နား​ကြ​၏​။ နံနက်အချိန်​တွင် သူ​တို့​ထ​ကြ​သောအခါ ထို​အစေအပါး​က “​အကျွန်ုပ်​ကို အကျွန်ုပ်​သခင်​ထံသို့ ပြန်ခွင့်ပြု​ပါ​”​ဟု ဆို​လေ​၏​။
55ရေဗက္ကာ​၏​မိခင်​နှင့်​အစ်ကို​က “​မိန်းကလေး​သည် အကျွန်ုပ်​တို့​နှင့်အတူ ဆယ်​ရက်​ခန့် နေ​ပါစေဦး​။ ထို့နောက်မှ သူ့​ကို​သွား​စေ​မည်​”​ဟု ဆို​၏​။ 56အစေအပါး​က​လည်း “​ထာဝရဘုရား​သည် အကျွန်ုပ်​၏​ခရီးစဉ်​ကို အောင်မြင်​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​မ​နှောင့်နှေး​ပါရစေ​နှင့်​။ အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။ အကျွန်ုပ်​သခင်​ထံသို့ ပြန်သွား​ပါရစေ​”​ဟု ဆို​၏​။ 57သူ​တို့​က​လည်း “​မိန်းကလေး​ကို​ခေါ်​၍ သူ့​ဆန္ဒ​ကို မေးကြည့်​ကြ​စို့​”​ဟု ဆို​ပြီးလျှင် 58ရေဗက္ကာ​ကို​ခေါ်​၍ “​သင်​သည် ဤ​သူ​နှင့်​လိုက်သွား​မည်လော​”​ဟု မေး​ကြ​ရာ သူ​က “​ကျွန်မ​လိုက်သွား​ပါ​မည်​”​ဟု ဆို​၏​။ 59ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ညီမ​ရေဗက္ကာ​နှင့် သူ​၏​အထိန်း​ကို အာဗြဟံ​၏​အစေအပါး​၊ သူ​၏​လူ​တို့​နှင့်အတူ လွှတ်လိုက်​ကြ​၏​။ 60သူ​တို့​သည် ရေဗက္ကာ​ကို​ကောင်းချီးပေး​လျက် “​ငါ​တို့​နှမ​၊ သင်​သည် လူ​အထောင်​အသောင်း​တို့​၏​အမိ​ဖြစ်လာ​ပါစေ​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ#24:60 သို့မဟုတ် “သူ့ကိုမုန်းသောသူ”။​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​နိုင်​ပါစေ​”​ဟု ဆို​ကြ​၏​။
61ထို့နောက် ရေဗက္ကာ​နှင့် သူ​၏​အစေခံ​မိန်းကလေး​တို့​သည်​ထ​၍ ကုလားအုတ်​တို့​ကို​စီး​လျက် ထို​သူ​၏​နောက်သို့​လိုက်သွား​ကြ​၏​။ ဤသို့ဖြင့် ထို​အစေအပါး​သည် ရေဗက္ကာ​ကို​ခေါ်ဆောင်​၍ ထွက်ခွာ​သွား​လေ​၏​။ 62ထို​အချိန်​တွင် ဣဇက်​သည် ဗေရလဟဲရော​အရပ်​မှ​လာ​၍ နေဂေ့​အရပ်​၌​နေထိုင်​၏​။ 63ဣဇက်​သည် ညချမ်းအချိန်​၌ ကွင်းပြင်​သို့ လမ်းလျှောက်​ထွက်သွား​၍ မျှော်ကြည့်​လိုက်​ရာ ကုလားအုတ်​များ​လာ​နေ​သည်​ကို​မြင်​လေ​၏​။ 64ရေဗက္ကာ​သည်​လည်း မျှော်ကြည့်​၍ ဣဇက်​ကို​မြင်​လျှင် ကုလားအုတ်​အပေါ်​မှ​ဆင်း​ပြီး 65“​ကျွန်မ​တို့​ကို​ကြိုဆို​ရန် ကွင်းပြင်​၌​လျှောက်လာ​သော ထို​သူ​သည် မည်သူ​နည်း​”​ဟု အစေအပါး​အား​မေး​လေ​၏​။ အစေအပါး​က​လည်း “​သူ​သည် အကျွန်ုပ်​၏​သခင်​ဖြစ်​ပါ​သည်​”​ဟု ပြန်ပြော​လျှင် ရေဗက္ကာ​သည် ခြုံပဝါ​ကို​ယူ​၍ မျက်နှာ​ကို​ဖုံး​လေ​၏​။ 66အစေအပါး​သည် မိမိ​ပြု​ခဲ့​သော​အရာ​အားလုံး​ကို ဣဇက်​အား ပြောပြ​လေ​၏​။
67ထိုအခါ ဣဇက်​သည် ရေဗက္ကာ​ကို မိခင်​စာရာ​၏​တဲ​ထဲသို့​ခေါ်ဆောင်​သွား​၍ သူ​နှင့်​စုံဖက်​သဖြင့် ရေဗက္ကာ​သည် သူ​၏​မယား​ဖြစ်လာ​၏​။ ဣဇက်​သည် ရေဗက္ကာ​ကို​ချစ်​သဖြင့် မိခင်​မ​ရှိ​တော့​သည့်​နောက်တွင် နှစ်သိမ့်မှု​ကို​ရရှိ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in