တရားဟောရာကျမ်း 30
30
ထာဝရဘုရားထံသို့ ပြန်လာခြင်း
1သင့်ရှေ့၌ ငါချထားသည့် ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သို့ကျရောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကိုနှင်ထုတ်တော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့အလယ်တွင် ထိုအရာတို့ကို သင်ပြန်၍နှလုံးသွင်းလျှင်၊ 2သင်၏ဘုရားသခင်ထာဝရဘုရားထံသို့ ပြန်လာ၍ သင်နှင့်သင်၏သားသမီးတို့သည် ယနေ့ သင့်အား ငါမိန့်မှာသမျှအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စကားတော်ကို နားထောင်လျှင် 3သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။ 4သင်သည် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရလျှင်ပင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ထိုအရပ်မှ ပြန်လည်စုစည်း၍ ထိုအရပ်မှ ပြန်လည်ခေါ်ဆောင်လာတော်မူမည်။ 5သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့ပိုင်ဆိုင်ခဲ့သည့်ပြည်သို့ သင့်ကို ပို့ဆောင်တော်မူ၍ သင်သည် ထိုပြည်ကို ပိုင်ဆိုင်ရမည်။ သင့်ကိုကောင်းစားစေ၍ သင့်ဘိုးဘေးတို့ထက် သင့်ကိုတိုးပွားစေတော်မူမည်။ 6သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။ 7သင့်ရန်သူတို့အပေါ်၊ သင့်ကိုမုန်းတီး၍ ညှဉ်းဆဲသောသူတို့အပေါ် ထိုကျိန်ခြင်းရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရား ကျရောက်စေတော်မူမည်။ 8သင်မူကား ပြန်လာ၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ယနေ့ သင့်အားငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်ရှိသမျှကို လိုက်နာလိမ့်မည်။ 9သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း 10သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ဤပညတ်တရားကျမ်း၌ ရေးသားထားသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းရမည်။ သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သင်၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာရမည်။
အသက်ရှင်ခြင်းကို ရွေးချယ်လော့
11ယနေ့ သင့်အား ငါမိန့်မှာသောပညတ်တော်သည် သင့်အတွက် ခက်ခဲလွန်းသောအရာ၊ အလှမ်းဝေးသောအရာ မဟုတ်။ 12‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည်ကောင်းကင်သို့တက်ပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ကောင်းကင်၌ ရှိသည်မဟုတ်။#ရော 10:6။ 13‘အကျွန်ုပ်တို့ လိုက်နာနိုင်မည့်အကြောင်း မည်သူသည် ပင်လယ်တစ်ဖက်သို့ကူးပြီး အကျွန်ုပ်တို့ထံ ယူဆောင်လာ၍ ပြောကြားပေးမည်နည်း’ဟု သင်တို့ဆိုရအောင် ပင်လယ်တစ်ဖက်ကမ်း၌ ရှိသည်မဟုတ်။ 14သင်လိုက်နာနိုင်ရန် ထိုစကားတော်သည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၊ သင်၏စိတ်နှလုံးထဲ၌ရှိ၏။#ရော 10:8။ 15အသက်ရှင်၍ကောင်းစားခြင်းနှင့် သေဆုံး၍ပျက်စီးခြင်းကို ယနေ့ သင့်ရှေ့၌ ငါချထား၏။ 16သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။ 17သင်သည် နာခံခြင်းမရှိဘဲ သွေးဆောင်ခြင်းခံရ၍ သင်၏စိတ်နှလုံးသည်လမ်းလွဲလျက် အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်လျှင် 18ဂျော်ဒန်မြစ်ကိုကူး၍ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်သည် အသက်မရှည်၊ မုချဖျက်ဆီးခြင်းခံရမည်ဖြစ်ကြောင်း ယနေ့ သင့်အားငါပြောကြားပြီ။ 19ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။ 20ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။
Currently Selected:
တရားဟောရာကျမ်း 30: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative