YouVersion Logo
Search Icon

ဧဇရမှတ်စာ 3

3
မီးရှို့ရာယဇ်ပြန်လည်ပူဇော်ခြင်း
1သတ္တမ​လ ရောက်​သောအခါ ကိုယ့်​မြို့​ကိုယ့်​ရွာ​တို့​၌​နေထိုင်​ကြ​သော အစ္စရေး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​သို့ တစ်စိတ်တစ်သဘောတည်း​စုဝေး​လာ​ကြ​၍ 2ဘုရားသခင်​၏​လူ​မောရှေ​၏​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း မီးရှို့ရာယဇ်​ကို​ပူဇော်​ရန် ယောဇဒက်​၏​သား ယေရွှာ​နှင့် သူ့​ညီအစ်ကို​ယဇ်ပုရောဟိတ်​များ​၊ ရှာလသေလ​၏​သား ဇေရုဗဗေလ​နှင့် သူ့​ညီအစ်ကို​များ​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​အဖို့ ယဇ်ပလ္လင်​ကို ထ​၍​တည်​ကြ​လေ​၏​။ 3သူ​တို့​သည် ပြည်သား​တို့​ကို​ကြောက်ရွံ့​လျက်​နှင့်​ပင် ယဇ်ပလ္လင်​ကို မူလ​နေရာ​၌ တည်ဆောက်​ကြ​၏​။ ထို့နောက် နံနက်အချိန်​၊ နေဝင်ချိန်​တို့​၌ ထာဝရဘုရား​အဖို့ မီးရှို့ရာယဇ်​များ​ကို ပူဇော်​ကြ​၏​။ 4ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲစု​ပွဲတော်​ကို​လည်း ကျင်းပ​ကြ​၏​။ စီရင်ထုံးဖွဲ့ချက်​အရ တစ်ရက်စီ​အတွက်​ပူဇော်​ရ​မည့် ယဇ်ကောင်​အရေအတွက်​နှင့်အညီ မီးရှို့ရာယဇ်​များ​ကို​လည်း နေ့စဉ်​ပူဇော်​ကြ​၏​။ 5ပုံမှန်​မီးရှို့ရာယဇ်​ကို​လည်း ပူဇော်​ကြ​၏​။ ထို့ပြင် လဆန်း​နေ့​များ​၊ ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​ဆိုင်ရာ ပူဇော်သက္ကာ​များ​နှင့် ထာဝရဘုရား​အား စေတနာ​အလျောက် အသီးသီး​ပေးလှူ​သော​ပူဇော်သက္ကာ​များ​ကို​လည်း ပူဇော်​ကြ​၏​။
6သတ္တမ​လ​၊ ပထမ​ရက်​တွင် စတင်​၍​ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​၏​။ ထို​အချိန်​ထိ ထာဝရဘုရား​၏​ဗိမာန်တော်​အုတ်မြစ်​ကို မ​ချ​ရ​သေး​ချေ​။ 7ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငွေ​ပေး​၍​ခိုင်း​စေ​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး​၏​ခွင့်ပြုချက်​ဖြင့် ဆီဒုန်​အမျိုးသား​၊ တိုင်ရာ​အမျိုးသား​တို့​ကို စားနပ်ရိက္ခာ​နှင့်​ဆီ​ကို​ပေး​၍ သစ်ကတိုးသား​များ​ကို လက်ဘနွန်​တော​မှ ယုပ္ပေ​မြို့​အရောက် မျှောချ​စေ​၏​။
အိမ်တော်ကိုပြန်လည်တည်ဆောက်ခြင်း
8သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​သို့​ရောက်လာ​ပြီး ဒုတိယ​နှစ်​၊ ဒုတိယ​လ​တွင် ရှာလသေလ​သား ဇေရုဗဗေလ​၊ ယောဇဒက်​သား ယေရွှာ​မှစ၍ ကျန်ရှိ​သော သူ​တို့​၏​ညီအစ်ကို​များ​၊ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​များ​၊ သုံ့ပန်း​အဖြစ်​ပါသွား​၍ ဂျေရုဆလင်​မြို့​သို့​ပြန်လာ​သော​သူ​များ​အားလုံး​တို့​သည် အိမ်​တော်​ကို စတင်​တည်ဆောက်​ကြ​၏​။ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​လေဝိ​အမျိုး​တို့​ကို အိမ်​တော်​တည်ဆောက်​ရာ​တွင် ကြီးကြပ်​သူ​များ​အဖြစ် ခန့်ထား​ကြ​၏​။ 9ယေရွှာ​အပါအဝင် သူ​၏​သားမြေး​နှင့် သူ​၏​ညီအစ်ကို​များ​၊ ကပ်မျေလ​နှင့် သူ​၏​သားမြေး​များ​၊ ယုဒ​သားမြေး​များ​၊ လေဝိ​အမျိုး ဟေနဒဒ်​သားမြေး​တို့​၏​သားမြေး​များ​နှင့် သူ​တို့​၏​ညီအစ်ကို​များ​သည် ဘုရားသခင်​၏​အိမ်​တော်​တည်ဆောက်​ရာ​၌ အလုပ်​လုပ်​သော​သူ​များ​ကို အတူတကွ​ကြီးကြပ်​ကြ​၏​။
ဗိမာန်တော်အုတ်မြစ်ချခြင်း
10ထာဝရဘုရား​၏​ဗိမာန်တော်​တည်ဆောက်​သော​သူ​တို့​သည် အုတ်မြစ်​ကို​ချ​သောအခါ ဝတ်စုံ​ဝတ်ဆင်​ထား​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုးခရာ​ကို​ကိုင်​လျက်​၊ အာသပ်​၏​သား​လေဝိ​အမျိုး​တို့​သည်​လည်း လင်းကွင်း​များ​ကို​ကိုင်​လျက် အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​လက်ထက်​က​အတိုင်း​နေရာယူ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​သည်​မှာ 11“​စင်စစ် ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၏​။ အစ္စရေး​လူမျိုး​ကို ထာဝရ​မေတ္တာ​နှင့် ချစ်​တော်မူ​၏​”​ဟု ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို သီဆို​ချီးမွမ်း​ကြ​၏​။ ထာဝရဘုရား​၏​အိမ်​တော်​အုတ်မြစ်​ကို ချ​ပြီး​ဖြစ်၍ လူ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ ကြီးစွာ​သော​အသံ​ဖြင့် ကြွေးကြော်​ချီးမွမ်း​ကြ​လေ​၏​။
12ယခင်​အိမ်​တော်​ကို မြင်​ဖူး​ခဲ့​သော​သက်ကြီးပိုင်း ယဇ်ပုရောဟိတ်​များ​၊ လေဝိ​အမျိုး​များ​နှင့် အိမ်ထောင်စု​အကြီးအမှူး​များစွာ​တို့​သည် ယခု​အိမ်​တော်​အုတ်မြစ်ချ​သည်​ကို မြင်​ရ​သောအခါ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ လူ​အများစု​မှာ​မူ ဝမ်းမြောက်ဝမ်းသာ​စိတ်​ဖြင့် ကြွေးကြော်​ကြ​လေ​၏​။ 13ထို့ကြောင့် ဝမ်းမြောက်​စွာ​ကြွေးကြော်​သံ​လော​၊ အော်ဟစ်​ငိုကြွေး​သံ​လော မည်သူ​မျှ​ခွဲခြား​၍ မ​ရ​နိုင်​ဖြစ်​လေ​၏​။ လူအုပ်ကြီး​၏​ဆူညံ​စွာ​အော်ဟစ်​ကြွေးကြော်​သံ​ကြီး​မှာ အဝေး​မှပင် ကြား​ရ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in