အာမုတ်အနာဂတ္တိကျမ်း 7
7
ပထမစိတ်အာရုံ ကျိုင်းကောင်
1ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။ 2နှံကောင်တို့သည် မြေပေါ်ရှိအပင်များကို စားပြီးနောက် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ယခု ခွင့်လွှတ်တော်မူပါ။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။ 3ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။
ဒုတိယစိတ်အာရုံ မီး
4တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။ 5ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ထိုသို့ မပြုပါနှင့်။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
6ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။
တတိယစိတ်အာရုံ ချိန်ကြိုး
7တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။ 8ထာဝရဘုရားက ငါ့အား “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “ချိန်ကြိုးကို မြင်ပါသည်”ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က “ကြည့်ရှုလော့။ ငါ့လူမျိုးတော်အစ္စရေးတို့အလယ်တွင် ချိန်ကြိုးကို ငါချမည်။ သူတို့ကို နောက်တစ်ဖန် အလွတ်ပေးမည် မဟုတ်။ 9ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။
အာမဇိ၏တားမြစ်ခြင်း
10ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။ 11အကြောင်းမူကား အာမုတ်က ‘ယေရောဗောင်မင်းကြီးသည် ဓားဖြင့်သေရလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် နေရင်းပြည်မှ အမှန်ပင်ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ ဟောပြောပါသည်”ဟု လျှောက်ဆိုစေ၏။
12ထို့ပြင် အာမဇိက အာမုတ်အား “အို ဗျာဒိတ်ရသူ၊ ယုဒပြည်သို့ ပြန်ပြေးလော့။ ထိုပြည်တွင် ပရောဖက်ပြု၍ အသက်မွေးလော့။ 13ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။ 14အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။ 15သို့သော် ထာဝရဘုရားသည် ငါ့ကို သိုးကျောင်းရာမှ ခေါ်ထုတ်ပြီးလျှင် ထာဝရဘုရားက ‘ငါ့လူမျိုးတော်အစ္စရေးတို့အား သွား၍ပရောဖက်ပြုဟောပြောလော့’ဟု မိန့်ဆို၏။ 16ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။ 17သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
Currently Selected:
အာမုတ်အနာဂတ္တိကျမ်း 7: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative