ယေဇကျေလအနာဂတ္တိကျမ်း 32
32
အီဂျစ်ဘုရင်ဖာရောအတွက် ငိုကြွေးမြည်တမ်းခြင်း
1တစ်ဆယ့်နှစ်နှစ်မြောက်၊ တစ်ဆယ့်နှစ်လပိုင်း၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။ 3ဘုရားရှင်ထာဝရဘုရားက ‘ငါသည် များစွာသောလူအလုံးအရင်းနှင့်အတူ သင့်ကို ငါ့ပိုက်ကွန်ဖြင့် အုပ်မည်။ သူတို့သည် ထိုပိုက်ကွန်ဖြင့် သင့်ကိုဆွဲယူကြလိမ့်မည်။ 4ထို့နောက် သင့်ကို ကုန်းပေါ်ကွင်းပြင်တွင် ပစ်ထားမည်။ သင့်အပေါ် မိုးကောင်းကင်ငှက်အပေါင်းတို့ကို လာနားစေမည်။ မြေတစ်ပြင်လုံးရှိ တောရိုင်းတိရစ္ဆာန်တို့ ဝလင်စွာစားရန် ပေးပစ်မည်။ 5တောင်ပေါ်တွင် သင့်အသားကို ဖြန့်ထားမည်။ ချိုင့်ဝှမ်းများကိုလည်း သင့်အလောင်းဖြင့် ပြည့်စေမည်’ဟု မိန့်တော်မူ၏။ 6‘သင့်ကိုယ်မှစီးကျသောသွေးများဖြင့် တောင်များပါမကျန် မြေကိုစိုစွတ်စေမည်။ မြစ်များသည်လည်း သင်၏သွေးများနှင့် ပြည့်နေလိမ့်မည်။ 7သင့်ဘဝကို နိဂုံးချုပ်စေသောအချိန်တွင် မိုးကောင်းကင်ကို ဖုံးထားမည်။ ကြယ်တို့ကိုလည်း အမှောင်ကျစေမည်။ နေကို တိမ်ဖြင့်ကာထားမည်။ လသည် အလင်းရောင်ကို ပေးမည်မဟုတ်။#ဟေရှာ 13:10၊ ယောလ 2:10,31၊ 3:15၊ ဗျာ 8:12၊ 9:2။ 8မိုးကောင်းကင်ရှိအလင်းအိမ်ကို မှောင်မည်းစေမည်။ သင့်ပြည်ကို အမှောင်ဖုံးလွှမ်းစေမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ 9သင်မသိသောလူမျိုးတို့နေရာအရပ်ရပ်သို့ သင်ပျက်စီးသောသတင်းကို ငါလွှင့်သောအခါ လူအမြောက်အမြား စိတ်ပျက်အားလျော့ကြလိမ့်မည်။ 10သင့်ကြောင့် လူအမြောက်အမြား တုန်လှုပ်ချောက်ချားရလိမ့်မည်။ သူတို့၏ဘုရင်များရှေ့တွင် ဓားကိုရွယ်လိုက်သောအခါ ရှင်ဘုရင်တို့သည် ထိတ်လန့်ကြောက်ရွံ့ကြလိမ့်မည်။ သင်လဲကျသွားသောနေ့၌ လူတို့သည် တစ်ခဏချင်းတွင်ပင် သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြလိမ့်မည်။ 11အကြောင်းမူကား ဘုရားရှင်ထာဝရဘုရားက ‘ဘေဘီလုံဘုရင်၏ဓားသည် သင့်ထံရောက်လာလိမ့်မည်။ 12သင်၏လူအလုံးအရင်းကို ခွန်အားကြီးသောစစ်သူရဲတို့၏ဓားဖြင့် ကျဆုံးစေမည်။ အကြမ်းကြုတ်ဆုံးလူမျိုးအပေါင်းတို့သည် အီဂျစ်ပြည်၏မာနကို ချိုးပစ်လိမ့်မည်။ သူ၏လူအလုံးအရင်းတို့သည် ပျက်စီးသွားရလိမ့်မည်’ဟု မိန့်တော်မူ၏။ 13‘ရေပေါများရာအရပ်တွင်ကျက်စားသော တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ထိုရေကို မည်သူကမျှ ခြေဖြင့်မမွှေနှောက်ရ။ မည်သည့်တိရစ္ဆာန်ကမျှ ခွာဖြင့်မမွှေနှောက်ရ။ 14ငါသည် ရေကိုကြည်လင်စေမည်၊ မြစ်တို့ကို ဆီကဲ့သို့ စီးစေမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ 15‘ငါသည် အီဂျစ်ပြည်တစ်ပြည်လုံးကို သုတ်သင်ရှင်းလင်းပစ်မည်၊ လူသူကင်းမဲ့ရာဖြစ်စေမည်၊ သက်ရှိမှန်သမျှကို ဒဏ်ခတ်မည်။ ထိုအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ 16လူမျိုးတကာတို့မှ ငိုချင်းသည်မိန်းမတို့က ငိုချင်းဆိုကြလိမ့်မည်။ အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းတို့ကြောင့် ငိုချင်းဆိုကြလိမ့်မည်။ ဤသည်ကား အီဂျစ်ပြည်အတွက် ငိုချင်းဖြစ်၏’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
မရဏာနိုင်ငံရောက် အီဂျစ်ပြည်
17တစ်ဆယ့်နှစ်နှစ်မြောက်၊ ပထမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 18“အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက်
19‘သင်သည် မည်သူထက်သာ၍ ချစ်ဖွယ်ကောင်းသနည်း။ အရေဖျားလှီးခြင်းကိုမခံသောသူတို့ရှိရာသို့ ဆင်းသွား၍ သူတို့နှင့်အတူ လဲလျောင်းလော့’ဟု ဆင့်ဆိုလော့။ 20အီဂျစ်ပြည်နှင့် သူ၏လူအလုံးအရင်းကို ဓားဘေးသို့ အပ်လိုက်ပြီ။ သူတို့သည် ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရမည်ဖြစ်၍ သူတို့ကို ဆွဲထုတ်သွားလော့။ 21မရဏာနိုင်ငံသို့ရောက်နှင့်နေသော အားကြီးသောသူရဲကောင်းတို့သည် အီဂျစ်နှင့်သူ၏မဟာမိတ်တို့အား ‘သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့ရှိရာသို့ ဆင်း၍ သူတို့နှင့်အတူ လဲလျောင်းရပါပြီ’ဟု ဆိုကြလိမ့်မည်။ 22ထိုအရပ်တွင် အဆီးရီးယားဘုရင်နှင့် သူ၏ပြည်သူပြည်သားအားလုံးရှိ၏။ ဘုရင်၏ပတ်ပတ်လည်တွင် သူ့လူတို့၏သင်္ချိုင်းဂူများ ဝိုင်းရံထားလျက်ရှိ၏။ သူတို့အားလုံး ဓားဖြင့်အသတ်ခံရ၍ သေဆုံးသွားသောသူများဖြစ်၏။ 23သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ယခုမူ ဓားဖြင့်အသတ်ခံရ၍ သေဆုံးကြသဖြင့် သင်္ချိုင်းတွင်းနက်ထဲတွင် သူ၏လူများက သူ့ကိုဝိုင်းရံလျက် သင်္ဂြိုဟ်ခံရလေပြီတကား။ 24ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။ 25အသတ်ခံရသူတို့အလယ်တွင် ဧလံဘုရင်နှင့်သူ့လူစုအတွက် အိပ်ရာပြင်ပေးထား၏။ သူ့ပတ်ပတ်လည်တွင် သူ့လူ၏သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၍ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ယခုမူ မြေအောက်တွင်းနက်ထဲရှိ အသတ်ခံရသောသူတို့အလယ်ရောက်သွားသောသူတို့နှင့်အတူ အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။ 26ထိုအရပ်တွင် မေရှက်အမျိုးသား၊ တုဗလအမျိုးသားနှင့် သူတို့၏ပြည်သူပြည်သားအားလုံးတို့လည်း ရှိကြ၏။ သူတို့ပတ်ပတ်လည်တွင် သင်္ချိုင်းဂူများ ဝိုင်းရံလျက်ရှိ၏။ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူများဖြစ်ကြ၏။ သူတို့သည် မြေကြီးသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့သူများ ဖြစ်ကြ၏။ 27သူတို့သည် အရေဖျားလှီးခြင်းမခံသော၊ ဓားကိုခေါင်းအုံးသဖွယ်အုံးရသော၊ စစ်လက်နက်များနှင့်တကွ မရဏာနိုင်ငံသို့ဆင်းသွားရသော စစ်သူရဲတို့နှင့်အတူ လဲလျောင်းရမည်မဟုတ်။ ထိုသူတို့သည် မြေကြီးသားတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်ဖြစ်၍ အရိုးထိအပြစ်စွဲသောသူများ ဖြစ်ကြ၏။ 28သင်သည်လည်း အရေးဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ ဖျက်ဆီးခံရမည်။ ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ လဲလျောင်းရလိမ့်မည်။ 29ထိုနေရာတွင် ဧဒုံပြည်နှင့်တကွ သူ၏ဘုရင်များ၊ သူ၏ခေါင်းဆောင်များ အားလုံးရှိ၏။ သူတို့သည် အရှိန်အဝါကြီးခဲ့သော်လည်း ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရ၏။ တွင်းနက်ထဲသို့ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ လဲလျောင်းရကြ၏။ 30ထိုနေရာတွင် မြောက်အရပ်မှမင်းညီမင်းသားများနှင့် ဆီဒုန်လူမျိုးအားလုံးလည်း ရှိကြ၏။ သူတို့သည် အရှိန်အဝါကြီး၍ ကြောက်ရွံ့ခန့်ညားရသောလူများဖြစ်ခဲ့သော်လည်း အသတ်ခံရသောသူတို့နှင့်အတူ အရှက်တကွဲ တွင်းထဲသို့ကျကြရ၏။ ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းရ၍ တွင်းထဲရောက်သွားသူတို့နှင့်အတူ အသရေပျက်ခြင်းကို ခံရလေပြီတကား။ 31အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် ထိုသူတို့ကိုမြင်သောအခါ ဓားဖြင့်အသတ်ခံရသော မိမိလူအားလုံးတို့အတွက်၊ မိမိနှင့်တကွ မိမိစစ်သည်အားလုံးအတွက် စိတ်သက်သာရာရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ 32“ငါသည် ဖာရောမင်းကြီးနှင့်သူ၏ပြည်သူပြည်သားအပေါင်းတို့ကို မြေကြီးသားတို့ ကြောက်ရွံ့အောင်ပြုခဲ့သော်လည်း နောက်ဆုံးမှာ သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့နှင့်အတူ လဲလျောင်းနေရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 32: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative