ကောလောသဲဩဝါဒစာ 1
1
နှုတ်ခွန်းဆက်ခြင်း
1ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် 2ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ကျေးဇူးတော်ချီးမွမ်းခြင်း
3ငါတို့သည် သင်တို့အတွက် အစဉ်အမြဲဆုတောင်းလျက် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်ကို ကျေးဇူးတင်ကြ၏။ 4အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။ 5ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။ 6ထိုသတင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ အသီးသီးကာ တိုးပွားလျက်ရှိသကဲ့သို့ ၎င်းကိုသင်တို့ကြားနာလျက် ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာသိရှိရသောနေ့မှစ၍ သင်တို့ထဲ၌လည်း အသီးသီးကာ တိုးပွားလျက်ရှိ၏။ 7သင်တို့သည် ထိုသတင်းကို ငါတို့၏အစေအပါးချင်းဖြစ်သည့် ချစ်ရသောဧပဖြထံမှ ကြားသိခဲ့၏။ သူသည် သင်တို့အတွက် ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်၍ 8ဝိညာဉ်တော်အားဖြင့်ဖြစ်လာသော သင်တို့၏ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့အားပြောပြ၏။
ဝိညာဉ်ရေးကြီးထွားမှုအတွက်ဆုတောင်းခြင်း
9ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍ 10ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။ 11ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့် 12သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။ 13ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။ 14ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏။
အချက်အချာဖြစ်တော်မူသောခရစ်တော်
15သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။ 16အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။ 17သားတော်သည် ခပ်သိမ်းသောအရာတို့ထက် အလျင်ဦးစွာရှိနှင့်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏။ 18ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။ 19အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊ 20လက်ဝါးကပ်တိုင်ပေါ်၌သွန်းသော သားတော်၏သွေးတော်အားဖြင့် ရန်ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် မိမိနှင့်ပြန်လည်သင့်မြတ်စေရန်လည်းကောင်း အလိုရှိတော်မူ၏။
21ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။ 22ယခုမူကား သွေးသားနှင့်ဆိုင်သောကိုယ်ခန္ဓာ၌ သားတော်ကိုအသေခံစေခြင်းအားဖြင့် ဘုရားသခင်သည် သင်တို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူ၏။ ဤသည်ကား သန့်ရှင်းလျက်အပြစ်အနာအဆာကင်း၍ အပြစ်တင်စရာမရှိသောသင်တို့ကို မိမိ၏ရှေ့တော်သို့ ဆက်သနိုင်ရန်ဖြစ်၏။ 23သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ပေါလု၏အမှုတော်လုပ်ငန်း
24ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။ 25ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြည့်အဝဟောပြောစေရန် သင်တို့အတွက် ငါ့အားပေးတော်မူသော ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်အညီ ငါသည် ထိုအသင်းတော်၏အမှုတော်ဆောင်ဖြစ်လာ၏။ 26ထိုနှုတ်ကပတ်တော်သည် ရှေးကာလများမှစ၍ ခေတ်ကာလအစဉ်အဆက်ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ မိမိ၏သန့်ရှင်းသူတို့အား ဖွင့်ပြတော်မူသည့် လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ 27ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
28ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။ 29ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။
Currently Selected:
ကောလောသဲဩဝါဒစာ 1: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative