YouVersion Logo
Search Icon

ထွက်မြောက်ရာကျမ်း 34

34
ကျောက်ပြားသစ်
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခင်​ကျောက်ပြား​တို့​နှင့်တူသော​ကျောက်ပြား​နှစ်​ချပ်​ကို သင်​ထုဆစ်​လော့​။ သင်​ချိုးဖျက်​လိုက်​သော ယခင်​ကျောက်ပြား​တို့​၌​ပါ​သည့် နှုတ်ကပတ်တော်​အတိုင်း ထို​ကျောက်ပြား​တို့​ပေါ်၌ ငါ​အက္ခရာတင်​ထား​မည်​။ 2နံနက်စောစော အဆင်သင့်​ပြင်​၍ သိနာ​တောင်​ပေါ်သို့ တက်လာ​လော့​။ ထို​တောင်​ထိပ်​တွင် ငါ့​ကို​လာ​ဖူးမြင်​လော့​။ 3သင်​နှင့်အတူ မည်သူ​တစ်ဦးတစ်ယောက်​မျှ တက်​မ​လာ​ရ​။ တောင်​တစ်တောင်လုံး​၌ မည်သူ​တစ်ဦးတစ်ယောက်​ကို​မျှ မ​တွေ့​ရ​စေ​နှင့်​။ သိုးအုပ်​၊ နွားအုပ်​တို့​ကို​လည်း ဤ​တောင်​အရှေ့ဘက်​၌ မ​ထိန်းကျောင်း​ရ​”​ဟု မိန့်​တော်မူ​၏​။
4သို့ဖြစ်၍ မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ယခင်​ကျောက်ပြား​တို့​နှင့်တူသော ကျောက်ပြား​နှစ်​ချပ်​ကို​ထုဆစ်​ပြီး နံနက်​စောစောထ​၍ သိနာ​တောင်​ပေါ်သို့​တက်သွား​၏​။ သူ​၏​လက်​ထဲ၌​လည်း ကျောက်ပြား​နှစ်​ချပ်​ကို ယူဆောင်​သွား​၏​။
5ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ ထို​အရပ်​၌ သူ​နှင့်အတူ​ရပ်​လျက် ထာဝရဘုရား​ဟူသော​နာမ​တော်​ကို ထုတ်ဖော်​ပြသ​တော်မူ​၏​။ 6ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။ 7မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။
8ထိုအခါ မောရှေ​သည် မြေ​ပေါ်သို့ အလျင်အမြန်​ဦးညွှတ်​၍ ရှိခိုးကိုးကွယ်​လျက် 9“​အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​လျှင် အကျွန်ုပ်​တို့​နှင့်အတူ ဘုရားရှင်​ကြွ​တော်မူ​ပါ​။ အကယ်စင်စစ် ဤ​သူ​တို့​သည် ခေါင်းမာ#34:9 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သော​လူမျိုး​ဖြစ်​ပါ​၏​။ သို့သော် အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​တို့​ကို ဖြေလွှတ်​လျက် အကျွန်ုပ်​တို့​ကို အမွေ​တော်​အဖြစ်​သိမ်းယူ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။
ပဋိညာဉ်ဆိုင်ရာပညတ်ချက်များ
10ထာဝရဘုရား​က​လည်း “​ငါ​ပဋိညာဉ်​ပြု​မည်​။ ကမ္ဘာမြေ​တစ်ခွင်လုံး​၌​လည်းကောင်း​၊ လူမျိုး​ရှိသမျှ​တို့​၌​လည်းကောင်း မ​ပြု​ခဲ့​ဖူး​သော​အံ့ဖွယ်အမှု​တို့​ကို သင်​၏​လူ​အပေါင်း​တို့​ရှေ့​၌ ငါ​ပြု​မည်​။ သင်​နှင့်အတူ​ရှိ​သော​လူ​အပေါင်း​တို့​သည် ငါ​ထာဝရဘုရား​၏​အမှု​ကို တွေ့မြင်​ကြ​လိမ့်မည်​။ ထို​အမှု​သည် သင်​နှင့်အတူ​ငါ​ပြု​မည့် ကြောက်မက်ဖွယ်​အမှု​ဖြစ်​၏​။ 11ယနေ့ သင့်​အား ငါ​မိန့်မှာ​သော​အရာ​ကို သင်​စောင့်ထိန်း​လော့​။ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​နှင့် ယေဗုသိ​လူမျိုး​တို့​ကို သင့်​ရှေ့​မှ ငါ​နှင်ထုတ်​မည်​။ 12သင်​တို့​ဝင်ရောက်​မည့်​ပြည်​ရှိ​ပြည်သား​တို့​နှင့် မိတ်​မ​ဖွဲ့​မိ​ရန် သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​တို့​သည် သင်​တို့​အဖို့ ထောင်ချောက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ 13သင်​သည် သူ​တို့​၏​ယဇ်ပလ္လင်​များ​ကို ဖြိုဖျက်​ပစ်​၍ သူ​တို့​၏​ကျောက်တိုင်​များ​ကို ဖြိုလှဲ​ရ​မည်​။ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ခုတ်လှဲ​ရ​မည်​။ 14သင်​သည် အခြား​သော​ဘုရား​ကို မ​ရှိခိုး​မ​ကိုးကွယ်​ရ​။#မ 4:10။ အဘယ်ကြောင့်​ဆိုသော် ထာဝရဘုရား​သည် သဝန်တို​တတ်​၏​။ နာမ​တော်​ကား သဝန်တို​သော​ဘုရား​ပေတည်း​။
15သင်​သည် ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​လျှင် သူ​တို့​သည် မိမိ​တို့​၏​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သောအခါ​၌​လည်းကောင်း​၊ မိမိ​တို့​၏​ဘုရား​များ​အား ယဇ်ပူဇော်​သောအခါ​၌​လည်းကောင်း သင့်​ကို​ဖိတ်ခေါ်​၍ သင်​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​စား​မိ​လိမ့်မည်​။ 16သင်​သည် သူ​တို့​၏​သမီး​များ​ကို သင့်​သား​တို့​နှင့်​စုံဖက်​စေ​သဖြင့် သူ​တို့​၏​သမီး​များ​သည် မိမိ​တို့​၏​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​သောအခါ သင့်​သား​တို့​ကို​လည်း ထို​ဘုရား​များ​နောက်​သို့​လိုက်​၍ ဖောက်ပြန်မှားယွင်း​စေ​ကြ​လိမ့်မည်​။
17သင်​သည် ကိုယ့်​အဖို့ ဘုရား​ရုပ်တု​များ​ကို မ​သွန်းလုပ်​ရ​။
18တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။
19သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သူ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နွား​ဖြစ်စေ​၊ သိုး​ဖြစ်စေ အဦးဆုံး​ပေါက်​သော တိရစ္ဆာန်​အထီး​ရှိသမျှ​တို့​ကို​လည်းကောင်း ငါ​ပိုင်​၏​။ 20မြည်း​မှ အဦးဆုံး​ပေါက်​သော​အကောင်​ကို သိုးသငယ်​ဖြင့် ရွေး​ရ​မည်​။ အကယ်၍ မ​ရွေး​လို​လျှင် မြည်းသားပေါက်​၏​လည်ပင်း​ကို ချိုး​ရ​မည်​။ သင်​၏​သား​များ​ထဲမှ သားဦး​ရှိသမျှ​ကို ရွေး​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။
21ခြောက်​ရက်​ပတ်လုံး အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။ ထွန်ယက်​ချိန်​ဖြစ်စေ​၊ ရိတ်သိမ်း​ချိန်​ဖြစ်စေ သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​ရ​မည်​။
22ဂျုံ​ရိတ်သိမ်း​ရာ​ကာလ​၏​အဦးဆုံးသီးနှံ​ဖြင့် ခုနစ်သီတင်း​မြောက်​ပွဲတော်​ကို​လည်းကောင်း​၊ နှစ်ဆန်း​၌ စုသိမ်း​ရာ​ပွဲတော်​ကို​လည်းကောင်း သင်​ကျင်းပ​ရ​မည်​။ 23ယောက်ျား​အပေါင်း​တို့​သည် အစ္စရေး​လူမျိုး​၏​ဘုရား​ဖြစ်​သော ထာဝရဘုရား​သခင်​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ် မျက်နှာလာပြ​ရ​မည်​။ 24လူမျိုးခြား​တို့​ကို သင့်​ရှေ့​မှ ငါ​နှင်ထုတ်​ပြီး သင်​၏​နယ်ပယ်​ကို ငါ​ကျယ်ဝန်း​စေ​မည်​ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ တစ်​နှစ်​လျှင်​သုံး​ကြိမ်​မျက်နှာ​လာ​ပြ​စဉ်​အတွင်း မည်သူ​မျှ သင်​၏​မြေ​ကို လိုချင်​တပ်မက်​စိတ် မ​ရှိ​စေ​ရ​။
25သင်​သည် ယဇ်ကောင်​၏​သွေး​ကို တဆေးပါသောမုန့်​နှင့်အတူ ငါ့​အား မ​ပူဇော်​ရ​။ ပသခါပွဲ​၌​ပူဇော်​သော​ယဇ်ကောင်​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။
26သင့်​မြေ​မှ​ထွက်​သော အဦးဆုံးသီးနှံ​ထဲမှ​အကောင်းဆုံး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​သို့ ယူဆောင်​လာ​ရ​မည်​။ ဆိတ်သငယ်​ကို မိခင်​၏​နို့​ဖြင့် မ​ပြုတ်​ရ​”​ဟု မိန့်​တော်မူ​၏​။
27တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​စကား​တို့​ကို သင်​ရေးမှတ်​ထား​လော့​။ အကြောင်းမူကား ဤ​နှုတ်ထွက်စကား​တို့​အတိုင်း ငါ​သည် သင်​နှင့်​လည်းကောင်း​၊ အစ္စရေး​လူမျိုး​တို့​နှင့်​လည်းကောင်း ပဋိညာဉ်​ဖွဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။
28မောရှေ​သည် အစာ​ကို​မ​စား​၊ ရေ​ကို​လည်း​မ​သောက်​ဘဲ ထို​အရပ်​၌ ထာဝရဘုရား​နှင့်အတူ နေ့​ပေါင်း​လေးဆယ်​၊ ည​ပေါင်း​လေးဆယ်​နေ​လျက် ကျောက်ပြား​များ​အပေါ်​၌ ပညတ်တော်#34:28 တိုက်ရိုက်ပြန်ဆိုလျှင် “စကားတော်”။​ဆယ်​ပါး​တည်းဟူသော ပဋိညာဉ်​ပါ​အချက်​များ​ကို ရေးသား​လေ​၏​။
မောရှေမျက်နှာထွန်းပနေခြင်း
29ထို့နောက် မောရှေ​သည် သိနာ​တောင်​ပေါ်မှ ဆင်းလာ​၏​။ တောင်​ပေါ်မှ ဆင်းလာ​သောအခါ မောရှေ​၏​လက်​ထဲ၌ သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ပါ​၏​။ မောရှေ​သည် ထာဝရဘုရား​နှင့်​စကားပြော​ခဲ့​ရ​သဖြင့် သူ​၏​မျက်နှာ​ထွန်းပ​သည်​ကို သူ​မ​သိ​။ 30အာရုန်​နှင့်​အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် မောရှေ​ကို​မြင်​သောအခါ သူ​၏​မျက်နှာ​သည် ထွန်းပ​နေ​သဖြင့် သူ့​ထံသို့ မ​ချဉ်းကပ်​ဝံ့​ကြ​ချေ​။ 31သို့ရာတွင် မောရှေ​သည် သူ​တို့​ကို​ခေါ်​သဖြင့် အာရုန်​နှင့်​လူထု​ခေါင်းဆောင်​အားလုံး​တို့​သည် သူ့​ထံသို့​ပြန်လာ​ကြ​၍ မောရှေ​သည် သူ​တို့​နှင့်​စကားပြော​လေ​၏​။ 32ထို့နောက်မှ အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ချဉ်းကပ်​လာ​ကြ​၍ မောရှေ​သည် သိနာ​တောင်​ပေါ်၌ မိမိ​အား ထာဝရဘုရား​မိန့်ဆို​တော်မူ​သော​အရာ​ရှိသမျှ​တို့​ကို သူ​တို့​အား ဆင့်ဆို​လေ​၏​။ 33မောရှေ​သည် သူ​တို့​နှင့်​စကားပြော​ပြီး​သောအခါ မိမိ​မျက်နှာ​ကို မျက်နှာဖုံး​ဖြင့်​ဖုံးအုပ်​လေ​၏​။#ထွ 34:35၊ ၂ကော 3:13။ 34မောရှေ​သည် ထာဝရဘုရား​၏​ရှေ့​တော်​သို့​ဝင်ရောက်​၍ စကားပြော​သောအခါ သူ​ပြန်ထွက်​မ​လာ​မီ​အချိန်​အထိ မျက်နှာဖုံး​ကို မဖုံးအုပ်​ဘဲ​နေ​၏​။ သူ​ပြန်ထွက်​လာ​၍ အစ္စရေး​အမျိုးသား​တို့​အား ကိုယ်တော်​မိန့်ဆို​သော​အရာ​ကို ဆင့်ဆို​သောအခါ 35မောရှေ​၏​မျက်နှာ​ထွန်းပ​နေ​သည်​ကို အစ္စရေး​အမျိုးသား​တို့​မြင်​ရ​၏​။ ထို့ကြောင့် မောရှေ​သည် ကိုယ်တော့်​ထံ​ဝင်​၍ ကိုယ်တော်​နှင့်​စကား​မ​ပြော​မီ​အချိန်​အထိ မိမိ​မျက်နှာ​ကို မျက်နှာဖုံး​ဖြင့် ပြန်၍​ဖုံးအုပ်​ထား​၏​။#ထွ 34:33၊ ၂ကော 3:13။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in