YouVersion Logo
Search Icon

ဒေသနာကျမ်း 2

2
ပျော်ရွှင်မှုသည် အချည်းနှီးဖြစ်၏
1ငါ​သည် ငါ့​စိတ်နှလုံး​အား “​ယခု​လာ​လော့​။ အပျော်အပါး​အားဖြင့် သင့်​ကို ငါ​စမ်းသပ်​မည်​။ ကောင်း​သော​အရာ​ကို​လည်း ခံစား​သိရှိ​လော့​”​ဟု မြွက်ဆို​၏​။ သို့ရာတွင် ကြည့်ရှု​လော့​။ ထို​အမှုအရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ 2ရယ်မော​ခြင်း​သည် “​ရူးသွပ်​ခြင်း​ဖြစ်​၏​” ဟူ၍​လည်းကောင်း​၊ အပျော်အပါး​သည် “​မည်သည့်​အကျိုးရှိ​သနည်း​” ဟူ၍​လည်းကောင်း ငါ​ဆို​၏​။ 3လူသား​တို့​သည် မိမိ​တို့​၏​အနည်းငယ်​သော အသက်တာ​နေ့ရက်​များ​၌ မိုးကောင်းကင်​အောက်​တွင် မည်သည့်​အရာ​ပြု​ကောင်း​သည်​ကို ငါ​မြင်​ရ​သည်​အထိ ငါ့​စိတ်နှလုံး​ကို ဉာဏ်ပညာ​ဖြင့်​ဦးဆောင်​ရင်း မိုက်မဲ​သော​အမှု​၌​ကျင်လည်​၍ ငါ့​ကိုယ်ခန္ဓာ​ကို​စပျစ်ဝိုင်​ဖြင့်​အားတက်​စေ​မည်​ဟု ငါ့​စိတ်နှလုံး​ထဲတွင် ငါ​ကြံစည်​၏​။ 4ငါ​သည် ငါ​ပြု​သော​အမှု​များ​ကို တိုးပွား​စေ​၏​။ ငါ့​အတွက် အိမ်​များ​ကို ငါ​တည်ဆောက်​၍ စပျစ်ခြံ​များ​ကို ငါ​စိုက်ပျိုး​၏​။ 5ဥယျာဉ်​များ​နှင့် သစ်သီးခြံ​များ​ကို​လည်း ငါ​လုပ်​၍ ထို​နေရာ​များ​တွင် သီးစားပင်​အမျိုးမျိုး​ကို ငါ​စိုက်ပျိုး​၏​။ 6သစ်ပင်​များ​ပေါက်​နေ​သော​တော​ထဲသို့​ရေ​သွင်း​ရန် ရေလှောင်ကန်​များ​ကို​လည်း ငါ​တည်ဆောက်​၏​။ 7ငါ​သည် ကျွန်ယောက်ျား​နှင့် ကျွန်မိန်းမ​တို့​ကို ဝယ်ယူ​၏​။ ငါ့​ထံ၌ ကျွန်သပေါက်​များ​လည်း​ရှိ​၏​။ ငါ့​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​နှင့်​သူ​အားလုံး​တို့​ထက် များစွာ​သော​တိရစ္ဆာန်​တို့​လည်း ငါ​၌​ရှိ​၏​။ 8ရွှေ​နှင့်​ငွေ​တို့​ကို​လည်းကောင်း​၊ ရှင်ဘုရင်​များ​နှင့်​တိုင်းပြည်​တို့​၏​ဘဏ္ဍာ​ကို​လည်းကောင်း ငါ​စုဆောင်း​၏​။ အမျိုးသား​သီချင်းသည်​နှင့် အမျိုးသမီး​သီချင်းသည်​တို့​ကို​လည်းကောင်း​၊ လူ​သား​တို့​ပျော်မွေ့​ရာ​ဖြစ်​သော​မောင်းမမိဿံ​များ​ကို​လည်းကောင်း ငါ​ခေါ်ယူ​၏​။ 9ဤသို့ဖြင့် ငါ​သည် ကြီးမြတ်​လာ​၍ ငါ့​အလျင် ဂျေရုဆလင်​မြို့​၌​ရှိ​နှင့်​သူ​အားလုံး​တို့​ထက်​သာလွန်​၏​။ ငါ​၏​ဉာဏ်ပညာ​သည်​လည်း ငါ​၌​တည်မြဲတည်​နေ​၏​။ 10ငါ​သည် ငါ့​မျက်စိ​လိုချင်​တပ်မက်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ​မ​ငြင်း​။ ငါ့​စိတ်နှလုံး​ကို​လည်း အပျော်အပါး​ရှိသမျှ​ကို ခံစားခွင့်​ပေး​ထား​၏​။ အမှန်စင်စစ် ငါ​၏​စိတ်နှလုံး​သည် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ ဝမ်းမြောက်​၏​။ ဤသည်ကား ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက် ငါ​ရရှိ​သော​ဝေစု​ဖြစ်​၏​။ 11သို့သော် ငါ့​လက်​ဖြင့်​ပြု​ခဲ့​သော​အမှု​အားလုံး​တို့​ကို​လည်းကောင်း​၊ ထို​အမှု​တို့​ကို​ပြုလုပ်​ရန် ငါ​ကြိုးပမ်းအားထုတ်​ခဲ့​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​ကို​လည်းကောင်း ငါ​ပြန်​၍​ဆန်းစစ်​သောအခါ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ နေ​အောက်​တွင် အကျိုး​ဖြစ်စေ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။
ပညာ၏တန်ဖိုးကို နှိုင်းဆခြင်း
12ရှင်ဘုရင်​နောက်မှ​ပေါ်ထွန်း​လာ​သော​သူ​သည် မည်သည့်​အရာ​ကို​ပြု​နိုင်​သနည်း​။ ထို​ရှင်ဘုရင်​ပြု​ပြီး​သော​အရာ​ကို​သာ​ပြု​နိုင်​၏​။ ထို့ကြောင့် ငါ​သည် ဉာဏ်ပညာ​ကို​လည်းကောင်း​၊ ရူးသွပ်​ခြင်း​နှင့် မိုက်မဲ​ခြင်း​တို့​ကို​လည်းကောင်း ပြန်​၍​ဆန်းစစ်​ကြည့်​၏​။ 13ထိုအခါ အလင်း​သည် အမှောင်​ထက် ပို၍​အကျိုး​ရှိ​သကဲ့သို့ ဉာဏ်ပညာ​သည် မိုက်မဲ​ခြင်း​ထက် ပို၍​အကျိုး​ရှိ​သည်​ကို ငါ​တွေ့မြင်​၏​။ 14ပညာရှိ​သော​သူ​၏​မျက်စိ​သည် သူ​၏​ဦးခေါင်း​ထဲ၌​ရှိ​၏​။ မိုက်မဲ​သော​သူ​မူကား အမှောင်​ထဲ၌​လျှောက်လှမ်း​တတ်​၏​။ သို့ရာတွင် တစ်ခုတည်း​သော​အဖြစ်​သည် သူ​တို့​အားလုံး​၌​ဖြစ်ပျက်​သည်​ကို ငါ​သိ​၏​။ 15ထိုအခါ ငါ​က “​မိုက်မဲ​သော​သူ​၌​ဖြစ်ပျက်​သော​အဖြစ်မျိုး​သည် ငါ​၌​လည်း​ဖြစ်ပျက်​လိမ့်မည်​။ သို့ဖြစ်လျှင် ငါ​ဉာဏ်ပညာရှိ​ခြင်း​သည် ငါ့​အတွက် မည်သို့​အကျိုးထူး​သနည်း​”​ဟု ငါ့​စိတ်​ထဲ၌​မြွက်ဆို​၏​။ တစ်ဖန် “​ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​”​ဟု ငါ့​စိတ်​ထဲ၌ ပြောဆို​၏​။ 16အမှန်စင်စစ် မိုက်မဲ​သော​သူ​ကဲ့သို့ပင် ပညာရှိ​သော​သူ​သည်​လည်း အစဉ်အမြဲ​အောက်မေ့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ နောင်လာမည့်​နေ့ရက်​များ​တွင် အားလုံး​သည် မေ့လျော့​ခြင်း​ခံရ​လိမ့်မည်​။ ပညာရှိ​သော​သူ​သည် မိုက်မဲ​သော​သူ​နည်းတူ သေ​တတ်​ပါ​သည်​တကား​။ 17ထို့ကြောင့် ငါ​သည် အသက်ရှင်​ရ​ခြင်း​ကို​မုန်း​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင်​ပြု​သော​အမှု​သည် ငါ့​အတွက် ငြီးငွေ့ဖွယ်​ကောင်း​၏​။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။
လုပ်ဆောင်သမျှ အချည်းနှီးဖြစ်၏
18နေ​အောက်​တွင် ငါ​ကြိုးပမ်းအားထုတ်​သော ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို​လည်း ငါ​မုန်း​၏​။ အကြောင်းမူကား ငါ့​နောက်​လာ​မည့်​သူ​အား ၎င်း​တို့​ကို​ချန်ထား​ခဲ့​ရ​မည်​ဖြစ်​၏​။ 19ထို​သူ​သည် ပညာရှိ​သော​သူ​ဖြစ်​မည်လော​၊ သို့မဟုတ် မိုက်မဲ​သော​သူ​ဖြစ်​မည်လော မည်သူ​သိ​နိုင်​သနည်း​။ သို့သော် နေ​အောက်​တွင် ဉာဏ်ပညာရှိ​စွာ​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​ကို ထို​သူ​သည် စိုးမိုး​ရ​လိမ့်မည်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ 20ထို့ကြောင့် နေ​အောက်​တွင်​ငါ​ကြိုးပမ်းအားထုတ်​သည့် ငါ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အပေါ် ငါ​သည် မျှော်လင့်စရာကင်းမဲ့​လာ​လေ​၏​။ 21အကြောင်းမူကား ဉာဏ်ပညာ​၊ အသိပညာ​နှင့် ကျွမ်းကျင်မှု​တို့​ဖြင့် ကြိုးပမ်းအားထုတ်​သော​သူ​ရှိ​သော်လည်း ထို​သူ​သည် မိမိ​၏​ဝေစု​ကို ကြိုးပမ်းအားထုတ်​မှု​မ​ရှိ​သော​သူ​အား ပေးအပ်​ရ​မည်​ဖြစ်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး အလွန်​ငြီးငွေ့ဖွယ်​ကောင်း​သော​အမှု​ဖြစ်​၏​။ 22လူ​သည် နေ​အောက်​တွင်​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက်​လည်းကောင်း​၊ သူ​၏​စိတ်နှလုံး​စွဲလမ်းသောအရာ​များ​အတွက်​လည်းကောင်း မည်သည့်​အရာ​ကို​ရရှိ​သနည်း​။ 23သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဒုက္ခဝေဒနာ​နှင့်​ပြည့်​လျက် သူ​၏​အလုပ်​သည်​ပူဆွေး​စရာ​ဖြစ်​၏​။ သူ​၏​စိတ်နှလုံး​သည် ညအခါ​၌​ပင် မ​နား​ရ​ပေ​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။ 24လူ​သည် စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အပေါ် စိတ်​ကျေနပ်အားရ​လျက်​နေ​ခြင်း​မှတစ်ပါး သူ့​အတွက်​အခြား​ကောင်း​သော​အရာ​မ​ရှိ​။ ထို​အရာ​သည်​လည်း ဘုရားသခင်​၏​လက်​တော်​မှ​လာ​သည်​ကို ငါ​တွေ့မြင်​၏​။ 25အကြောင်းမူကား ကိုယ်တော်​နှင့်​ကင်း​၍ မည်သူ​သည် စား​နိုင်​မည်နည်း​။ မည်သူ​သည် စိတ်ပျော်ရွှင်​နိုင်​မည်နည်း​။ 26အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in