YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 8

8
ဂျေရုဆလင်မြို့သို့ရောက်သွားသည်ဟု စိတ်အာရုံရခြင်း
1ဆဋ္ဌမ​နှစ်​၊ ဆဋ္ဌမ​လ​၊ ငါး​ရက်​နေ့​တွင် ငါ​သည် အိမ်​၌​ထိုင်​နေ​၍ ယုဒ​လူ​သက်ကြီးဝါကြီး​တို့​သည်​လည်း ငါ့​ရှေ့​၌​ထိုင်​နေ​ကြ​စဉ် ဘုရားရှင်​ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ် သက်ရောက်​လာ​၏​။ 2ထိုအခါ ငါ​ကြည့်လိုက်​သော် လူ#8:2 တိုက်ရိုက်ပြန်ဆိုလျှင် “မီး”။​နှင့်​တူ​သော​သဏ္ဌာန်​တစ်​ခု​ကို တွေ့​ရ​၏​။ ထို​သူ​၏​ခါး​အောက်ပိုင်း​သည် မီး​ကဲ့သို့​ဖြစ်​၏​။ ခါး​အပေါ်​ပိုင်း​သည် တောက်ပ​သော​ကြေးဝါ#8:2 သို့မဟုတ် “ပယင်း”။​အဆင်း​ရှိ​၏​။ 3ထို​လူ​ထံမှ လက်​နှင့်တူသော​အရာ​တစ်​ခု ထွက်လာ​၍ ငါ့​ဦးခေါင်း​မှ​ဆံပင်​ကို လှမ်းဆွဲ​၏​။ ဘုရားသခင်​ဖွင့်ပြ​သော နိမိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို မိုး​နှင့်​မြေ​အကြား​သို့​ချီမ​လိုက်​ပြီး မနာလိုဝန်တိုစိတ်​ကို​ဆွပေး​သော​ရုပ်တု စိုက်ထူ​ထား​ရာ ဂျေရုဆလင်​မြို့​မြောက်ဘက်​၊ အတွင်း​တံတိုင်း​တံခါးဝ​သို့ ဆောင်သွား​တော်မူ​၏​။ 4လွင်ပြင်​၌ ငါ​မြင်​ရ​သော ဗျာဒိတ်အာရုံ​ကဲ့သို့ပင် ထို​နေရာ​၌ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်းအသရေ​တော်​ကို မြင်​ရ​၏​။
ဗိမာန်တော်အတွင်း စက်ဆုပ်ရွံရှာဖွယ်ရာများ
5ထိုအခါ “​အချင်း​လူသား​၊ ယခု မြောက်ဘက်​သို့ မျှော်ကြည့်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် မြောက်ဘက်​သို့ ငါ​မျှော်ကြည့်​သော် မြောက်ဘက်​၊ ယဇ်ပလ္လင်​တံခါး​အဝင်ဝ​တွင် ဝန်တို​ခြင်း​ရုပ်တု စိုက်ထူ​ထား​သည်​ကို တွေ့​ရ​၏​။ 6တစ်ဖန် “​အချင်း​လူသား​၊ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​စွန့်ပစ်​အောင် အစ္စရေး​အမျိုးအနွယ်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​ကြီး​ကို သင်​မြင်​ပြီ​လော​။ ထို့ပြင် ထို့​ထက်​သာ၍ စက်ဆုပ်ရွံရှာဖွယ်​များ ပြု​နေ​သည်​ကို သင်​မြင်​ရ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။
7တစ်ဖန် ငါ့​ကို ဝင်းတံခါးဝ​သို့​ခေါ်သွား​ရာ ငါ​ကြည့်​သော် နံရံ​၌​အပေါက်​တစ်​ခု​ရှိ​သည်​ကို တွေ့​၏​။ 8“​အချင်း​လူသား​၊ နံရံ​ကို​ဖောက်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် ငါ​လည်း နံရံ​ကို​ဖောက်​လိုက်​သော် တံခါး​တစ်​ခု​ကို တွေ့​၏​။ 9တစ်ဖန် ငါ့​အား “​ဝင်သွား​ပါ​။ ထို​နေရာ​၌ သူ​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​မကောင်းမှု​တို့​ကို ကြည့်​ပါ​”​ဟု မိန့်​တော်မူ​သဖြင့် 10ငါ​ဝင်သွား​သော် တွားသွားသောတိရစ္ဆာန်​များ​၊ ရွံရှာဖွယ်​တိရစ္ဆာန်​များ​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​ကိုးကွယ်​သော ရုပ်တု​များ​၏​ပုံ​ကို နံရံ​ပတ်ပတ်လည်​၌ ထွင်းထု​ထား​သည်​ကို တွေ့​ရ​၏​။
11ထို​အရာ​တို့​၏​ရှေ့​တွင် အစ္စရေး​အမျိုးအနွယ် သက်ကြီးဝါကြီး​အယောက်​ခုနစ်ဆယ်​တို့​သည်​ရပ်​၍ သူ​တို့​အလယ်​တွင် ရှာဖန်​၏​သား​ယာဇညာ ရပ်​လျက်​ရှိ​၏​။ သူ​တို့​လက်​ထဲတွင် လင်ပန်း​ကိုယ်စီ​ကိုင်​ထား​ပြီး လင်ပန်း​ထဲမှ နံ့သာပေါင်း​မီးခိုး​လည်း တလူလူတက်​နေ​သည်​ကို တွေ့​ရ​၏​။ 12တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​သက်ကြီးဝါကြီး​တို့​သည် အမှောင်​ထဲတွင် မည်သို့​ပြု​နေ​ကြ​သည်​ကို သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ‘​ထာဝရဘုရား​သည် ပြည်​တော်​ကို စွန့်​တော်မူ​ပြီ​ဖြစ်၍ ငါ​တို့​ကို မြင်​တော်​မ​မူ​’​ဟု ဆို​လျက် အခန်း​ထဲတွင် ကိုယ်စီ​မိမိ​ရုပ်တု​ဖြင့် ဖောက်ပြန်​နေ​ကြ​ပြီ​”​ဟု မိန့်​တော်မူ​၏​။ 13တစ်ဖန် ငါ့​အား “​ဆက်သွား​ပါ​။ ထို့​ထက်​ပိုဆိုး​သော စက်ဆုပ်ရွံရှာဖွယ်​များ ပြု​နေ​သည်​ကို သင်​ထပ်​မြင်​ရ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။
14တစ်ဖန် ငါ့​အား မြောက်ဘက်​ရှိ ထာဝရဘုရား​၏​အိမ်​တော်​တံခါးဝ​သို့ ဆောင်သွား​ရာ ထို​နေရာ​၌ မိန်းမ​တို့​သည် တမ္မုဇ​နတ်ဘုရား​အတွက် ထိုင်​ငို​နေ​ကြ​သည်​ကို ငါ​တွေ့​ရ​၏​။ 15တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ဆက်သွား​လျှင် ပို၍​ဆိုးဝါး​သော စက်ဆုပ်ရွံရှာဖွယ်​တို့​ကို သင်​မြင်​ရ​ဦး​မည်​”​ဟု မိန့်​တော်မူ​၏​။
16တစ်ဖန် ငါ့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​သို့ ဆောင်သွား​ရာ လူ​နှစ်ဆယ့်​ငါး​ယောက်​ခန့်​သည် ဆင်ဝင်​နှင့် ယဇ်ပလ္လင်​ကြား​ရှိ ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးဝ​တွင် ထာဝရဘုရား​၏​ဗိမာန်တော်​ကို ကျောခိုင်း​ပြီး အရှေ့​အရပ်​သို့​မျက်နှာမူ​၍ အရှေ့​အရပ်​ရှိ​နေမင်း​အား ရှိခိုးကိုးကွယ်​ကြ​သည်​ကို တွေ့​ရ​၏​။ 17တစ်ဖန် ငါ့​အား “​အချင်း​လူသား​၊ သင်​မြင်​ပြီ​မ​ဟုတ်​လော​။ ဤ​နေရာ​တွင် ယုဒ​အမျိုးအနွယ်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို သေးငယ်​သော​အမှု​ဟု သင်​ထင်​သလော​။ စင်စစ် သူ​တို့​သည် ငါ့​အမျက်​ကို တစ်ချိန်လုံး​ဆွပေး​ပြီး တစ်ပြည်လုံး​ကို ရက်စက်ကြမ်းကြုတ်မှု​များ​နှင့် ပြည့်​စေ​ကြ​ပြီ​။ သစ်ကိုင်း​ကို သူ​တို့​နှာခေါင်း​ထဲသို့ ထိုးသွင်း​ကြ​ပြီ​။ 18ထို့ကြောင့် သူ​တို့​ကို အမျက်ဒေါသ​ဖြင့် စီရင်​မည်​။ သနားညှာတာ​မည်​မ​ဟုတ်​။ ငါ့​ထံ သူ​တို့​အသံကုန်​အော်ဟစ်​တောင်းလျှောက်​လျှင်​လည်း ငါ​နားထောင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 8