YouVersion Logo
Search Icon

ဂလာတိဩဝါဒစာ 4

4
1ငါ​ဆိုလို​သည်​ကား အမွေခံ​သည် အမွေ​ပစ္စည်း​ရှိသမျှ​ကို ပိုင်ဆိုင်​သူ​ဖြစ်​သော်လည်း ကလေး​သူငယ်​ဖြစ်​နေ​သေး​သရွေ့ ကျွန်​နှင့်​ခြားနား​ခြင်း​မ​ရှိ​ဘဲ 2ဖခင်​သတ်မှတ်​သော​အချိန်​မ​ရောက်​မချင်း အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​နှင့်​ဘဏ္ဍာစိုး​တို့​၏​လက်အောက်​၌ နေ​ရ​၏။ 3ထိုနည်းတူ ငါ​တို့​သည်​လည်း ကလေး​သူငယ်​ဖြစ်​ကြ​စဉ် လောက​၏​အခြေခံ​တရား​အောက်၌ ကျွန်ခံ​ခဲ့​ကြ​၏။ 4သို့သော် အချိန်​ကာလ​ပြည့်စုံ​ခြင်း​သို့​ရောက်​သောအခါ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို​စေလွှတ်​တော်မူ​၍ ထို​သား​တော်​သည် မိန်းမ​တစ်​ဦး​မှ​မွေးဖွား​လျက် ပညတ်​တရား​အောက်၌ ပေါ်ထွန်း​တော်မူ​၏။ 5ဤသည်ကား ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို ရွေးနုတ်​တော်မူ​သဖြင့် ငါ​တို့​သည် သားသမီး​အရာ​ကို​ရရှိ​ကြ​ရန်​ဖြစ်​၏။ 6ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။ 7သို့ဖြစ်၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘုရားသခင်​အားဖြင့် အမွေခံ​လည်း​ဖြစ်​၏။
ဂလာတိပြည်သားတို့ကိုပေါလုအလေးထားခြင်း
8သို့သော် ဘုရားသခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်ကို​အားဖြင့် ဘုရား​မ​ဟုတ်​သော​အရာ​များ​ထံ ကျွန်ခံ​ခဲ့​ကြ​၏။ 9ယခု​မူကား သင်​တို့​သည် ဘုရားသခင်​ကို​သိ​ကြ​၏။ တစ်နည်းဆိုရလျှင် ဘုရားသခင်​သည် သင်​တို့​ကို​သိ​တော်မူ​၏။ သို့ဖြစ်လျှင် အားနည်း​၍ ချမ်းသာ​မ​ပေး​နိုင်​သော​အခြေခံ​တရား​ဘက်​သို့ အဘယ်ကြောင့် ပြန်လှည့်​၍ ထို​အခြေခံ​တရား​ထံ အသစ်တစ်ဖန် ပြန်၍​ကျွန်ခံ​လို​ကြ​သနည်း။ 10သင်​တို့​သည် နေ့ရက်​များ၊ လ​များ၊ အချိန်အခါ​များ​နှင့် နှစ်​များ​ကို စောင့်ထိန်း​ကြ​ပြီ​တကား။ 11သင်​တို့​အတွက် ငါ​ကြိုးစား​လုပ်ဆောင်​ခဲ့​သော​အရာ​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အတွက် ငါ​စိုးရိမ်​၏။
12ညီအစ်ကို​တို့၊ ငါ​ကဲ့သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်းပန်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည်​လည်း သင်​တို့​ကဲ့သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အပေါ် မည်သည့်​မတရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။ 13ပထမ​အကြိမ် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​ရ​ခြင်း​မှာ ကိုယ်ကာယ​နာမကျန်း​သောကြောင့်​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ​၏။ 14ထိုသို့ ငါ​၏​ကိုယ်ကာယ​အခြေအနေ​သည် သင်​တို့​အတွက် စုံစမ်း​နှောင့်ယှက်​ခြင်း​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ကို​မထီမဲ့မြင်​မ​ပြု၊ ရွံရှာ​ခြင်း​လည်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​ကောင်းကင်​တမန်​ကဲ့သို့​လည်းကောင်း၊ ခရစ်တော်​ယေရှု​ကဲ့သို့​လည်းကောင်း ငါ့​ကို​လက်ခံ​ကြ​၏။ 15သို့ဖြစ်လျက်ပင် သင်​တို့​ခံစား​ရ​သော​မင်္ဂလာ​သည် မည်သို့​ဖြစ်​သွား​သနည်း။ သင်​တို့​သည် ဖြစ်နိုင်​လျှင် သင်​တို့​၏​မျက်စိ​ကို​ပင်​ထုတ်​၍ ငါ့​အား​ပေး​ခဲ့​ကြ​ပေ​လိမ့်မည်​ဟု သင်​တို့​နှင့်​ပတ်သက်၍ ငါ​သက်သေခံ​၏။ 16ငါ​သည် သင်​တို့​အား သမ္မာတရား​ကို​ဟောပြော​သောကြောင့် သင်​တို့​၏​ရန်သူ​ဖြစ်​သွား​ပြီ​လော။
17သင်​တို့​အပေါ် အရေးတယူ​ပြု​ကြ​သော​ထို​သူ​တို့​သည် ကောင်း​သော​ရည်ရွယ်ချက်​ကြောင့်​မ​ဟုတ်​ဘဲ သူ​တို့​အပေါ် အရေးတယူ​ပြု​စေရန် သင်​တို့​ကို သီးသန့်​ဖယ်ထုတ်​လို​၍​သာ​ဖြစ်​၏။ 18သင်​တို့​နှင့်အတူ ငါ​ရှိ​နေ​စဉ်​တွင်​သာ​မ​ဟုတ်​ဘဲ အစဉ်အမြဲ ကောင်း​သော​ရည်ရွယ်ချက်​ဖြင့် အရေးတယူ​ပြု​ခံရ​ခြင်း​သည် ကောင်း​ပေ​၏။ 19ခရစ်တော်​၏​အသွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ၌ ပေါ်ပေါက်​လာ​သည့်​တိုင်အောင် သင်​တို့​အတွက် သားဖွား​ခြင်း​ဝေဒနာ​ကို ငါ​တစ်ဖန်​ခံစား​ရ​သော ငါ့​သားသမီး​တို့၊ 20ငါ​သည် သင်​တို့​နှင့်​ပတ်သက်၍ တွေးမရ​ဖြစ်​နေ​သဖြင့် ယခု​ပင် သင်​တို့​နှင့်အတူ​ရှိ​လျက် ငါ့​လေသံ​ကို ငါ​ပြောင်း​လို​၏။
စာရာနှင့်ဟာဂရ-ပဋိညာဉ်နှစ်ပါး
21ပညတ်​တရား​အောက်၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြောပြ​ကြ​လော့။ ပညတ်​တရား​က မည်သို့​မိန့်ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သလော။ 22အကြောင်းမူကား “အာဗြဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်လပ်​သော​မိန်းမ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။ 23ကျွန်​မ​၏​သား​သည် သွေးသား​ဇာတိ​အရ​မွေးဖွား​လာ​၏။ လွတ်လပ်​သော​မိန်းမ​၏​သား​မူကား ကတိ​တော်​အရ​မွေးဖွား​လာ​၏။
24ဤ​အကြောင်းအရာ​တို့​သည် ပုံဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အကြောင်းမူကား ထို​မိန်းမ​နှစ်​ဦး​သည် ပဋိညာဉ်​နှစ်​ပါး​ကို​ဆိုလို​၏။ တစ်​ပါး​သည် သိနာ​တောင်​မှ​ဖြစ်၍ ကျွန်​ကို​မွေးဖွား​၏။ ထို​သူ​သည် ဟာဂရ​ဖြစ်​၏။ 25ဟာဂရ​သည် အာရေဗျ​ပြည်​၌​ရှိ​သော သိနာ​တောင်​ကို​ဆိုလို​၍ လက်ရှိ​ဂျေရုဆလင်​မြို့​နှင့်​လည်း အလားတူ​၏။ အဘယ်ကြောင့်​ဆိုသော် ၎င်း​သည် မိမိ​၏​သားသမီး​တို့​နှင့်အတူ ကျွန်ခံ​နေ​ရ​၏။ 26သို့သော် အထက်​အရပ်​တွင်​ရှိ​သော ဂျေရုဆလင်​မြို့​သည် လွတ်လပ်​သော​မိန်းမ​ဖြစ်၍ ၎င်း​သည် ငါ​တို့​၏​အမိ​ဖြစ်​၏။ 27အကြောင်းမူကား
“သား​မ​ဖွား​ဖူး​သော​အမြုံမ၊ ပျော်ရွှင်​လော့။
သားဖွား​ခြင်း​ဝေဒနာ​ကို​မ​ခံစား​ဖူး​သော​မိန်းမ၊ အသံကုန်​လွှင့်​၍ ဟစ်ကြော်​လော့။
အဘယ်ကြောင့်​ဆိုသော် စွန့်ပစ်​ခံရ​သော​မိန်းမ​၏​သားသမီး​တို့​သည် ယောက်ျား​ရှိ​သော​မိန်းမ​၏​သားသမီး​တို့​ထက် များ​ကြ​၏”#ဟေရှာ 54:1။​ဟု ရေး​ထား​၏။
28ညီအစ်ကို​တို့၊ သင်​တို့​မူကား ဣဇက်​ကဲ့သို့ ကတိ​တော်​နှင့်ဆိုင်သော သားသမီး​များ​ဖြစ်​ကြ​၏။ 29သို့သော် ထိုစဉ်က သွေးသား​ဇာတိ​အရ​မွေးဖွား​သော​သား​သည် ဝိညာဉ်​တော်​အရ​မွေးဖွား​သော​သား​ကို ညှဉ်းဆဲ​သကဲ့သို့ ယခု​လည်း ထိုနည်းတူ​ဖြစ်​၏။ 30သို့ရာတွင် ကျမ်းစာ​က မည်သို့​ဆို​ထား​သနည်း။ “ကျွန်​မ​နှင့်​သူ​၏​သား​ကို နှင်ထုတ်​လော့။ အကြောင်းမူကား ကျွန်​မ​၏​သား​သည် လွတ်လပ်​သော​မိန်းမ​၏​သား​နှင့်အတူ လုံးဝ​အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်”#က 21:10။​ဟု ဆို​ထား​၏။
31သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သားသမီး​များ​မ​ဟုတ်​ဘဲ လွတ်လပ်​သော​မိန်းမ​၏​သားသမီး​များ​ဖြစ်​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in