YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 37

37
အရိုးခြောက်တို့ဖြင့် ပြည့်နေသောချိုင့်ဝှမ်း
1ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။ 2ထို့နောက် ထာဝရဘုရား​သည် ငါ့​အား ထို​အရိုး​တို့​ပတ်ပတ်လည်​သို့ လျှောက်သွား​စေ​၏​။ ချိုင့်ဝှမ်း​တစ်ပြင်လုံး​တွင် အရိုး​အမြောက်အမြား​ရှိ​၍ အလွန်​ခြောက်သွေ့​နေ​သည်​ကို တွေ့​ရ​၏​။ 3ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရိုး​တို့ အသက်ရှင်​နိုင်​မည်လော​”​ဟု မေး​လျှင် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။
4ထိုအခါ ကိုယ်တော်​က ငါ့​အား ဤ​အရိုး​တို့​ကို ပရောဖက်ပြု​ဟောပြော​လော့​။ “အို အရိုး​ခြောက်​တို့​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ကြ​လော့​။ 5ဤ​အရိုး​တို့​အား ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​အထဲ​သို့ အသက်လေ​ကို​မှုတ်သွင်း​၍ သင်​တို့​အသက်ရှင်​လာ​လိမ့်မည်​။ 6အရွတ်​ပေါ်လာ​စေ​မည်​။ အသား​တက်လာ​စေ​မည်​၊ အရေပြား​ဖြင့် ဖုံးအုပ်​စေ​မည်​။ သင်​တို့​အထဲ​သို့ အသက်​လေ​ကို​မှုတ်သွင်း​၍ သင်​တို့​ကို အသက်ရှင်​လာ​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
7ငါ့​ကို မိန့်မှာ​တော်မူ​သည့်​အတိုင်း ငါ​သည် ပရောဖက်ပြု​ဟောပြော​၏​။ ပရောဖက်ပြု​ဟောပြော​နေစဉ် အသံ​တစ်​ခု​ကြား​ရ​၏​။ အရိုး​တို့ လှုပ်ရှား​လာ​ပြီး အရိုး​အရိုး​ချင်း ဆက်မိ​သွား​သည်​ကို ငါ​တွေ့​ရ​၏​။ 8ငါ​ကြည့်​နေစဉ် အရိုး​တို့​တွင် အရွတ်​များ​၊ အသား​များ တက်လာ​၍ ၎င်း​တို့​အပေါ်​တွင် အရေပြား​ဖုံးလွှမ်း​သွား​သည်​ကို မြင်​လေ​၏​။ သို့သော် ထွက်သက်​ဝင်သက် မ​ရှိ​သေး​။ 9ထိုအခါ ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ အသက်လေ​အား ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘​အို အသက်​လေ​၊ သေ​သူ​တို့​အသက်ရှင်​လာ​အောင် အရပ်​လေး​မျက်နှာ​မှ​လာ​၍ သူ​တို့​အထဲ​သို့ အသက်လေ​ကို မှုတ်သွင်း​လော့’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။ 10ငါ​က​လည်း ကိုယ်တော်​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပရောဖက်ပြု​ဟောပြော​ရာ အသက်လေ​သည် သူ​တို့​အထဲ​သို့​ဝင်​၍ သူ​တို့​သည် အသက်ရှင်​လာ​ကာ မတ်တတ်ရပ်​ကြ​လျက် အလွန်​များပြား​သော​စစ်သည်​အလုံးအရင်း ဖြစ်​လေ​၏​။
11ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။ 12သို့ဖြစ်၍ သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က အို ငါ့​လူမျိုး​တော်​၊ ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​မှ​ထုတ်ယူ​ပြီး အစ္စရေး​ပြည်​သို့ ပို့ဆောင်​မည်​။ 13အို ငါ့​လူမျိုး​တော်​၊ သင်​တို့​၏​သင်္ချိုင်းဂူ​များ​ကို ငါ​ဖွင့်​၍ သင်​တို့​အား ထို​သင်္ချိုင်းဂူ​များ​မှ ထုတ်ယူ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​။ 14ငါ့​ဝိညာဉ်​ကို သင်​တို့​အထဲ​သို့ သွင်းပေး​မည်​ဖြစ်၍ သင်​တို့​သည် အသက်ရှင်​လိမ့်မည်​။ သင်​တို့​ကို သင်​တို့​၏​နေရင်းပြည်​၌ နေရာချ​ထား​မည်​။ ထိုအခါ ငါ​ထာဝရဘုရား​သည် ပြော​လျှင်​ပြော​သည့်​အတိုင်း ပြု​တတ်​သည်​ကို သင်​တို့​သိ​ရ​ကြ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်ပြု​ဟောပြော​လော့”​ဟု မိန့်ဆို​၏​။
အစ္စရေးလူမျိုးတို့ ပြန်လည်ပေါင်းစည်းခြင်း
15တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 16“​အချင်း​လူသား​၊ တုတ်​တစ်​ချောင်း​ကို​ယူ​၍ ထို​တုတ်​ပေါ်တွင် ‘​ယုဒ​အမျိုး​နှင့် ယုဒ​အမျိုး​၏​အပေါင်းအဖော် အစ္စရေး​အမျိုးသား​တို့​အတွက်​’​ဟု ရေးထား​လော့​။ နောက်​တုတ်​တစ်​ချောင်း​ကို​ယူ​၍ ‘​ယောသပ်​အမျိုး​အတွက် ဧဖရိမ်​တုတ်​နှင့် ယောသပ်​အမျိုး​၏​အပေါင်းအဖော် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အတွက်​’​ဟု ရေးထား​လော့​။ 17ထို​တုတ်​နှစ်ချောင်း​ကို တစ်ချောင်းတည်း​ဖြစ်​စေရန် သင့်​လက်​ထဲ​တွင် ပူး​ကိုင်​ထား​လော့​။ 18သင့်​အမျိုးသားချင်း​တို့​က သင့်​အား ‘ဤ​အရာ​သည် မည်သည်​ကို​ဆိုလို​သနည်း​။ သင်​ပြောပြ​နိုင်​မည်လော’​ဟု မေး​လာ​လျှင် 19သူ​တို့​အား ‘​ဘုရားရှင်​ထာဝရဘုရား​က ဧဖရိမ်​ကိုင်​ထား​သော ယောသပ်​နှင့် ယောသပ်​၏​အပေါင်းအဖော် အစ္စရေး​အမျိုးအနွယ်​တို့​၏​တုတ်​ကို​ယူ​၍ ယုဒ​၏​တုတ်​နှင့် ပူးကိုင်​ထား​ပြီး တစ်​ချောင်း​တည်း​ဖြစ်​စေ​မည်​။ ငါ့​လက်​ထဲတွင် တစ်ချောင်းတည်း​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြော​လော့​။
20စာရေး​ထား​သော​တုတ်ချောင်း​ကို သူ​တို့​ရှေ့​၌ သင့်​လက်​တွင်​ကိုင်​ထား​၍ 21သူ​တို့​အား ‘ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ ငါ​သည် အစ္စရေး​အမျိုးသား​တို့​ကို သူ​တို့​ရောက်​ရာ​လူမျိုးခြား​တို့​အလယ်​မှ ပြန်ခေါ်​လာ​မည်​။ သူ​တို့​ရောက်​ရာ​အရပ်ရပ်​မှ သူ​တို့​ကို​စုစည်း​ပြီး နေရင်းပြည်​သို့ ပြန်ပို့ဆောင်​မည်​။ 22ထို​ပြည်​ရှိ အစ္စရေး​တောင်​ပေါ်တွင် သူ​တို့​ကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေ​မည်​။ သူ​တို့​အားလုံး​ကို ရှင်ဘုရင်​တစ်ပါးတည်း​သာ အုပ်ချုပ်​မည်​။ သူ​တို့​သည် လူမျိုး​နှစ်​မျိုး​ဖြစ်​တော့​မည်​မ​ဟုတ်​၊ နိုင်ငံ​နှစ်​နိုင်ငံ​အဖြစ် ကွဲပြား​တော့​မည်​မ​ဟုတ်​။ 23သူ​တို့​သည် ရုပ်တု​များ​၊ စက်ဆုပ်ရွံရှာဖွယ်​အရာ​များ​နှင့် အပြစ်​အမျိုးမျိုး​ကျူးလွန်​ခြင်း​တို့​ဖြင့် ကိုယ်ကို​ညစ်ညူး​စေ​တော့​မည်​မ​ဟုတ်​။ သူ​တို့​အပြစ်ပြု​လေ​ရာ​အရပ်ရပ်​တို့​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို​စင်ကြယ်​စေ​မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ 24ငါ့​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို​အုပ်စိုး​သည့်​ဘုရင်​ဖြစ်​မည်​။ သူ​တို့​အားလုံး သိုးထိန်း​တစ်ပါးတည်း​သာ​ရှိ​မည်​။ သူ​တို့​သည် ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​၍ ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို စောင့်ထိန်း​ကြ​လိမ့်မည်​။
25ငါ​၏​အစေအပါး​ယာကုပ်​အား ငါ​ပေး​၍ ဘိုးဘေး​တို့​နေထိုင်​ခဲ့​ဖူး​သော​ပြည်​၌ နေထိုင်​ကြ​ရ​လိမ့်မည်​။ သူ​တို့​နှင့် သူ​တို့​၏​သားသမီး​မြေးမြစ်​တို့​သည် ထို​ပြည်​တွင် အစဉ်အမြဲ​နေထိုင်​ကြ​ရ​၍ ငါ​၏​အစေအပါး​ဒါဝိဒ်​သည် သူ​တို့​ကို အစဉ်​အုပ်စိုး​မည်​။ 26ငါ​သည် သူ​တို့​နှင့် ငြိမ်သက်​ခြင်း​ပဋိညာဉ်​ကို​ဖွဲ့​၍ ထို​ပဋိညာဉ်​သည် ထာဝရ​ပဋိညာဉ်​ဖြစ်​မည်​။ သူ​တို့​ကို နေရာချ​ထား​မည်​။ သူ​တို့​ကို တိုးပွား​စေ​မည်​။ ငါ​၏​သန့်ရှင်းရာဌာန​ကို သူ​တို့​အလယ်​တွင် အစဉ်​တည်​စေ​မည်​။ 27ငါ​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​မည်​။ ငါ​သည် သူ​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။ သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။#ယေ 32:38၊ ၂ကော 6:16၊ ဟေဗြဲ 8:10။ 28ဤသို့ ငါ​၏​သန့်ရှင်းရာဌာန​သည် သူ​တို့​၌ အစဉ်​တည်ရှိ​သောအခါ ငါ​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို သန့်ရှင်း​စေ​သော​ဘုရား​ဖြစ်ကြောင်း လူမျိုးတကာ​တို့ သိ​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 37