YouVersion Logo
Search Icon

အာမုတ်အနာဂတ္တိကျမ်း 4

4
လူမှုရေး၊ ဝိညာဉ်ရေး ဖောက်ပြားမှု
1ဆင်းရဲသား​တို့​ကို​နှိပ်စက်​ပြီး နွမ်းပါး​သူ​တို့​ကို​ညှဉ်းဆဲ​ကာ မိမိ​သခင်​တို့​ကို​ပင် “ငါ​တို့​အတွက် သောက်စရာ​ယူ​ခဲ့​ပါ”​ဟု ဆို​တတ်​သော ရှမာရိ​တောင်​ပေါ်မှ ဗာရှန်​နွားမ​တို့​၊ ဤ​စကား​ကို နားထောင်​ကြ​လော့​။ 2ဘုရားရှင်​ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို တိုင်တည်ကျိန်ဆို​၍ “​ကြည့်ရှု​လော့​။ သင်​တို့​ကို ချိတ်​များ​ဖြင့်​လည်းကောင်း​၊ ကြွင်းကျန်သူ​တို့​ကို ငါးမျှားချိတ်​များ​ဖြင့်​လည်းကောင်း ဖမ်းခေါ်​သွား​သော​နေ့ ရောက်လာ​လိမ့်မည်​။ 3သင်​တို့​အသီးသီး​သည် မြို့ရိုးပျက်​အပေါက်​များ​မှတစ်ဆင့် အရှေ့​တည့်တည့် ဟာမုန်​အရပ်​သို့ နှင်ထုတ်​ခြင်း​ခံရ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ 4“ဗေသလ​မြို့​သို့​သွား​ပြီး အပြစ်​ပြု​ကြ​။ ဂိလဂါလ​မြို့​သို့​သွား​ပြီး အပြစ်​များစွာ​ပြု​ကြ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို နံနက်တိုင်း​ယူလာ​ကြ​။ ဆယ်ဖို့တစ်ဖို့​ကို သုံး​ရက်​တစ်ကြိမ် ယူလာ​ကြ​။ 5တဆေးပါသောမုန့်​ကို ကျေးဇူးတော်​ချီးမွမ်း​ရာ​ယဇ်​အနေ​နှင့် ပူဇော်​ကြ​။ စေတနာ​အလျောက်​ပူဇော်သက္ကာ​ကို​လည်း လူ​တကာ​သိ​အောင်​ကြွေးကြော်​လှူဒါန်း​ကြ​။ အို အစ္စရေး​အမျိုးသား​တို့​၊ သင်​တို့ ဤသို့​ပြု​ရ​သည်​ကို နှစ်သက်​ကြ​၏”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။
ဘုရားသခင်ဆုံးမခြင်း၊ အစ္စရေးလူမျိုး၏ဖောက်ပြန်လမ်းလွဲခြင်း
6တစ်ဖန် ထာဝရဘုရား​က “သင်​တို့​မြို့ရွာ​တိုင်း​ရှိ​လူ​တို့​၏​သွား​ကို စင်ကြယ်​စေ​၏​။ နေရာ​တိုင်း​တွင် အစာရေစာ​ပြတ်လပ်​စေ​၏​။ ဤသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု မိန့်​တော်မူ​၏​။
7“ငါ​သည် ရိတ်သိမ်း​ချိန်​မ​ရောက်​မီ​သုံး​လ​အတွင်း သင်​တို့​အတွက် မိုး​ကို​မ​ရွာ​စေ​ခဲ့​။ တစ်​မြို့​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​မြို့​တွင် မိုးခေါင်​စေ​၏​။ လယ်မြေ​တစ်​ကွက်​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​ကွက်​တွင် မိုးခေါင်​၍ ခြောက်သွေ့​စေ​၏​။ 8မြို့​နှစ်​မြို့​သုံး​မြို့​မှ​လူ​တို့​သည် ရေ​သောက်​ရန် မြို့​တစ်​မြို့​သို့​သွား​သော်လည်း ရေ​ကို အလုံအလောက်​မ​သောက်​ရ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
9“လောင်မီးပိုး​ကျ​ပြီး မှိုရောဂါစွဲ​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ဒဏ်ခတ်​ပြီ​။ များပြား​လှ​သော သင်​တို့ ဥယျာဉ်​များ​၊ စပျစ်ပင်​များ​၊ သဖန်းပင်​များ​၊ သံလွင်ပင်​များ​ကို​လည်း ဂါဇံကျိုင်း​တို့ ဝါးမျို​လေ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံ​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
10“အီဂျစ်​ပြည်​အပေါ် ကပ်ရောဂါ​ဘေး​ကျရောက်​စေ​ခဲ့​သည့်​နည်းတူ သင်​တို့​၌ ငါ​ဖြစ်​စေ​၏​။ လူပျို​တို့​ကို ဓား​ဖြင့်​ကွပ်မျက်​ပြီး မြင်း​တို့​ကို​လည်း ဖမ်းသွား​ခြင်း​ခံရ​စေ​ပြီ​။ တပ်စခန်း​ထဲတွင် အပုပ်နံ့​လျှံ​စေ​၍ သင်​တို့​လည်း ရှူ​ကြ​ရ​ပြီ​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
11“သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​ကို ဘုရားသခင် ဖျက်ဆီး​ပစ်​သကဲ့သို့ သင်​တို့​ကို ငါ​ဖျက်ဆီး​ပစ်​၏​။ သင်​တို့​သည် မီး​ထဲမှ ဆွဲထုတ်​လိုက်​သော​ထင်းစ​ကဲ့သို့​ဖြစ်​ခဲ့​ရ​၏​။ ထိုသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့ ပြန်​မ​လာ​ကြ”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။
12“သို့ဖြစ်၍ အစ္စရေး​လူမျိုး​တို့​၊ ထိုသို့ သင်​တို့​ကို​ငါ​စီရင်​မည်​။ ထိုသို့ သင်​တို့​ကို​ငါ​စီရင်​မည်​ဖြစ်၍ အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​၏​ဘုရားသခင်​ကို ရင်ဆိုင်​ရန် အသင့်ပြင်​ကြ​လော့​။” 13ကြည့်ရှု​လော့​။ တောင်​တို့​ကို ပုံဖော်​၍ လေ​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၊ လူ​၏​အတွေး​ကို လူ​အား သိမြင်​စေ​သော​အရှင်​၊ အရုဏ်ဦး​ကို အမှောင်​ကျ​စေ​ပြီး မြေကြီး​ပေါ်ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​သော​အရှင်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in