ယေဇကျေလအနာဂတ္တိကျမ်း 17
17
လင်းယုန်ငှက်ပုံဥပမာ
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ အစ္စရေးလူမျိုးတို့အား စကားထာဝှက်၍ ပုံဥပမာခိုင်းနှိုင်းပြလော့။ 3သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။ 4ထိပ်ဖျားအညွန့်တို့ကိုချိုး၍ ကုန်သွယ်ရာပြည်သို့ ချီယူသွားပြီးလျှင် ကုန်သည်တို့မြို့၌ စိုက်ထား၏။ 5ထိုပြည်မှ မျိုးစေ့အချို့ကိုယူပြီး ရေဝသောမြေပေါ်မှာ စိုက်ထားသောမိုးမခပင်ကဲ့သို့ မြေဩဇာကောင်းသောမြေတွင် စိုက်ထား၏။ 6ထိုမျိုးစေ့သည် အပင်ပေါက်၍ အနွယ်ဖြာထွက်သောစပျစ်ပင်ကဲ့သို့ ပင်နိမ့်မျိုးဖြစ်၏။ အကိုင်းအခက်များမူကား လင်းယုန်ငှက်ကြီးရှိရာသို့ဖြာထွက်၏။ အပင်အောက်ဘက်တွင် အမြစ်တွယ်၏။ အကိုင်းများထွက်လာပြီး အခက်အလက်တို့ဖြင့်ဝေဆာသော စပျစ်နွယ်ပင်ဖြစ်လာ၏။ 7နောက်ထပ် တောင်ပံသန်စွမ်း၍ အမွေးထူသော လင်းယုန်ငှက်ကြီးတစ်ကောင်ရှိ၏။ ထိုစပျစ်ပင်သည် ရေရရှိရန် ထိုလင်းယုန်ငှက်ကြီးရှိရာသို့ မိမိပေါက်ရာအရပ်မှ အမြစ်ကိုရောက်စေ၏၊ အကိုင်းအခက်တို့ကို ဖြာထွက်စေ၏။ 8ထိုစပျစ်နွယ်ပင်သည် အကိုင်းဖြာထွက်လျက်၊ အသီးသီးလျက် ဝေဝေဆာဆာဖြစ်လာစေရန် မြေသြဇာကောင်း၍ ရေဝသောမြေပေါ်တွင် စိုက်ထားနှင့်ပြီးဖြစ်၏ဟု မိန့်တော်မူ၏။ 9ဘုရားရှင်ထာဝရဘုရားက ထိုအပင် ရှင်သန်နိုင်မည်လော။ အမြစ်ကိုဆွဲနုတ်ပစ်၍ အသီးများကို ခြွေချပစ်သောအခါ အပင်ညှိုးနွမ်းသွားမည်မဟုတ်လော။ အသစ်ပေါက်သောအပင်ရှိသမျှသည်လည်း ညှိုးနွမ်းသွားမည်မဟုတ်လော။ အမြစ်ကိုဆွဲနုတ်ရန် အားကောင်းမောင်းသန်ဖြစ်စရာမလို၊ လူအမြောက်အမြားလည်း မလိုပေ။ 10ထိုအပင်ကို ပြောင်းစိုက်လျှင်လည်း ရှင်သန်မည်လော။ အရှေ့လေတိုက်သောအခါ ညှိုးနွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ စင်စစ် မိမိပေါက်ရာအရပ်၌ပင် ညှိုးနွမ်းသွားရလိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
11တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 12“ပုန်ကန်တတ်သောအမျိုးအား ‘ဤပုံဥပမာသည် မည်သည့်အရာကိုဆိုလိုကြောင်း မသိသလော။ ကြည့်ရှုလော့။ ဘေဘီလုံဘုရင်သည် ဂျေရုဆလင်မြို့သို့ရောက်လာပြီး ဘုရင်နှင့်အကြီးအကဲတို့ကို ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ။ 13ထို့နောက် မင်းမျိုးမင်းနွယ်ထဲမှ လူတစ်ဦးကိုခေါ်ယူ၍ သူနှင့်ပဋိညာဉ်ဖွဲ့ကာ ကျိန်ဆိုထားခဲ့၏။ တိုင်းပြည်အကြီးအကဲများကိုမူ ဖမ်းခေါ်သွား၏။ 14ဤသို့ဖြင့် တိုင်းနိုင်ငံသည် နလန်မထူနိုင်အောင် ကျရှုံးသွားပြီး ပဋိညာဉ်ကို စောင့်ထိန်းမှသာ ရပ်တည်နိုင်မည့်အခြေအနေဖြစ်သွားရလေပြီ။ 15ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။
16ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သူ့အား နန်းတင်ပေးခဲ့သည့် ဘုရင်နှင့် သူဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြင့် ထိုဘုရင်နှင့်ကျိန်ဆိုခဲ့သည်ကို သူမထီမဲ့မြင်ပြုသောကြောင့် ထိုဘုရင်၏တိုင်းပြည်ဘေဘီလုံမြို့တွင်ပင် သေဆုံးရမည်။ 17ဘေဘီလုံဘုရင်သည် လူအမြောက်အမြားကိုသတ်ဖြတ်ရန် မြေကတုတ်များ၊ ရဲတိုက်များကို တည်ဆောက်ထားသောအခါ ဖာရောမင်းကြီးသည် စစ်အင်အား၊ လူအင်အား အမြောက်အမြားဖြင့် သူ့ကိုစစ်ကူတိုက်မည်မဟုတ်။ 18သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
19ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။ 20ငါသည် သူ့ကိုပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ဘေဘီလုံပြည်သို့ခေါ်ဆောင်သွားမည်။ သူသည် ဖောက်ပြန်၍ ငါ့ကိုပြစ်မှားသောကြောင့် ထိုအရပ်၌ပင် သူ့ကို ငါစစ်ကြောစီရင်မည်။ 21ထွက်ပြေးသောစစ်သည်အပေါင်းတို့သည် ဓားဖြင့်သေကြရလိမ့်မည်။ ကြွင်းကျန်သောသူတို့သည်လည်း လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်ကြရလိမ့်မည်။ ထိုသို့ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်း သင်တို့သိကြရလိမ့်မည်’ဟု မိန့်တော်မူ၏။
22ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သစ်ကတိုးပင်ထိပ်ဖျားမှ အညွန့်ကိုခူး၍ စိုက်မည်။ အညွန့်နုနုကိုခူး၍ မြင့်မားလှသောတောင်ပေါ်မှာစိုက်မည်။ 23မြင့်မားသောအစ္စရေးတောင်ပေါ်မှာ စိုက်မည်။ အကိုင်းအခက်ထွက်လာ၍ အသီးသီးသဖြင့် လှပတင့်တယ်သောသစ်ကတိုးပင်ဖြစ်လာလိမ့်မည်။ အရပ်ရပ်မှ ငှက်အပေါင်းတို့သည် ထိုအပင်၌အသိုက်ဆောက်၍ အကိုင်းအခက်တို့၏အရိပ်၌ ခိုနားကြလိမ့်မည်။ 24ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနိမ့်စေ၍ နိမ့်သောအပင်ကိုမြင့်စေကြောင်း၊ စိမ်းလန်းသောအပင်ကိုခြောက်သွေ့စေ၍ ခြောက်သွေ့သောအပင်ကိုဝေဆာစေကြောင်း ကွင်းပြင်မှသစ်ပင်ရှိသမျှတို့ သိကြရလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်ဆိုသည့်အတိုင်းပြုမည်’ဟူ၍ မိန့်တော်မူ၏”ဟု မိန့်ဆို၏။
Currently Selected:
ယေဇကျေလအနာဂတ္တိကျမ်း 17: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative