တရားဟောရာကျမ်း 23
23
ထာဝရဘုရား၏လူစုဝင်ဖြစ်ခြင်း၊ မဖြစ်ခြင်း
1ယောက်ျားအင်္ဂါပြတ်သွားသူ၊ သို့မဟုတ် ကြေမွသွားသူသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ 2ဖောက်ပြန်ရာမှရသောကလေးသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူ၏မျိုးဆက် ဆယ်ဆက်မြောက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ 3အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ 4အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။ 5သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ဗာလမ်၏စကားကို နားညောင်းတော်မမူ။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုချစ်တော်မူသောကြောင့် သင့်အဖို့ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။ 6သင်အသက်ရှင်သမျှကာလပတ်လုံး သူတို့ငြိမ်းချမ်းသာယာဖို့၊ ကောင်းစားဖို့ သင်မပြုရ။ 7ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။ 8သူတို့မွေးဖွားသောသားသမီးများဖြစ်သည့် သူတို့၏တတိယမျိုးဆက်သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ ဝင်ခွင့်ရှိ၏။
တပ်စခန်းကို သန့်ရှင်းစွာထားခြင်း
9သင်သည် ရန်သူတို့ကိုတိုက်ခိုက်ရန် စစ်ချီ၍ စခန်းချသောအခါ မကောင်းမှုရှိသမျှကိုရှောင်ရမည်။ 10ယောက်ျားတစ်ဦးသည် ညအချိန်၌ဖြစ်ပျက်တတ်သောအရာကြောင့် မစင်မကြယ်ဖြစ်လျှင် ထိုသူသည် တပ်စခန်းအပြင်ဘက်သို့ ထွက်သွားရမည်။ တပ်စခန်းထဲသို့ မဝင်ရ။ 11နေဝင်ချိန်ရောက်သောအခါ သူသည် ရေချိုးရမည်။ နေဝင်ပြီးမှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။ 12မစင်စွန့်သောနေရာသည် တပ်စခန်းအပြင်ဘက်၌ ရှိရမည်။ သင်သည် ထိုနေရာသို့သာ သွား၍စွန့်ရမည်။ 13မစင်သွားစွန့်သောအခါ မြေတူးစရာတူးရွင်းကို ယူသွား၍ တွင်းတူးရမည်။ မစင်စွန့်ပြီးလျှင် ပြန်ဖုံးအုပ်ရမည်။ 14သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကယ်နုတ်ရန်၊ သင်၏ရန်သူတို့ကို သင့်လက်သို့အပ်ရန် သင်၏တပ်စခန်းထဲ၌ သွားလာတော်မူသည်ဖြစ်၍ သင်၏တပ်စခန်းသည် သန့်ရှင်းရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် သင့်ထဲ၌ ညစ်ညူးသောအရာကိုတွေ့မြင်တော်မူသဖြင့် သင့်ထံမှ လွှဲရှောင်တော်မူလိမ့်မည်။
ထွက်ပြေးသောကျွန်များ
15မိမိသခင်ထံမှထွက်ပြေး၍ သင့်ထံ လာရောက်ခိုလှုံသောကျွန်ကို သူ့သခင်ထံ ပြန်မအပ်ရ။ 16သူနှစ်သက်၍ရွေးချယ်သည့် မည်သည့်မြို့၊ မည်သည့်နေရာမဆို သင်တို့နှင့်အတူ နေထိုင်ခွင့်ပြုရမည်။ သူ့ကို အနိုင်မကျင့်ရ။
ပြည့်တန်ဆာလုပ်ခြင်းကို တားမြစ်ခြင်း
17အစ္စရေးအမျိုးသမီးများထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာမိန်းမပြည့်တန်ဆာမရှိရ။ အစ္စရေးအမျိုးသားထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာမရှိရ။ 18ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခ#23:18 သို့မဟုတ် “ယောက်ျားပြည့်တန်ဆာလုပ်၍ရသောအခ”။ကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ချေးငွေအတိုး
19သင်သည် သင့်အမျိုးသားချင်းအား ငွေကိုဖြစ်စေ၊ အစားအစာကိုဖြစ်စေ၊ ချေးငှားပေးသောမည်သည့်အရာကိုဖြစ်စေ အတိုးဖြင့်မချေးငှားရ။ 20တစ်ပါးအမျိုးသားထံမှ အတိုးယူနိုင်၏။ သို့သော် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိအမျိုးသားချင်းထံမှ အတိုးမယူရ။
ကတိသစ္စာစောင့်ခြင်း
21သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။#မ 5:33။ 22ကတိသစ္စာမပြုဘဲနေလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်မဟုတ်။ 23သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။
အိမ်နီးချင်း၏ကောက်ပဲသီးနှံခင်း
24သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။ 25သင်သည် မိမိအိမ်နီးချင်း၏ကောက်ပဲသီးနှံခင်းထဲသို့ဝင်သောအခါ အနှံများကို သင့်လက်ဖြင့်ဆွတ်ခူးခွင့်ရှိ၏။ သို့သော် သင့်အိမ်နီးချင်း၏ကောက်ပဲသီးနှံကို တံစဉ်ဖြင့်မရိတ်ရ။
Currently Selected:
တရားဟောရာကျမ်း 23: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative