တရားဟောရာကျမ်း 2
2
စိရတောင်ပေါ်ဒေသတွင် ခရီးပြုခြင်း
1ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။ 2ထာဝရဘုရားက ငါ့အား
3‘သင်တို့သည် ဤတောင်ပေါ်ဒေသတွင် ကြာမြင့်စွာ လှည့်လည်နေကြပြီ။ မြောက်ဘက်သို့ လှည့်သွားကြဦးလော့။ 4သင်သည် လူတို့အား “သင်တို့သည် စိရပြည်၌နေထိုင်သော သင်တို့၏ညီအစ်ကိုများဖြစ်သည့် ဧသောသားမြေးတို့၏နယ်မြေကိုဖြတ်သွားသောအခါ သူတို့သည် သင်တို့ကို ကြောက်ရွံ့ကြလိမ့်မည်။ သင်တို့ အထူးသတိပြုကြလော့။ 5သူတို့ကိုရန်မစနှင့်။ စိရတောင်ကို ဧသောအား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏ပြည်ကို ခြေတစ်ဖဝါးစာမျှ သင်တို့အားငါမပေး။ 6သူတို့ထံမှ အစားအစာကို ငွေဖြင့်ဝယ်စားရမည်။ ရေကိုလည်း ငွေဖြင့်ဝယ်သောက်ရမည်။ 7အကယ်စင်စစ် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူပြီ။ ဤကြီးမားသောတောကန္တာရကို သင်တို့ဖြတ်သွားရကြောင်း ကိုယ်တော်သိတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤအနှစ်လေးဆယ်ပတ်လုံး သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်တို့၌ ချို့တဲ့ခြင်းမရှိ”ဟူ၍ ဆင့်ဆိုလော့’ဟု မိန့်တော်မူ၏။
မောဘတောကန္တာရလမ်းဖြင့်ခရီးပြုခြင်း
8ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။ 9တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
10(ယခင်က ထိုအရပ်၌ အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြားသော ဧမိမ်လူမျိုးတို့နေထိုင်ကြ၏။ 11ရေဖိမ်လူမျိုးတို့ကို အာနကလူမျိုးများကဲ့သို့ ဖြစ်သည် ဟုမှတ်ယူကြ၏။ မောဘလူမျိုးတို့သည် ရေဖိမ်လူမျိုးတို့ကို ဧမိမ်လူမျိုး ဟုခေါ်ကြ၏။ 12ယခင်က စိရပြည်၌ ဟောရိလူမျိုးတို့ နေထိုင်ကြ၏။ အစ္စရေးလူမျိုးတို့သည် မိမိတို့အား ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုပြုသကဲ့သို့ ဧသောသားမြေးတို့သည်လည်း ဟောရိပြည်ကိုသိမ်းပိုက်၍ ဟောရိလူမျိုးတို့ကို မိမိတို့ရှေ့မှောက်မှ သုတ်သင်ပယ်ရှင်းကာ သူတို့၏နေရာ၌ နေထိုင်ကြ၏။)
13ယခု ထ၍ ဇာရက်ချောင်းကို သင်တို့ကူးသွားကြလော့’ဟု မိန့်တော်မူ၏။ ထို့ကြောင့် ငါတို့သည် ဇာရက်ချောင်းကိုကူးသွားကြ၏။ 14ငါတို့သည် ကာဒေရှဗာနာအရပ်မှထွက်ခွာ၍ ဇာရက်ချောင်းကိုကူးသည်အထိ သုံးဆယ့်ရှစ်နှစ်ကြာ၏။ ထိုကာလအတွင်း တပ်စခန်းထဲမှ စစ်သည်မျိုးဆက်အပေါင်းတို့သည် ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သေကြကုန်၏။ 15အကယ်စင်စစ် တပ်စခန်းထဲရှိ ထိုသူတို့ သေကုန်သည်အထိ ထာဝရဘုရား၏လက်တော်သည် သူတို့ကို ဖျက်ဆီးတော်မူ၏။
အမ္မုန်ပြည်ကိုဖြတ်၍ခရီးပြုခြင်း
16လူတို့ထဲမှ စစ်သည်အားလုံး သေဆုံးကုန်သည်နှင့် 17ထာဝရဘုရားက ငါ့အား
18‘ယနေ့ သင်တို့သည် အာရပြည်၊ မောဘနယ်စပ်ကို ဖြတ်သွားရမည်။ 19သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
20(ယခင်က ထိုပြည်၌ ရေဖိမ်လူမျိုးများနေထိုင်ကြ၏။ ထိုပြည်ကို ရေဖိမ်လူမျိုးတို့၏ပြည်ဖြစ်သည် ဟုလည်းမှတ်ယူကြ၏။ အမ္မုန်လူမျိုးတို့သည် သူတို့ကို ဇံဇုမ္မိမ်လူမျိုး ဟုခေါ်ကြ၏။ 21ထိုလူမျိုးတို့သည် အာနကလူမျိုးများကဲ့သို့ အရပ်မြင့်၍ ကိုယ်ခန္ဓာကြီးမားပြီး လူဦးရေများပြား၏။ သို့သော် ထာဝရဘုရားသည် သူတို့ကို အမ္မုန်အမျိုးသားတို့၏ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် အမ္မုန်အမျိုးသားတို့သည် သူတို့ပြည်ကို သိမ်းပိုက်၍ သူတို့နေရာ၌ နေထိုင်ကြ၏။ 22ဤသည်ကား စိရပြည်၌နေထိုင်သောဧသောသားမြေးတို့အတွက် ထာဝရဘုရားသည် ဟောရိလူမျိုးတို့ကို သူတို့ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် သူတို့သည် ဟောရိပြည်ကိုသိမ်းပိုက်ပြီး ထိုပြည်၌ ယနေ့တိုင်အောင် နေထိုင်သကဲ့သို့ပင်ဖြစ်၏။ 23ထို့အတူ ဂါဇမြို့တိုင်အောင် ကျေးရွာများ၌ နေထိုင်ကြသောအာဝိလူမျိုးတို့ကို ကတ္တောရကျွန်းမှရောက်လာသော ကတ္တောရိမ်လူမျိုးတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့၏နေရာ၌နေထိုင်ကြ၏။)
အာမောရိလူမျိုး ရှိဟုန်မင်းကြီးကိုအောင်နိုင်ခြင်း
24ထ၍ ခရီးပြုကြလော့။ အာနုန်ချောင်းကိုကူးသွားလော့။ အာမောရိလူမျိုးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် သူ၏ပြည်ကို သင်တို့လက်သို့ ငါအပ်ပြီ။ သူ့ပြည်ကိုစတင်သိမ်းပိုက်လော့။ သူ့ကိုရန်စ၍ တိုက်ခိုက်လော့။ 25မိုးကောင်းကင်တစ်ခွင်အောက်ရှိ လူမျိုးတို့သည် သင်တို့သတင်းကိုကြား၍ သင်တို့ရှေ့၌တုန်လှုပ်ချောက်ချားမည့်အကြောင်း သင်တို့ကိုထိတ်လန့်ကြောက်ရွံ့သောသဘောကို ယနေ့ သူတို့အပေါ်သို့ ငါစတင်ကျရောက်စေမည်’ဟု မိန့်တော်မူ၏။
26ငါသည် ကေဒမုတ်တောကန္တာရမှ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးထံသို့ စေတမန်တို့ကို စေလွှတ်၍ 27‘အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ။ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ လမ်းမအတိုင်းသွားပါမည်။ 28-29စိရပြည်၌နေထိုင်ကြသော ဧသောသားမြေးတို့နှင့် အာရပြည်၌နေထိုင်ကြသော မောဘလူမျိုးတို့ပြုသည့်နည်းတူ အကျွန်ုပ်တို့စားဖို့ အစားအစာ၊ အကျွန်ုပ်တို့သောက်ဖို့ရေကို အကျွန်ုပ်တို့အား ငွေဖြင့်ရောင်းပေးပါ။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့မရောက်မီတိုင်အောင် အရှင့်ပြည်ကို ခြေဖြင့်ဖြတ်သွားရုံသာဖြတ်သွားပါမည်’ဟု ငြိမ်းချမ်းရေးစကားကို ပြောဆိုသော်လည်း 30သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
31တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ယခုမှစ၍ ရှိဟုန်မင်းကြီးနှင့်သူ၏ပြည်ကို သင်တို့အားငါပေးပြီ။ ထိုပြည်ကိုပိုင်ဆိုင်ဖို့ စတင်သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။ 32ရှိဟုန်မင်းကြီးနှင့် သူ့လူအပေါင်းတို့သည် ငါတို့ကိုဆီးတားတိုက်ခိုက်ရန် ယာဟတ်အရပ်သို့ ချီတက်လာကြ၏။ 33ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ငါတို့ထံအပ်တော်မူသဖြင့် ငါတို့သည် သူမှစ၍ သူ့သားများနှင့်တကွ သူ့လူအပေါင်းတို့ကို လုပ်ကြံလေ၏။ 34ထိုအခါ သူ၏မြို့ရှိသမျှကို ငါတို့သိမ်းယူ၏။ မြို့၌ရှိသမျှသော ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို လုံးလုံးဖျက်ဆီးပစ်၏။ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ယောက်မျှမရှိ။ 35တိရစ္ဆာန်နှင့် ငါတို့သိမ်းပိုက်သောမြို့တို့မှတိုက်ယူသောပစ္စည်းတို့ကိုသာ ငါတို့အဖို့ သိမ်းယူခဲ့၏။ 36အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။ 37ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။
Currently Selected:
တရားဟောရာကျမ်း 2: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative