YouVersion Logo
Search Icon

ကမ္ဘာဦးကျမ်း 14

14
လောတကို အာဗြံကယ်ခြင်း
1ရှိနာ​ဘုရင်​အံရဖေလ​မင်းကြီး​၊ ဧလာသာ​ဘုရင်​အာရုတ်​မင်းကြီး​၊ ဧလံ​ဘုရင်​ခေဒေါရလောမာ​မင်းကြီး​နှင့် ဂေါအိမ်​ဘုရင်​တိဒလ​မင်းကြီး​တို့​အုပ်စိုး​သော​ကာလ​၌ 2သူ​တို့​သည် သောဒုံ​ဘုရင်​ဗေရ​မင်းကြီး​၊ ဂေါမောရ​ဘုရင်​ဗိရရှ​မင်းကြီး​၊ အာဒမာ​ဘုရင်​ရှိနပ်​မင်းကြီး​၊ ဇေဘိုင်​ဘုရင်​ရှေမဘာ​မင်းကြီး​၊ ဗေလ​(​ဇောရ)​ဘုရင်​တို့​နှင့် စစ်တိုက်​ကြ​၏​။ 3ဤ​ဘုရင်​ငါး​ပါး​စလုံး​သည် ဆား​ပင်လယ်​တည်းဟူသော စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ မဟာမိတ်ဖွဲ့​ကြ​၏​။ 4ဤ​ဘုရင်​တို့​သည် ခေဒေါရလောမာ​မင်းကြီး​ထံ တစ်ဆယ့်​နှစ်​နှစ်​ကျွန်ခံ​ပြီး တစ်ဆယ့်​သုံး​နှစ်​မြောက်​တွင် ပုန်ကန်​ကြ​၏​။ 5တစ်ဆယ့်​လေး​နှစ်​မြောက်​တွင် ခေဒေါရလောမာ​မင်းကြီး​သည် မဟာမိတ်​ဘုရင်​တို့​နှင့်တကွ​ချီတက်​လာ​၍ အာရှတရုတ်ကာနိမ်​မြို့​၌ ရေဖိမ်​လူမျိုး​ကို​လည်းကောင်း​၊ ဟာမ​မြို့​၌ ဇူဇိမ်​လူမျိုး​ကို​လည်းကောင်း​၊ ရှာဗက်​ကိရယသိမ်​မြို့​၌ ဧမိမ်​လူမျိုး​ကို​လည်းကောင်း​၊ 6စိရ​တောင်​ပေါ်၌ ဟောရိ​လူမျိုး​တို့​ကို​လည်းကောင်း တိုက်ခိုက်​ရာ တောကန္တာရ​အနီး​ရှိ ဧလပါရန်​အရပ်​တိုင်အောင်​ရောက်​လေ​၏​။ 7ထို့နောက် သူ​တို့​သည် ပြန်လှည့်​လာ​၍ ကာဒေရှ​တည်းဟူသော အင်မိရှပတ်​အရပ်​သို့​ရောက်လာ​ကြ​ပြီးလျှင် အာမလက်​လူမျိုး​၏​နယ်မြေ​တစ်ခုလုံး​နှင့် ဟာဇဇုန္တာမာ​မြို့​၌​နေထိုင်​သော​အာမောရိ​လူမျိုး​ကို တိုက်ခိုက်​ကြ​၏​။
8ထိုအခါ သောဒုံ​ဘုရင်​၊ ဂေါမောရ​ဘုရင်​၊ အာဒမာ​ဘုရင်​၊ ဇေဘိုင်​ဘုရင်​နှင့် ဗေလ​(​ဇောရ)​ဘုရင်​တို့​သည် ချီတက်​၍ သူ​တို့​နှင့် စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌​စစ်ခင်း​ကြ​၏​။ 9ထိုသို့ ဧလံ​ဘုရင်​ခေဒေါရလောမာ​မင်းကြီး​၊ ဂေါအိမ်​ဘုရင်​တိဒလ​မင်းကြီး​၊ ရှိနာ​ဘုရင်​အံရဖေလ​မင်းကြီး​၊ ဧလာသာ​ဘုရင်​အာရုတ်​မင်းကြီး​ဟူသော ဘုရင်​လေး​ပါး​တို့​နှင့် ထို​ဘုရင်​ငါး​ပါး​တို့​သည် စစ်ခင်း​ကြ​၏​။ 10စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌ ကတ္တရာစေး​တွင်း​ပေါများ​သဖြင့် သောဒုံ​ဘုရင်​နှင့်​ဂေါမောရ​ဘုရင်​တို့​သည်​ထွက်ပြေး​ကြ​သောအခါ ထို​တွင်း​များ​ထဲသို့​ကျ​လေ​၏​။ ကျန်​သော​သူ​တို့​သည် တောင်​ပေါ်သို့​ထွက်ပြေး​ကြ​၏​။ 11ထိုအခါ အောင်ပွဲရ​ဘုရင်​တို့​သည် သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​တို့​မှ​ဥစ္စာ​ရှိသမျှ​၊ အစားအစာ​ရှိသမျှ​တို့​ကို​သိမ်းယူ​၍ ထွက်သွား​ကြ​၏​။ 12သောဒုံ​မြို့​၌​နေထိုင်​သော အာဗြံ​၏​တူ​လောတ​နှင့် သူ​၏​ဥစ္စာ​တို့​ကို​လည်း​သိမ်းယူ​၍ ထွက်သွား​ကြ​၏​။
13လွတ်မြောက်​လာ​သူ​တစ်​ယောက်​သည် အာမောရိ​လူမျိုး​မံရေ​ပိုင်​သည့်​ဝက်သစ်ချတော​အနီး​၌​နေထိုင်​သော ဟေဗြဲ​လူမျိုး အာဗြံ​ထံသို့​လာ​၍ သတင်းပို့​လေ​၏​။ မံရေ​သည် ဧရှကောလ​နှင့် အာနေရ​တို့​၏​အစ်ကို​ဖြစ်​ပြီး သူ​တို့​သည် အာဗြံ​နှင့်​မဟာမိတ်​ဖွဲ့​ထား​သော​သူ​များ​ဖြစ်​ကြ​၏​။ 14အာဗြံ​သည် မိမိ​ဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြောင်း ကြား​သောအခါ မိမိ​အိမ်​၌​မွေးဖွား​သော​သူ​ဖြစ်​ကြ​သည့် မိမိ​လေ့ကျင့်​ထား​သော​လူ သုံး​ရာ​တစ်ဆယ့်​ရှစ်​ယောက်​ကို​ခေါ်​၍ ဒန်​မြို့​တိုင်အောင် လိုက်​လေ​၏​။ 15သူ​သည် ညအချိန်​တွင် သူ​၏​အစေအပါး​တို့​ကို​လူစု​ခွဲ​၍ ရန်သူ​တို့​ကို​တိုက်ခိုက်​ကာ ဒမတ်စကပ်​မြို့​မြောက်ဘက်​ရှိ ဟောဘ​မြို့​တိုင်အောင် သူ​တို့​ကို​လိုက်​လေ​၏​။ 16ဤသို့ဖြင့် သူ​သည် ဥစ္စာ​ရှိသမျှ​ကို​ပြန်ရ​၍ မိမိ​ဆွေမျိုးသားချင်း​လောတ​နှင့် သူ​၏​ဥစ္စာ​ကို​လည်းကောင်း​၊ မိန်းမ​များ​နှင့် လူ​များ​ကို​လည်းကောင်း ပြန်ရ​လေ​၏​။
မေလခိဇေဒက်က အာဗြံကိုကောင်းချီးပေးခြင်း
17ခေဒေါရလောမာ​မင်းကြီး​မှစ၍ သူ​၏​မဟာမိတ်​ဘုရင်​တို့​ကို လုပ်ကြံ​ရာ​မှ အာဗြံ​ပြန်လာ​သောအခါ သောဒုံ​ဘုရင်​သည် သူ့​ကို​ကြိုဆို​ရန် ဘုရင့်​ချိုင့်ဝှမ်း​တည်းဟူသော ရှာဗက်​ချိုင့်ဝှမ်း​သို့ ထွက်လာ​၏​။ 18ဆလင်​ဘုရင်​မေလခိဇေဒက်​မင်းကြီး​သည်​လည်း မုန့်​နှင့်​စပျစ်ဝိုင်​ကို​ယူဆောင်​ခဲ့​၏​။ သူ​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏​။ 19သူ​သည် အာဗြံ​ကို​ကောင်းချီးပေး​လျက် “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း#14:19 သို့မဟုတ် “ပိုင်ဆိုင်”။​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အာဗြံ​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ 20သင်​၏​ရန်သူ​တို့​ကို သင့်​လက်​သို့ အပ်နှံ​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​တော်မူ​ပါစေသော​”​ဟု မြွက်ဆို​လေ​၏​။ အာဗြံ​သည်​လည်း ရှိသမျှ​သော​အရာ​တို့​၏​ဆယ်ဖို့တစ်ဖို့​ကို သူ့​အား​ပေးလှူ​၏​။
21သောဒုံ​ဘုရင်​က “​လူ​တို့​ကို ငါ့​အား​ပြန်ပေး​ပါ​။ ဥစ္စာ​တို့​ကို​ကား သင့်​အဖို့​ယူ​ပါ​လော့​”​ဟု အာဗြံ​အား​ဆို​လေ​၏​။
22သို့သော် အာဗြံ​က “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​ထာဝရဘုရား​ထံသို့ အကျွန်ုပ်​လက်​ကို​မြှောက်​၍ တိုင်တည်​ပါ​၏​။ 23‘​ငါ​သည် အာဗြံ​ကို​ချမ်းသာကြွယ်ဝ​စေ​ပြီ​’​ဟု မင်းကြီး​ဆိုစရာ​မ​ရှိ​စေရန် မင်းကြီး​ပိုင်ဆိုင်​သော​အရာ​အားလုံး​ထဲမှ အပ်ချည်​တစ်​မျှင်​၊ သည်းကြိုး​တစ်​ချောင်း​ကို​မျှ အကျွန်ုပ်​မ​ယူ​ပါ​။ 24ငယ်သား​တို့​စား​သော​အရာ​နှင့် အကျွန်ုပ်​နှင့်အတူ​လိုက်​ခဲ့​သော အာနေရ​၊ ဧရှကောလ​နှင့် မံရေ​တို့​၏​ဝေစု​ကို​သာ ယူ​ပါ​မည်​။ သူ​တို့​ဝေစု​ကို​သူ​တို့​ယူ​ကြ​ပါစေ​”​ဟု သောဒုံ​ဘုရင်​အား ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in