YouVersion Logo
Search Icon

အာမုတ်အနာဂတ္တိကျမ်း 9

9
ပဉ္စမစိတ်အာရုံ ယဇ်ပလ္လင်နားတွင်ရပ်သောဘုရားရှင်
1တစ်ဖန် ငါ​မြင်​ရ​သည်​မှာ ဘုရားရှင်​သည် ယဇ်ပလ္လင်​နား​တွင် ရပ်​နေ​တော်မူ​၏​။ ကိုယ်တော်​က “တံခါးခုံ​များ​လှုပ်ခါ​၍ လူ​အပေါင်း​တို့​ခေါင်း​ပေါ်သို့ ပြိုကျ​သည်​အထိ ခေါင်တိုင်​တို့​ကို ရိုက်ချိုး​လော့​။ ထို​ဘေး​မှ​လွတ်​၍ ကြွင်းကျန်သူ​တို့​ကို ဓား​နှင့် ငါ​ကွပ်မျက်​မည်​။ ထွက်ပြေး​သော​သူ မ​ရှိ​ရ​။ လွတ်မြောက်​သော​သူ မ​ရှိ​ရ​။ 2မရဏာနိုင်ငံ​တိုင်အောင် တွင်း​တူး​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ကိုယ်တိုင် ဆွဲထုတ်​မည်​။ ကောင်းကင်​တိုင်အောင် တက်သွား​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ဆွဲချ​မည်​။ 3ကရမေလ​တောင်ထိပ်​တွင် ပုန်းရှောင်​နေ​လျှင် သူ​တို့​ကို ရှာ​ပြီး ထို​အရပ်​မှ ငါ​ဖမ်းခေါ်​လာ​မည်​။ ငါ​မမြင်​အောင် ပင်လယ်​ကြမ်းပြင်​တွင် ပုန်း​နေ​လျှင် ထို​နေရာ​၌​ပင် မြွေနဂါး​ကို အမိန့်ပေး​၍ သူ​တို့​အား ကိုက်​စေ​မည်​။ 4ရန်သူ​တို့​ရှိ​ရာ​သို့ သုံ့ပန်း​အဖြစ်​ပါသွား​လျှင် ထို​နေရာ​၌ ငါ့​အမိန့်​ဖြင့် ဓား​နှင့်​အသတ်​ခံရ​မည်​။ ကောင်းစား​စေ​ရန်​အတွက် မ​ဟုတ်​၊ ဒုက္ခ​ရောက်​စေရန်​အတွက် သူ​တို့​ကို ငါ​စောင့်ကြည့်​မည်”​ဟု မိန့်​တော်မူ​၏​။ 5ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားရှင်​ထာဝရဘုရား​သည် မြေကြီး​ကို တို့​တော်မူ​လျှင် မြေကြီး​သည်​အရည်ပျော်​ကျ​၍ သက်ရှိ​အပေါင်း​တို့ ငိုကြွေးမြည်တမ်း​ရ​လိမ့်မည်​။ တစ်ပြည်လုံး နိုင်း​မြစ်ရေ​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ ပြန်ဆုတ်​သွား​လိမ့်မည်​။ 6မိုးကောင်းကင်​တွင် အထက်ခန်း​များ​ကို တည်ဆောက်​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်တွင် အုတ်မြစ်ချ​တော်မူ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး မြေ​မျက်နှာပြင်​ပေါ် လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား ဖြစ်​၏​။
ဒဏ်ခတ်တော်မူမည်ဟု မိန့်တော်မူခြင်း
7ထာဝရဘုရား​က “အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့​သည် ငါ့​အဖို့ အီသီယိုးပီးယား​အမျိုးသား​များ​နှင့် တူ​သည်​မ​ဟုတ်​လော​။ အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​လည်းကောင်း​၊ ဖိလိတ္တိ​လူမျိုး​တို့​ကို ကတ္တောရ​ကျွန်း​မှ​လည်းကောင်း​၊ ဆီးရီးယား​လူမျိုး​တို့​ကို ကိရ​ပြည်​မှ​လည်းကောင်း ငါ​ထုတ်ဆောင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏​။ 8ထာဝရဘုရား​က “ကြည့်ရှု​လော့​။ အပြစ်ပြု​သော​တိုင်းနိုင်ငံ​ကို ဘုရားရှင်​ထာဝရဘုရား စောင့်ကြည့်​တော်မူ​၏​။ ထို​တိုင်းနိုင်ငံ​ကို မြေပြင်​ပေါ်​မှ အဆုံးသတ်​ဖျက်ဆီး​ပစ်​မည်​ဖြစ်​သော်လည်း ယာကုပ်​အမျိုးအနွယ်​ကို အကုန်အစင်​ဖျက်ဆီး​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏​။ 9“ကြည့်ရှု​လော့​။ ငါ​မိန့်ဆို​ပြီ​။ လူမျိုး​တကာ​တို့​အလယ်​တွင် အစ္စရေး​အမျိုးအနွယ်​ကို ဆန်ခါ​ခါ​သကဲ့သို့ ခါချ​မည်​။ ဆန်တစ်စေ့​မျှ မြေကြီး​ပေါ် မ​ကျ​ရ​။ 10‘ငါ​တို့​ထံ ဘေးအန္တရာယ် ရောက်လာ​မည်​မ​ဟုတ်​။ ငါ​တို့​သည် ဘေးအန္တရာယ်​နှင့် ကြုံ​ရ​မည်​မ​ဟုတ်​’​ဟု ဆို​သော ငါ့​လူမျိုး​တော်​အပြစ်သား​အားလုံး​တို့​သည် ဓား​ဖြင့် သေ​ကြ​ရ​လိမ့်မည်​။
ဒါဝိဒ်၏တဲကိုပြန်လည်ထူထောင်ရန် မိန့်ကြားချက်
11ထို​နေ့ရက်​၌ ပြိုလဲ​ခဲ့​သည့်​ဒါဝိဒ်​၏​တဲ​ကို ပြန်လည်​ထူထောင်​မည်​။ ပေါက်ပြဲ​ရာ​များ​ကို ပြန်လည်​ဖာထေး​မည်​။ ပျက်စီး​ရာ​များ​ကို ပြန်လည်​ပြုပြင်​မည်​။ ရှေး​ကာလ​ကဲ့သို့ ပြန်လည်​တည်ဆောက်​မည်​။ 12ဤသို့ဖြင့် သူ​တို့​သည် ကြွင်းကျန်​သည့်​ဧဒုံ​ပြည်​နှင့် ငါ့​နာမ​ဖြင့် ခေါ်ဝေါ်သမုတ်​သော​တိုင်းနိုင်ငံ​အပေါင်း​တို့​ကို ပိုင်ဆိုင်​ရ​လိမ့်မည်”​ဟု ဤ​အမှု​ကို စီရင်​တော်မူ​သည့်​ထာဝရဘုရား​မိန့်​တော်မူ​၏​။#တ 15:18။ 13ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ထွန်ယက်​သော​သူ​သည် ရိတ်သိမ်း​သော​သူ​ကို​လည်းကောင်း​၊ စပျစ်သီး​နင်းနယ်​သော​သူ​သည် မျိုးစေ့​ကြဲ​သော​သူ​ကို​လည်းကောင်း ကျော်လွန်​သွား​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်​။ တောင်​များ​ပေါ်တွင် စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​ရှိသမျှ​ကို ဖုံးလွှမ်း​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 14“ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့် ငါ့​လူမျိုး​တော်​အစ္စရေး​အမျိုးသား​တို့​ကို ငါ​ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​သော​မြို့​များ​ကို ပြန်လည်​တည်ဆောက်​၍ နေထိုင်​ကြ​လိမ့်မည်​။ စပျစ်ပင်​များ​ကို စိုက်​၍ စပျစ်ဝိုင်​ကို သောက်​ရ​လိမ့်မည်​။ ဥယျာဉ်ခြံ​များ​ကို စိုက်ပျိုး​၍ အသီးအနှံ​တို့​ကို စား​ရ​လိမ့်မည်​။ 15သူ​တို့​ကို နေရင်းပြည်​၌ စိုက်ထား​မည်​။ ငါ​ပေး​သော​ပြည်​မှ သူ​တို့ ဆွဲနုတ်​ခြင်း​ခံရ​တော့​မည်​မ​ဟုတ်”​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in