YouVersion Logo
Search Icon

ဧသတာဝတ္ထု 5

5
ရှင်ဘုရင်ထံ ဧသတာဝင်ရောက်ခြင်း
1ထို့နောက် သုံး​ရက်​မြောက်​နေ့​တွင် ဧသတာ​သည် နန်းဝတ်နန်းစား​ကို​ဝတ်ဆင်​၍ ဘုရင့်​ခန်းမဆောင်​နှင့်​မျက်နှာချင်းဆိုင် နန်းတွင်း​ဆောင်​တွင် ရပ်​နေ​၏​။ ရှင်ဘုရင်​သည်​လည်း ဘုရင့်​ခန်းမဆောင်​အဝင်ဝ​သို့​မျက်နှာမူ​လျက် ခန်းမ​တွင်း​ရှိ​ရာဇ​ပလ္လင်​ပေါ်တွင် စံမြန်း​နေ​၏​။ 2ရှင်ဘုရင်​သည် နန်းတော်​ဝင်း​အတွင်း​၌​ရပ်​နေ​သော မိဖုရား​ဧသတာ​ကို မြင်​လျှင် ချစ်​ကြင်နာ​စိတ်​ဖြစ်၍ ရှင်ဘုရင်​သည်​လည်း လက်​ထဲ​ရှိ​ရွှေ​ရာဇလှံတံ​ကို ဧသတာ​အား​ကမ်းပေး​လေ​၏​။ ဧသတာ​လည်း အနီး​သို့​လာ​၍ ရာဇလှံတံ​၏​ထိပ်ဖျား​ကို တို့​လေ​၏​။
3ထိုအခါ ရှင်ဘုရင်​က “​မိဖုရား​ဧသတာ​၊ သင်​ဘာ​အလိုရှိ​သနည်း​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ သင်​တောင်းဆို​သမျှ နိုင်ငံ​တော်​တစ်ဝက်​အထိ သင့်​ကို ငါ​ပေး​မည်​”​ဟု မိန့်ဆို​လေ​၏​။
4ဧသတာ​က​လည်း “​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် အရှင်မင်းကြီး​အတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ဟာမန်​နှင့်အတူ ကြွရောက်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။
5ထိုအခါ ရှင်ဘုရင်​က “​ဧသတာ​တောင်းဆို​သည့်​အတိုင်း ပြု​နိုင်​ရန် ဟာမန်​ကို​အလျင်အမြန်​ခေါ်​ခဲ့​လော့​”​ဟု အမိန့်ပေး​၏​။ ထို့နောက် ရှင်ဘုရင်​သည် ဟာမန်​နှင့်အတူ ဧသတာ​ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ကြွ​လေ​၏​။
6စပျစ်ဝိုင်​သောက်​ချိန်​တွင် ရှင်ဘုရင်​က ဧသတာ​အား “​သင်​ဘာ​အလိုရှိ​သနည်း​။ သင့်​အား​ငါ​ပေး​မည်​။ သင်​ဘာ​တောင်းဆို​လို​သနည်း​။ နိုင်ငံ​တော်​တစ်ဝက်​ကို​ပင် သင့်​အား ငါ​ပေး​မည်​”​ဟု ဆို​၏​။
7ဧသတာ​က​လည်း “​ကျွန်တော်မျိုးမ အလိုရှိ​သော​အရာ​၊ တောင်းဆို​လို​သော​အရာ​မှာ 8အရှင်မင်းကြီး​သည် ကျွန်တော်မျိုးမ​ကို မျက်နှာသာပေး​၍ ကျွန်တော်မျိုးမ တောင်းဆို​သော​အရာ​ကို အရှင်မင်းကြီး​ပေးသနား​လို​သော​စေတနာစိတ်​ရှိ​လျှင် ကျွန်တော်မျိုးမ ပြင်ဆင်​မည့်​စားသောက်ပွဲ​သို့ အရှင်မင်းကြီး​နှင့်​ဟာမန်​တို့ နောက်တစ်ဖန်​ကြွရောက်​တော်မူ​ပါ​။ အရှင်မင်းကြီး​မိန့်ဆို​သော​အရာ​ကို​လည်း နက်ဖြန်နေ့​တွင် ဖြေကြား​ပါ​မည်​”​ဟု ပြန်လျှောက်​လေ​၏​။
9ထို​နေ့​၌ ဟာမန်​သည် စိတ်နှလုံး​ဝမ်းမြောက်​ရွှင်မြူး​လျက် ပြန်လာ​၏​။ သို့သော် ဘုရင့်​နန်းတော်​တံခါး​သို့​ရောက်​လျှင် မော်ဒကဲ​သည် မတ်တတ်​မ​ရပ်​၊ သူ့​အား မ​ကြောက်ရွံ့ မ​ရိုသေ​သည်​ကို မြင်​သောအခါ ဟာမန်​သည် မော်ဒကဲ​အား ပြင်းစွာ​အမျက်ထွက်​လေ​၏​။ 10သို့သော် ဟာမန်​သည် စိတ်​ကို​ထိန်း​၍ အိမ်​သို့​ရောက်​ပြီးမှ မိမိ​ဇနီး​ဇေရက်​နှင့် မိမိ​မိတ်ဆွေ​တို့​ကို လူ​လွှတ်​ခေါ်​စေ​၏​။ 11ဟာမန်​က သူ​တို့​အား မိမိ​မည်မျှ ဓနဥစ္စာ​ဂုဏ်ရှိန်​ကြီး​ကြောင်း​၊ သားသမီး​များပြား​ကြောင်း​၊ ရှင်ဘုရင်​သည်​လည်း မိမိ​အား မည်မျှ​ချီးမြှင့်မြှောက်စား​ကြောင်း​၊ အခြား​မှူးမတ်​များ​နှင့် မင်းမှုထမ်း​များ​ထက် ရာထူး​တိုးမြှင့်​ပေး​ကြောင်း​တို့​ကို ဝါကြွား​ပြောဆို​လေ​၏​။ 12တစ်ဖန် ဟာမန်​က “​ထိုမျှမက မိဖုရား​ဧသတာ​သည် သူ​တည်ခင်း​သော​စားသောက်ပွဲ​သို့ ရှင်ဘုရင်​နှင့်အတူ ငါ​မှလွဲ၍ အခြားသူ​ကို မ​ဖိတ်ခေါ်​ပါ​။ နက်ဖြန်​နေ့​တွင်​လည်း ရှင်ဘုရင်​နှင့်အတူ ငါ့​ကို​ဖိတ်ခေါ်​ထား​၏​။ 13သို့သော် ဘုရင့်​နန်းတော်​တံခါး​တွင် ဂျူး​လူမျိုး​မော်ဒကဲ​ထိုင်​နေ​သည်​ကို ငါ​မြင်​နေ​ရ​သရွေ့ ဤ​အရာ​အားလုံး​သည် ငါ့​အတွက် ဘာမျှ​အကျိုး​မ​ရှိ​”​ဟု ဆို​လေ​၏​။
14ထိုအခါ သူ့​ဇနီး​ဇေရက်​နှင့် သူ့​မိတ်ဆွေ​အပေါင်း​တို့​က “​အတောင်​ငါးဆယ်#5:14 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။​မြင့်​သော​သစ်တိုင်​တစ်​ခု​ကို​ပြုလုပ်​စေ​ပြီး မော်ဒကဲ​ကို ထို​သစ်တိုင်​ပေါ်တွင်​ဆွဲ​ထား​မည့်​အကြောင်း မနက်ဖြန်​မနက်​တွင် ရှင်ဘုရင်​ထံ အခွင့်တောင်း​ပါ​။ ပြီးမှ ရှင်ဘုရင်​နှင့်အတူ စားသောက်ပွဲ​သို့ ဝမ်းမြောက်​စွာ​သွား​ပါ​”​ဟု အကြံပေး​ကြ​၏​။ ဟာမန်​သည်​လည်း ထို​အကြံ​ကို​နှစ်သက်​သဖြင့် သစ်တိုင်​ကို​ပြုလုပ်​စေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in