YouVersion Logo
Search Icon

ယေဇကျေလအနာဂတ္တိကျမ်း 11

11
အကျင့်ပျက်ပြားသောအစ္စရေးအကြီးအကဲများနှင့်ဆိုင်သောဗျာဒိတ်နိမိတ်
1တစ်ဖန် ဝိညာဉ်​တော်​သည် ငါ့​ကို အရှေ့ဘက်​သို့​မျက်နှာမူ​သော ထာဝရဘုရား​အိမ်​တော်​အရှေ့​တံခါး​သို့ ချီဆောင်​သွား​၏​။ ထို​တံခါးဝ​၌ လူ​နှစ်ဆယ့်​ငါး​ယောက်​ကို ငါ​တွေ့​၏​။ သူ​တို့​အလယ်​တွင် လူမျိုး​တော်​၏​အကြီးအကဲ​ဖြစ်​သော အဇ္ဇုရ​၏​သား​ယာဇညာ​နှင့် ဗေနာယ​၏​သား​ပေလတိ​တို့​ကို​လည်း ငါ​တွေ့​၏​။ 2ထိုအခါ ငါ့​အား “​အချင်း​လူသား​၊ ဤ​လူ​တို့​သည် မကောင်း​သော​အကြံ​ကို​ကြံစည်​သော​သူ​များ​၊ ဤ​မြို့သား​တို့​ကို မကောင်း​သော​အကြံဉာဏ်​ပေး​သော​သူ​များ​ဖြစ်​၏​။ 3သူ​တို့​က ‘​အိမ်​ဆောက်​ရ​မည့် အချိန်​မ​ရောက်​သေး​ပါ​။ ဤ​မြို့​ကား ဟင်းအိုး​၊ ငါ​တို့​ကား အသား​ဖြစ်​၏​’​ဟု ပြော​တတ်​ကြ​၏​။ 4ထို့ကြောင့် အို အချင်း​လူသား​၊ သူ​တို့​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​”​ဟု မိန့်​တော်မူ​၏​။
5ထို့နောက် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​သို့​သက်ရောက်​၍ ငါ့​အား “​ထာဝရဘုရား​က ‘​အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့ ပြောဆို​သည့်​အတိုင်း​ဖြစ်​၏​။ သင်​တို့​စိတ်​ထဲ၌ မည်သို့​တွေး​နေ​သည်​ကို ငါ​သိ​၏​။ 6သင်​တို့​ကြောင့် ဤ​မြို့​တွင် လူ​အမြောက်အမြား​သေဆုံး​ရ​၍ လမ်း​များ​ပေါ်တွင် အသေကောင်​တို့​ပုံ​နေ​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။
7ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​ပြော​သည့်​အတိုင်း မြို့​ထဲ​၌ သင်​တို့​ကြောင့်​ပုံ​နေ​သော​အသေကောင်​တို့​သည် အသား​ဖြစ်​ပြီး မြို့​သည် အိုး​ဖြစ်​မည်​။ သင်​တို့​မူကား မြို့​မှ နှင်ထုတ်​ခံရ​မည်​။ 8ဓားဘေး​ကို သင်​တို့​ကြောက်​ကြ​သည်​မ​ဟုတ်​လော​။ ထို​ဓားဘေး​ကို​ပင် သင်​တို့​အပေါ် ငါ​ကျရောက်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ 9ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​ကို​မြို့​ထဲ​မှ နှင်ထုတ်​မည်​၊ တစ်ပါးအမျိုးသား​တို့​၏​လက်​သို့​အပ်​မည်​၊ အပြစ်ဒဏ်​ပေး​မည်​။ 10သင်​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​လိမ့်မည်​။ ငါ​သည် သင်​တို့​ကို​အစ္စရေး​နယ်စပ်​တွင် တရားစီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​လိမ့်မည်​။ 11ဤ​မြို့​သည် ဟင်းအိုး​ကဲ့သို့​၊ သင်​တို့​သည် ဟင်းအိုး​ထဲမှ​အသား​ကဲ့သို့ မ​ဖြစ်​စေ​ရ​။ သင်​တို့​ကို​အစ္စရေး​နယ်စပ်​တွင် ငါ​တရားစီရင်​မည်​။ 12သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​ရ​လိမ့်မည်​။ သင်​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​မ​လိုက်နာ​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း​မ​လိုက်လျှောက်​ဘဲ သင်​တို့​ဝန်းကျင်​ရှိ လူမျိုးခြား​တို့​၏​စီရင်ထုံးဖွဲ့ချက်​များ​အတိုင်း လိုက်လျှောက်​ကြ​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
13ထို​အကြောင်း​ကို ငါ​ပရောဖက်ပြု​ဟောပြော​နေစဉ် ဗေနာယ​၏​သား​ပေလတိ သေ​လေ​၏​။ ထိုအခါ ငါ​သည် ပျပ်ဝပ်​လျက် “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြွင်းကျန်​သော​အစ္စရေး​တို့​ကို​ပါ အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်လော​”​ဟု အသံကုန်​အော်ဟစ်​လျှောက်ဆို​လေ​၏​။
အစ္စရေးလူမျိုးတို့အား ပြန်လည်စုစည်းစေမည်ဟူသောကတိတော်
14တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍ 15“​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​တို့​က သင်​၏​ညီအစ်ကို​များ​၊ သင်​၏​ဆွေမျိုးသားချင်း​များ#11:15 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ကိုရွေးနုတ်ခွင့်ရှိသူများ”။​နှင့် အစ္စရေး​တစ်မျိုးနွယ်လုံး​အား ‘​ထာဝရဘုရား​ထံ​တော်​မှ အဝေး​သို့ ထွက်သွား​ကြ​လော့​။ ဤ​ပြည်​ကို ငါ​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​ပြီ​’​ဟု ပြောဆို​ကြ​ပြီ​။
16ထို့ကြောင့် ‘ဘုရားရှင်​ထာဝရဘုရား​က ငါ​သည် သူ​တို့​ကို လူမျိုးခြား​တို့​နေရာ ရပ်ဝေး​သို့​ပို့​၍ အရပ်ရပ်​သို့​ကွဲလွင့်​စေ​သော်လည်း သူ​တို့​ရောက်ရှိ​ရာ​အရပ်ရပ်​တွင် ငါ​သည် သူ​တို့​အဖို့ ယာယီ​သန့်ရှင်းရာဌာန​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။
17ထို့ကြောင့် ‘ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​ကို လူမျိုးတကာ​တို့​မှ ပြန်လည်​စုစည်း​မည်​။ သင်​တို့​ကွဲလွင့်​ရာ​အရပ်ရပ်​တို့​မှ သင်​တို့​ကို ပြန်ခေါ်လာ​မည်​။ အစ္စရေး​ပြည်​ကို သင်​တို့​အား ပြန်ပေး​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။
18ဘုရားရှင်​ထာဝရဘုရား​က ‘သူ​တို့​ပြန်လာ​ကြ​သောအခါ ထို​ပြည်​ရှိ စက်ဆုပ်​ရွံရှာဖွယ်​အမှု​ရှိသမျှ​တို့​ကို ဖယ်ရှား​ပစ်​ကြ​လိမ့်မည်​။ 19သူ​တို့​အား တစ်စိတ်တစ်သဘောတည်း ရှိ​စေ​မည်​။ စိတ်နှလုံး​သစ်​ကို ပေး​မည်​။ သူ​တို့​အထဲ​မှ ကျောက်​နှလုံးသား​ကို​ဖယ်ရှား​၍ အသား​နှလုံးသား​ကို ပေး​မည်​။ 20သို့ဖြစ်၍ သူ​တို့​သည် ငါ​၏​ပြဋ္ဌာန်းချက်​တို့​ကို​လိုက်လျှောက်​၍ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ကို လိုက်နာ​စောင့်ထိန်း​ကြ​လိမ့်မည်​။ သူ​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သူ​တို့​၏​ဘုရား​ဖြစ်​မည်​။ 21သို့သော် စက်ဆုပ်​ရွံရှာဖွယ်​ရာ​များ​နောက်​သို့​လိုက်​လို​သော စိတ်ဆန္ဒ​ပြင်းပြ​သော​သူ​တို့​ကို​မူ သူ​တို့​ပြုကျင့်​သည့်​အတိုင်း သူ​တို့​ခေါင်း​ပေါ်သို့​ပြန်ရောက်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​လေ​၏​။
ထာဝရဘုရား၏ဘုန်းတော် ဂျေရုဆလင်မြို့မှထွက်သွားခြင်း
22ထို့နောက် ဘေး​၌​ဘီး​ပါ​သော​ခေရုဗိမ်#11:22 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တို့​သည် တောင်ပံ​များ​ကို​ဖြန့်​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​သည်​လည်း သူ​တို့​အထက်​၌ တည်​နေ​၏​။ 23ထာဝရဘုရား​၏​ဘုန်း​တော်​သည် မြို့​ထဲ​မှ​တက်လာ​၍ မြို့​အရှေ့ဘက်​ရှိ​တောင်​ပေါ်တွင် ရပ်​တော်မူ​၏​။ 24ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဖွင့်ပြ​တော်မူ​သော​ဗျာဒိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို သုံ့ပန်း​တို့​ရှိ​ရာ ခါလဒဲ​ပြည်​သို့ ပြန်ချီဆောင်​လာ​၏​။ ထို့နောက် ငါ​မြင်​ရ​သော ဗျာဒိတ်အာရုံ​သည် ပျောက်ကွယ်​သွား​၏​။ 25ထိုအခါ ငါ့​အား ထာဝရဘုရား​ဖော်ပြ​တော်မူ​သော​အရာ​အလုံးစုံ​ကို ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​သူ​တို့​အား ငါ​ပြောပြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ယေဇကျေလအနာဂတ္တိကျမ်း 11