ထွက်မြောက်ရာကျမ်း 14
14
1တစ်ဖန် ထာဝရဘုရားက မောရှေအား 2“အစ္စရေးအမျိုးသားတို့သည်ပြန်လှည့်၍ မိဂဒေါလမြို့နှင့်ပင်လယ်အကြားရှိ ပိဟဟိရုတ်မြို့အရှေ့၊ ဗာလဇေဖုန်မြို့အရှေ့၌ စခန်းချရမည်။ ဗာလဇေဖုန်မြို့နှင့်မျက်နှာချင်းဆိုင် ပင်လယ်အနီး၌ စခန်းချရမည်ဟု သူတို့အား ဆင့်ဆိုလော့။ 3ဖာရောမင်းကြီးက အစ္စရေးအမျိုးသားတို့နှင့်ပတ်သက်၍ ‘သူတို့သည် မြေပြင်ပေါ်တွင် တဝဲလည်လည်ဖြစ်နေကြပြီ။ တောကန္တာရ၌ သူတို့ပိတ်မိနေကြပြီ’ဟု ဆိုလိမ့်မည်။ 4ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
အီဂျစ်လူမျိုးတို့လိုက်လာခြင်း
5အစ္စရေးလူမျိုးတို့ထွက်ပြေးကြောင်းကို အီဂျစ်ဘုရင်အား ကြားလျှောက်သောအခါ ထိုလူမျိုးတို့နှင့်ပတ်သက်ပြီး ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် စိတ်ပြောင်း၍ “ငါတို့သည် အဘယ်ကြောင့် ဤသို့ပြုမိသနည်း။ အကယ်စင်စစ် အစ္စရေးလူမျိုးတို့ကို ငါတို့၏အစေခံအဖြစ်မှ လွှတ်ပေးမိပါပြီတကား”ဟု ဆိုကြ၏။ 6ထို့ကြောင့် ဖာရောမင်းကြီးသည် မိမိစစ်ရထားကိုအသင့်ပြင်စေပြီးလျှင် မိမိနှင့်အတူ မိမိလူတို့ကို ခေါ်သွားလေ၏။ 7တပ်မှူးအသီးသီးပါသော လက်ရွေးစင်စစ်ရထားခြောက်ရာနှင့်တကွ အီဂျစ်ပြည်ရှိစစ်ရထားအားလုံးကိုလည်း ခေါ်သွားလေ၏။ 8ထာဝရဘုရားသည် အီဂျစ်ဘုရင်ဖာရောမင်းကြီး၏စိတ်နှလုံးကိုမာကျောစေသဖြင့် သူသည် ဝင့်ကြွားစွာဖြင့်ထွက်သွားကြသော အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လေ၏။ 9ထိုသို့ အီဂျစ်လူမျိုးတို့သည် သူတို့နောက်သို့လိုက်ကြရာ ဖာရောမင်းကြီး၏မြင်းရထားအပေါင်းတို့နှင့်တကွ မြင်းစီးသူရဲများ၊ စစ်သည်များသည် ပိဟဟိရုတ်မြို့အနီး၊ ဗာလဇေဖုန်မြို့အရှေ့၊ ပင်လယ်အနီး၌စခန်းချနေသော အစ္စရေးလူမျိုးတို့ကိုမီလေ၏။
10ဖာရောမင်းကြီးနီးကပ်လာသောအခါ အစ္စရေးအမျိုးသားတို့သည် မျှော်ကြည့်၍ သူတို့နောက်မှအီဂျစ်လူမျိုးတို့ ချီတက်လာသည်ကိုမြင်လျှင် အလွန်ကြောက်ရွံ့ကြ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားထံ အော်ဟစ်ကြလေ၏။ 11မောရှေကိုလည်း “အီဂျစ်ပြည်၌ သင်္ချိုင်းမရှိသောကြောင့် တောကန္တာရထဲ၌သေစေရန် ငါတို့ကိုခေါ်ဆောင်လာခဲ့သလော။ ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ ငါတို့ကို အီဂျစ်ပြည်ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်ခဲ့သနည်း။ 12‘အီဂျစ်လူမျိုးတို့ထံ အစေခံပါရစေ။ ငါတို့ကို ဤအတိုင်းရှိစေတော့’ဟူ၍ သင့်ကို အီဂျစ်ပြည်၌ ငါတို့ပြောခဲ့သည် မဟုတ်လော။ တောကန္တာရတွင် သေရသည်ထက် အီဂျစ်လူမျိုးတို့ကိုအစေခံရခြင်းက ငါတို့အတွက်သာ၍ကောင်း၏”ဟု ဆိုကြ၏။
13မောရှေကလည်း “မကြောက်ကြနှင့်။ ယနေ့ သင်တို့အတွက် ပြုတော်မူမည့် ထာဝရဘုရား၏ကယ်တင်ခြင်းကို ရပ်၍ကြည့်ကြလော့။ ယနေ့ သင်တို့မြင်နေရသောအီဂျစ်လူမျိုးတို့ကို မည်သည့်အခါမျှ မြင်ရတော့မည်မဟုတ်။ 14ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
ပင်လယ်နီကို ဖြတ်လျှောက်လွတ်မြောက်လာခြင်း
15ထာဝရဘုရားက မောရှေအား “သင်သည် အဘယ်ကြောင့် ငါ့ထံအော်ဟစ်နေသနည်း။ အစ္စရေးအမျိုးသားတို့အား ဆက်၍ခရီးပြုကြရန် ဆင့်ဆိုလော့။ 16သင်မူကား တောင်ဝှေးကိုမြှောက်ပြီးလျှင် ပင်လယ်အပေါ်သို့ သင့်လက်ကိုဆန့်၍ ပင်လယ်ကိုခွဲလော့။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် သွားရလိမ့်မည်။ 17ငါသည် အီဂျစ်လူမျိုးတို့၏စိတ်နှလုံးကို မာကျောစေသဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါသည် ဖာရောမင်းကြီးမှစ၍ သူ၏စစ်သည်ရှိသမျှ၊ သူ၏စစ်ရထားများ၊ သူ၏မြင်းစီးသူရဲများအားဖြင့် ဘုန်းထင်ရှားလိမ့်မည်။ 18ထိုသို့ ငါသည် ဖာရောမင်းကြီးနှင့် သူ၏စစ်ရထား၊ သူ၏မြင်းစီးသူရဲတို့အားဖြင့် ဘုန်းထင်ရှားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သိမြင်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
19အစ္စရေးတပ်ရှေ့မှသွားသောဘုရားသခင်၏ကောင်းကင်တမန်သည် သူတို့နောက်သို့ပြောင်း၍လိုက်လေ၏။ မိုးတိမ်တိုင်သည်လည်း သူတို့၏ရှေ့မှ နောက်သို့ပြောင်း၍ ရပ်လေ၏။ 20ထိုသို့ မိုးတိမ်သည် အီဂျစ်တပ်နှင့် အစ္စရေးတပ်ကြားသို့ရောက်၍ တစ်ဖက်၌အမှောင်ကိုဖြစ်စေပြီး တစ်ဖက်၌ညအချိန်တွင် အလင်းကိုပေး၏။ ထို့ကြောင့် တစ်ညလုံး တစ်ဖက်နှင့်တစ်ဖက်မချဉ်းကပ်နိုင်ကြ။
21မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်သော် ထာဝရဘုရားသည် အားကြီးသောအရှေ့လေဖြင့် ပင်လယ်ကို တစ်ညလုံး တိုက်ထုတ်တော်မူ၏။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သောမြေဖြစ်သွား၍ ရေသည်ကွဲပြတ်လေ၏။ 22အစ္စရေးအမျိုးသားတို့သည်လည်း ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။#ထွ 13:22၊ 14:29၊ ၁ကော 10:1။
23အီဂျစ်လူမျိုးတို့နှင့်တကွ ဖာရောမင်းကြီး၌ရှိသမျှသောမြင်း၊ စစ်ရထားနှင့် မြင်းစီးသူရဲတို့သည်လည်း သူတို့၏နောက်မှလိုက်၍ ပင်လယ်ထဲသို့ဝင်ကြ၏။ 24မိုးသောက်ချိန်ရောက်သောအခါ ထာဝရဘုရားသည် အီဂျစ်တပ်ကို မီးတိုင်၊ မိုးတိမ်တိုင်ထဲမှ ငုံ့ကြည့်တော်မူ၍ အီဂျစ်တပ်တို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ 25သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေ#14:25 တိုက်ရိုက်ပြန်ဆိုလျှင် “ဖယ်ရှား”။တော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။
26တစ်ဖန် ထာဝရဘုရားက မောရှေအား “အီဂျစ်လူမျိုးတို့နှင့် သူတို့၏စစ်ရထားများ၊ မြင်းစီးသူရဲများအပေါ်သို့ ရေပြန်စီးလာစေရန် ပင်လယ်အပေါ်သို့ သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ 27ထို့ကြောင့် မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်၏။ မိုးလင်းချိန်၌ ပင်လယ်သည် ပုံမှန်အတိုင်း ပြန်၍စီးဆင်း၏။ အီဂျစ်လူမျိုးတို့သည် စီးလာသောရေမှ ထွက်ပြေးကြစဉ်တွင်ပင် ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ပင်လယ်ထဲ၌ လှဲချ#14:27 တိုက်ရိုက်ပြန်ဆိုလျှင် “ခါချ”။တော်မူ၏။ 28အစ္စရေးအမျိုးသားတို့နောက်မှ ပင်လယ်ထဲသို့လိုက်ဝင်ကြသော စစ်ရထားများနှင့်မြင်းစီးသူရဲများ စသည့် ဖာရောမင်းကြီး၏စစ်တပ်တစ်တပ်လုံးအပေါ်သို့ ရေပြန်စီးလာပြီး သူတို့ကို ဖုံးလွှမ်းသဖြင့် တစ်စုံတစ်ယောက်မျှ မကျန်ရစ်ပေ။
29အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။ ရေသည် သူတို့၏လက်ယာဘက်နှင့်လက်ဝဲဘက်၌ တံတိုင်းသဖွယ်ဖြစ်လျက်နေ၏။#ထွ 13:22၊ 14:22၊ ၁ကော 10:1။ 30ဤသို့ဖြင့် ထာဝရဘုရားသည် ထိုနေ့၌ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်တင်တော်မူ၏။ အီဂျစ်လူမျိုးတို့မူကား ပင်လယ်ကမ်းစပ်၌ အတုံးအရုံးလဲသေနေသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ရလေ၏။ 31ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ကြီးမားသောတန်ခိုးတော်ဖြင့် စီရင်တော်မူသည်ကို အစ္စရေးလူမျိုးတို့ တွေ့မြင်ကြသဖြင့် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြ၏။ ထာဝရဘုရားကိုလည်းကောင်း၊ ကိုယ်တော်၏အစေအပါးမောရှေကိုလည်းကောင်း ယုံကြည်ကြ၏။
Currently Selected:
ထွက်မြောက်ရာကျမ်း 14: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative