YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 39

39
ဂေါဂမင်းကြီးသေဆုံးခြင်း
1အချင်း​လူသား​၊ ဂေါဂ​မင်းကြီး​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို မေရှက်​ပြည်​၊ တုဗလ​ပြည်​တို့​၏​အကြီးအကဲ​ခေါင်းဆောင် ဂေါဂ​မင်းကြီး​၊ သင့်​ကို ငါ​စီရင်​မည်​။ 2ငါ​သည် သင့်​ကို​ပြန်လှည့်​စေ​၍ ဆွဲခေါ်​လာ​မည်​။ သင့်​ကို မြောက်ဘက်​စွန်း​မှ ခေါ်ဆောင်​လာ​၍ အစ္စရေး​တောင်​များ​ကို ဝင်ရောက်​တိုက်ခိုက်​စေ​မည်​။ 3ထို့နောက် သင့်​လက်ဝဲ​လက်​မှ​လေး​ကို ချိုး​၍ လက်ယာ​လက်​မှ​မြား​ကို ရိုက်ချ​ပစ်​မည်​။ 4သင်​နှင့်​သင်​၏​စစ်သည်​အားလုံး​အပါအဝင် သင်​၌​ရှိ​သော​လူ​တို့​သည် အစ္စရေး​တောင်​များ​ပေါ်တွင် ကျဆုံး​ကြ​လိမ့်မည်​။ သင့်​ကို အသားစားငှက်​အမျိုးမျိုး​နှင့် တောရိုင်းတိရစ္ဆာန်​တို့​၏​အစာ ဖြစ်​စေ​မည်​။ 5ငါ​မိန့်ဆို​ထား​သည့်​အတိုင်း သင်​သည် ကွင်းပြင်​တွင် လဲကျ​သေဆုံး​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
6ဘုရားရှင်​ထာဝရဘုရား​က ‘စိတ်အေးလက်အေး​နေ​နေ​သော မာဂေါဂ​ပြည်​နှင့် ကမ်းရိုးတန်းဒေသ​တို့​တွင် မီးကျ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ 7ငါ့​နာမ​သန့်ရှင်း​ကြောင်း​ကို ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အား သိ​စေ​မည်​။ သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချခွင့်​ပြု​တော့​မည်​မ​ဟုတ်​။ ငါ​သည် အစ္စရေး​လူမျိုး​တွင် သန့်ရှင်း​သော​အရှင် ထာဝရဘုရား​ဖြစ်ကြောင်း လူမျိုးတကာ​တို့​သိ​ရ​လိမ့်မည်​။ 8ကြည့်ရှု​လော့​။ ငါ​မိန့်ဆို​ခဲ့​သော​နေ့ရက်​သည် အမှန်ပင်​ရောက်ရှိ​ဖြစ်ပျက်​လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
9ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​မြို့​များ​၌​နေထိုင်​သော​သူ​တို့​သည် မြို့ပြင်​သို့​ထွက်လာ​၍ ဒိုင်းလွှားကြီး​ဒိုင်းလွှားငယ်​၊ လေး​မြား​၊ တုတ်​၊ လှံ စသော လက်နက်​တို့​ကို​သိမ်းယူ​၍ လောင်စာ​အဖြစ် ခုနစ်​နှစ်​တိုင်တိုင် မီးဆိုက်​အသုံးပြု​ကြ​လိမ့်မည်​။ 10ကွင်းပြင်​မှ​ထင်း​များ​ကို စုသိမ်း​စရာ​မ​လို​၊ တော​ထဲမှ ထင်း​များ​ကို ခုတ်ယူစရာ​မ​လို​။ ထို​လက်နက်​များ​ကို လောင်စာ​အဖြစ် အသုံးပြု​ကြ​လိမ့်မည်​။ သူ​တို့​ထံ လုယူ​ခဲ့​သော​အရာ​များ​ကို သူ​တို့​ပြန်လည်​လုယူ​ကြ​လိမ့်မည်​။ သူ​တို့​ထံ သိမ်းယူ​သွား​သော​အရာ​တို့​ကို သူ​တို့​ပြန်လည်​သိမ်းယူ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
11ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​ပြည်​၊ ပင်လယ်​အရှေ့ဘက်​ခရီးသွား​ရာ​လွင်ပြင်​တွင် ဂေါဂ​မင်းကြီး​ကို သင်္ဂြိုဟ်​ရန် မြေနေရာ​ပေး​မည်​။ ထို​နေရာ​တွင် ဂေါဂ​မင်းကြီး​နှင့်​သူ့​လူအုပ်​ကို သင်္ဂြိုဟ်​ကြ​သဖြင့် ခရီးသွားလာ​သော​သူ​တို့​အတွက် လမ်းပိတ်​လိမ့်မည်​။ ထို့ကြောင့် ထို​နေရာ​ကို ဟာမုန်ဂေါဂ#39:11 “ဂေါဂ၏လူအုပ်”ဟူသောအဓိပ္ပာယ်ရှိ၏။​ချိုင့်​ဟု ခေါ်ဆို​ကြ​လိမ့်မည်​။ 12အစ္စရေး​လူမျိုး​တို့​သည် ပြည်​ကို​သန့်ရှင်း​အောင် ခုနစ်​လ​ပတ်လုံး သူ​တို့​ကို သင်္ဂြိုဟ်​ရ​လိမ့်မည်​။ 13ပြည်သူပြည်သား​အားလုံး ဝိုင်းဝန်း​သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ဤသို့ဖြင့် ငါ့​ဘုန်းထင်ရှား​ရာ​နေ့​တွင် သူ​တို့​သည်​လည်း ထင်ပေါ်ကျော်ကြား​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
14ဘုရားရှင်​ထာဝရဘုရား​က ‘တိုင်းပြည်​သန့်ရှင်း​သွား​အောင် ခုနစ်​လ​အကုန်​၌ မြေပြင်​ပေါ်​ကျန်ရှိ​နေ​သော ကျူးကျော်​ဝင်ရောက်​သူ​များ​၏​အလောင်း​ကို သင်္ဂြိုဟ်​ရန် တိုင်းပြည်​အနှံ့​လိုက်လံ​ရှာဖွေ​မည့်​လူ​တို့​ကို ခန့်ထား​ကြ​လိမ့်မည်​။ 15ထိုသို့ တိုင်းပြည်​အနှံ့​သွား​သော​သူ​တို့​သည် လူ​အရိုး​ကို​တွေ့​လျှင် ထို​အရိုး​ကို ဟာမုန်ဂေါဂ​ချိုင့်​၌ မ​သင်္ဂြိုဟ်​မီ​အထိ အရိုး​နား​တွင် အမှတ်အသား​ထား​ရ​မည်​။ 16ဟာမုန်#39:16 “အမြောက်အမြား”ဟူသောအဓိပ္ပာယ်ရှိ၏။​ဟု အမည်တွင်​သော​မြို့​လည်း ပေါ်လာ​မည်​။ ဤသို့ဖြင့် ပြည်​ကို​သန့်ရှင်း​အောင် လုပ်​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
17အချင်း​လူသား​၊ ငှက်​အမျိုးမျိုး​တို့​နှင့် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​တို့​အား ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အရပ်ရပ်​မှ​စုဝေး​ပြီး ယဇ်ပူဇော်ပွဲ​သို့​လာ​ကြ​လော့​။ အစ္စရေး​တောင်​ပေါ်တွင် သင်​တို့​အဖို့ ယဇ်ပူဇော်ပွဲ​ကြီး​ကို ငါ​ပြင်ဆင်​ထား​ပြီ​။ သင်​တို့​သည် အသား​ကို​စား​၍ အသွေး​ကို​သောက်​ကြ​ရ​မည်​။ 18စစ်သူရဲ​တို့​၏​အသား​ကို​စား​၍ မြေကြီး​မင်း​တို့​၏​သွေး​ကို သောက်​ရ​ကြ​လိမ့်မည်​။ ဗာရှန်​ပြည်​မှ ဆူဖြိုး​သော​တိရစ္ဆာန်​များ​ဖြစ်​သည့် သိုးသငယ်​၊ သိုးထီး​၊ ဆိတ်ထီး​၊ နွားထီး​တို့​၏​အသား​ကို စား​ရ​ကြ​လိမ့်မည်​။ 19သင်​တို့​အဖို့​ပူဇော်​သော ယဇ်ပူဇော်ပွဲ​ကြီး​တွင် သင်​တို့​သည် အဆီ​ကို​ဝအီ​အောင်​စား​ရ​မည်​၊ သွေး​ကို​လည်း မူးဝေ​အောင်​သောက်​ရ​မည်​။ 20ငါ့​စားပွဲ​မှ မြင်း​၊ မြင်းစီးသူရဲ​၊ စစ်သူရဲ​အပါအဝင် စစ်သည်​အပေါင်း​တို့​၏​အသား​ကို သင်​တို့​ဝအီ​စွာ​စား​ရ​လိမ့်မည်’#ဗျာ 19:18။​ဟု မိန့်​တော်မူ​၏​။
အစ္စရေးလူမျိုးတို့ကို နေရင်းပြည်သို့ ဘုရားသခင်ပြန်ခေါ်လာခြင်း
21ဘုရားရှင်​ထာဝရဘုရား​က ‘လူမျိုးတကာ​တို့​အလယ်​တွင် ငါ့​ဘုန်း​ကို ငါ​ထင်ရှား​စေ​မည်​။ တရားမျှတ​စွာ​စီရင်​ခြင်း​၊ သူ​တို့​အပေါ်​လက်တင်​ခြင်း​ကို လူမျိုး​တကာ​တို့ သိ​ရ​လိမ့်မည်​။ 22ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်ကြောင်း​ကို ထို​နေ့​မှစ၍ နောင်ကာလ​တိုင်အောင် အစ္စရေး​အမျိုး​တို့ သိ​ရ​ကြ​လိမ့်မည်​။ 23အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​ပြု​သော​အပြစ်​ကြောင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ကြောင်း လူမျိုးတကာ​တို့ သိ​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​သည် ငါ့​အပေါ်​သစ္စာမဲ့​၍ ငါ​သည် သူ​တို့​ထံမှ​မျက်နှာ​လွှဲ​သဖြင့် သူ​တို့​ကို ရန်သူ​တို့​လက်​သို့ အပ်လိုက်​၍ သူ​တို့​အားလုံး ရန်သူ့​ဓား​ကြောင့် သေဆုံး​ရ​ကြ​၏​။ 24သူ​တို့​မစင်ကြယ်​သည့်​အလျောက်​၊ အပြစ်​ပြု​သည့်​အလျောက် သူ​တို့​ကို ငါ​စီရင်​ပြီ​၊ သူ​တို့​ထံမှ မျက်နှာလွှဲ​ခဲ့​ပြီ’​ဟု မိန့်​တော်မူ​၏​။
25ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ယာကုပ်​အမျိုး​ကို ယခု ငါ​ပြန်ခေါ်​လာ​မည်​။ အစ္စရေး​တစ်မျိုးနွယ်လုံး​ကို သနားစုံမက်​မည်​။ သန့်ရှင်း​သော​ငါ့​နာမ​အတွက် ငါ​သဝန်တို​မည်​။ 26သူ​တို့​၏​နေရင်းပြည်​တွင် ခြိမ်းခြောက်​မည့်​သူ​မ​ရှိ ဘေးကင်းလုံခြုံ​စွာ​နေ​ရ​သောအခါ သူ​တို့​အရှက်ကွဲ​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ ငါ့​အပေါ်​သစ္စာမဲ့​၍ ဖောက်ပြန်မှားယွင်း​ခဲ့​ကြ​သည်​ကို​လည်းကောင်း မေ့လျော့​ကြ​လိမ့်မည်​။ 27လူမျိုးတကာ​တို့​ထံမှ သူ​တို့​ကို ပြန်ခေါ်​လာ​မည်​။ ရန်သူ​တို့​နေရာ​မှ သူ​တို့​ကို ပြန်လည်​စုရုံး​မည်​။ သူ​တို့​အားဖြင့် လူမျိုး​တကာ​တို့​ရှေ့​တွင် ငါ​သန့်ရှင်း​ကြောင်း​ကို ထင်ရှား​ပြ​မည်​။ 28သူ​တို့​ကို လူမျိုးတကာ​တို့​ထံသို့ ကွဲလွင့်​သွား​စေ​ခဲ့​သော်လည်း သူ​တို့​၏​နေရင်းပြည်​သို့ တစ်ယောက်မကျန် ပြန်လည်​စုဝေး​လာ​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 29ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုး​တို့​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သူ​တို့​ကို မျက်နှာလွှဲ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 39