YouVersion Logo
Search Icon

ဒေသနာကျမ်း 8

8
ရှင်ဘုရင်၏အမိန့်ကိုနာခံလော့
1မည်သူ​သည် ပညာရှိ​ကဲ့သို့​ဖြစ်​သနည်း​။ မည်သူ​သည် အမှုအရာ​၏​အနက်အဓိပ္ပာယ်​ကို​သိ​သနည်း​။ လူ​တစ်​ဦး​၏​ဉာဏ်ပညာ​သည် ထို​သူ​၏​မျက်နှာ​ကို​ထွန်းလင်း​စေ​၍ သူ​၏​တင်းမာ​သော​မျက်နှာ​ကို ပြောင်းလဲ​စေ​တတ်​၏​။ 2ငါ​ဆို​သည်​ကား “​ဘုရားသခင်​၏​ရှေ့​တော်​၌​ကျိန်ဆို​ထား​သည်​ဖြစ်၍ ရှင်ဘုရင်​၏​အမိန့်​ကို​နာခံ​လော့​။ 3သူ​၏​ရှေ့မှောက်​မှ အလျင်စလို​မ​ထွက်သွား​နှင့်​။ မကောင်း​သော​အမှု​ဘက်​၌ မ​ရပ်တည်​နှင့်​။ အကြောင်းမူကား သူ​သည် အရာ​အားလုံး​ကို​အလိုရှိ​သည့်​အတိုင်း စီရင်​တတ်​၏​။​” 4ရှင်ဘုရင်​၏​အမိန့်​၌ အခွင့်အာဏာ​ရှိ​၏​။ “​သင်​ဘာ​လုပ်​နေ​သနည်း​”​ဟု သူ့​ကို​မည်သူ​ပြော​နိုင်​သနည်း​။ 5သူ​၏​အမိန့်​ကို​စောင့်ထိန်း​သော​သူ​သည် မကောင်း​သော​အမှုအရာ​နှင့်​တွေ့ကြုံ​ရ​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် အချိန်​နှင့်​စီရင်ထုံး​တို့​ကို သိ​တတ်​၏​။ 6လူ့​အပေါ်​၌ များစွာ​သော​ဒုက္ခ​ကျရောက်​တတ်​သော်လည်း ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​၊ သူ့​စီရင်ထုံး​ရှိ​၏​။ 7အကြောင်းမူကား နောင်​ဖြစ်​မည့်​အရာ​ကို မည်သူမျှ​မ​သိ​သည်​ဖြစ်၍ မည်သည့်​အရာ​ဖြစ်လာ​မည်​ကို မည်သူ​ပြော​နိုင်​သနည်း​။ 8လေ#8:8 သို့မဟုတ် “ဝိညာဉ်”။​ကို​တားဆီး​ရန် မည်သူ​မျှ​လေ​ကို​မ​ထိန်းချုပ်​နိုင်​သကဲ့သို့ သေ​ရ​မည့်​နေ့ရက်​အပေါ် အခွင့်အာဏာ​ရှိ​သော​သူ​မ​ရှိ​။ (စစ်ဖြစ်ချိန်​၌) စစ်ပွဲ​မှ​မည်သူ​မျှ​ထွက်ခွာ​ခွင့်​မ​ရှိ​သကဲ့သို့ ဆိုးယုတ်မှု​သည် ဆိုးယုတ်​သော​သူ​ကို လွတ်မြောက်​ခွင့်​ပေး​လိမ့်မည်​မ​ဟုတ်​။ 9ငါ​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှုအရာ​ကို ဆင်ခြင်​နှလုံးသွင်း​သောအခါ ဤ​အရာ​အားလုံး​ကို တွေ့မြင်​၏​။ လူ​သည် အခြားသောသူ​ကို​စိုးမိုး​၍ သူ​ကိုယ်တိုင် ဒုက္ခ​ရောက်​ရ​သော​အချိန်​ရှိ​၏​။
ဘုရားသခင်ကိုကြောက်ရွံ့ခြင်း
10တစ်ဖန် သန့်ရှင်း​သော​နေရာ​၌ ဝင်ထွက်​သွားလာ​ခဲ့​သည့် ဆိုးယုတ်​သော​သူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံရ​သည်​ကို​ငါ​တွေ့မြင်​၏​။ သူ​တို့​သည် ထိုသို့​ပြု​ခဲ့​ရာ​မြို့​တွင် မေ့လျော့​ခြင်း​ခံရ​ကြ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ 11မကောင်း​သော​အမှု​အတွက် စီရင်ချက်​အလျင်အမြန်​မ​ချမှတ်​သောကြောင့် လူသား​တို့​၏​စိတ်နှလုံး​သည် မကောင်းမှု​ပြု​လို​သော​သဘော​နှင့် ပြည့်ဝ​လျက်​ရှိ​၏​။ 12အပြစ်ပြု​သော​သူ​သည် မကောင်းမှု​ကို​အကြိမ်​တစ်ရာ​ပြု​လျက်ပင် အသက်ရှည်​သော်လည်း ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ကြ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​ကြောင်း ငါ​အမှန်​သိ​၏​။ 13ဆိုးယုတ်​သော​သူ​မူကား ဘုရားသခင်​၏​ရှေ့​တော်​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ​သောကြောင့် ကောင်းကျိုးချမ်းသာ​ကို​ခံစား​ရ​လိမ့်မည်​မ​ဟုတ်​။ သူ​၏​နေ့ရက်​ကာလ​များ​သည်​လည်း အရိပ်​ကဲ့သို့​ဖြစ်၍ ရှည်​လိမ့်မည်​မ​ဟုတ်​။ 14ကမ္ဘာမြေကြီး​ပေါ်တွင်​ဖြစ်​တတ်​သည့် အချည်းနှီး​သော​အမှု​တစ်​ခု​ရှိ​၏​။ ၎င်း​မှာ ဆိုးယုတ်​သော​သူ​တို့​ခံထိုက်​သော​ဆိုးကျိုး​ကို ခံရ​သည့်​ဖြောင့်မတ်​သော​သူ​များ​ရှိ​သကဲ့သို့ ဖြောင့်မတ်​သော​သူ​တို့​ခံထိုက်​သော​ကောင်းကျိုး​ကို ခံရ​သည့်​ဆိုးယုတ်​သော​သူ​များ​လည်း​ရှိ​ကြ​သည်​ဟူ၍​ဖြစ်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​သည်​ဟု ငါ​ဆို​၏​။ 15သို့ဖြစ်၍ ပျော်ရွှင်မှု​ကို​ငါ​ထောမနာပြု​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင် စား​လျက်​၊ သောက်​လျက်​၊ ဝမ်းမြောက်​လျက်​နေ​ခြင်း​ထက် လူ့​အတွက်​ကောင်း​သည့်​အရာ​မ​ရှိ​။ ဤသည်ကား နေ​အောက်​တွင် လူ​ကို​ဘုရားသခင်​ပေး​တော်မူ​သော အသက်တာ​၏​နေ့ရက်​ကာလ​များ​၌ လူ​၏​ကြိုးပမ်းအားထုတ်မှု​ထဲတွင် သူ​နှင့်အတူ​လိုက်ပါ​လာ​သော​အရာ​ဖြစ်​၏​။ 16ငါ​သည် ဉာဏ်ပညာ​ကို​သိရှိ​ရန်​လည်းကောင်း​၊ လူ​သည် နေ့​ရော​ည​ပါ​မ​အိပ်​ဘဲ ကမ္ဘာမြေကြီး​ပေါ်တွင်​လုပ်ဆောင်​တတ်​သော​အလုပ်​ကို​တွေ့မြင်​ရန်​လည်းကောင်း ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​သောအခါ 17ဘုရားသခင်​ပြု​တော်မူ​သော​အမှု​အားလုံး​ကို ငါ​တွေ့မြင်​၏​။ အမှန်စင်စစ် နေ​အောက်​တွင်​ပြု​သော​အမှု​ကို လူ​သည်​ရှာဖွေ​၍ မ​တွေ့ရှိ​နိုင်​။ မည်မျှ​ကြိုးပမ်းအားထုတ်​၍​ရှာဖွေ​လျှင်လည်း မ​တွေ့ရှိ​နိုင်​။ ထို​အရာ​ကို​သိ​ကြောင်း ပညာရှိ​တစ်​ဦး​က​ပြောဆို​လျှင်​လည်း မ​တွေ့ရှိ​နိုင်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in