YouVersion Logo
Search Icon

တမန်တော်ဝတ္ထု 20

20
မာကေဒါနိပြည်သို့ပြန်ရောက်လာသောပေါလု
1ထို​ရုန်းရင်းဆန်ခတ်​မှု ရပ်တန့်​သွား​ပြီးနောက် ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ တိုက်တွန်း​နှိုးဆော်​ကာ သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် မာကေဒေါနိ​ပြည်​သို့​ထွက်ခွာ​သွား​လေ​၏။ 2ထို​ဒေသ​များ​ကို​ဖြတ်သွား​ရင်း များစွာ​သော​တရား​စကား​တို့​ဖြင့် တပည့်​တော်​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးလျှင် ဂရိ​ပြည်​သို့​ရောက်လာ​၏။ 3ထို​ပြည်​၌ သုံး​လ​နေ​ပြီးနောက် ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​မည်​ပြု​စဉ်​တွင် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်​ကြံစည်​ကြ​သဖြင့် မာကေဒေါနိ​ပြည်​ကို​ဖြတ်​၍ ပြန်သွား​ရန် ဆုံးဖြတ်​လေ​၏။ 4ပေါလု​နှင့်အတူ​လိုက်ပါ​သော​သူ​တို့​မှာ ဗေရိ​မြို့သား ပုရု​၏​သား​သောပတရု၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​နှင့်​သေကုန္ဒု၊ ဒေရဗေ​မြို့သား ဂါယု၊ တိမောသေ၊ အာရှ​ပြည်သား တုခိတ်​နှင့်​တရောဖိမ်​တို့​ဖြစ်​ကြ​၏။ 5သူ​တို့​သည် ဦးစွာ​သွား​နှင့်​ပြီး တရော​မြို့​တွင် ငါ​တို့​ကို​စောင့်​နေ​ကြ​၏။ 6တဆေးမဲ့​မုန့်​ပွဲတော်​နေ့​များ​လွန်​သောအခါ ငါ​တို့​သည် ဖိလိပ္ပိ​မြို့​မှ ရွက်လွှင့်​၍ ငါး​ရက်​အတွင်း တရော​မြို့​၌​ရှိ​သော​ထို​သူ​တို့​ထံသို့ ရောက်​ပြီးလျှင် ထို​မြို့​တွင် ခုနစ်​ရက်​နေ​ကြ​၏။
ဥတုခုအသက်ပြန်ရှင်ခြင်း
7ရက်သတ္တပတ်​၏​ပထမ​နေ့​တွင် ငါ​တို့​သည် မုန့်​ကို​ဖဲ့​ရန် စုဝေး​ကြ​၏။ ပေါလု​သည် သူ​တို့​နှင့်​ဆွေးနွေး​ပြောဆို​လျက်​နေ​၏။ သူ​သည် နောက်တစ်နေ့​တွင် ထွက်ခွာ​ရန်​ကြံရွယ်​ထား​သည်​ဖြစ်၍ သန်းခေါင်​အချိန်​တိုင်အောင် တရား​စကား​ကို ဆက်၍​ဟောပြော​လေ​၏။ 8ငါ​တို့​စုဝေး​ရာ​အထက်ခန်း​တွင် မီးခွက်​အမြောက်အမြား​ထွန်း​ထား​၏။ 9ဥတုခု​အမည်​ရှိ​သော လူငယ်​တစ်​ဦး​သည် ပြတင်းပေါက်​အပေါ်၌​ထိုင်​၍ အလွန်အမင်း​အိပ်ငိုက်​နေ​၏။ ပေါလု​သည် ကြာမြင့်​စွာ​ဆွေးနွေး​ပြောဆို​သောအခါ သူ​သည် အိပ်မောကျ​၍ တတိယ​ထပ်​မှ အောက်​သို့ ပြုတ်ကျ​သွား​လေ​၏။ သူ့​ကို​ပွေ့ချီ​လိုက်​သောအခါ သေဆုံး​နေ​သည်​ကို တွေ့​ကြ​၏။ 10ထိုအခါ ပေါလု​သည် ဆင်း​လာ​၍ သူ့​အပေါ် မိမိကိုယ်ကို​လှဲ​၍ ဖက်​ထား​ပြီးလျှင် “ရုတ်ရုတ်သဲသဲ​မ​ဖြစ်​ကြ​နှင့်။ အကြောင်းမူကား သူ့​အသက်​သည် သူ​၌​ရှိ​၏”​ဟု ဆို​လေ​၏။ 11ထို့နောက် အပေါ်သို့​ပြန်​တက်​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ စားသုံး​ကာ မိုးလင်း​သည်​အထိ ကြာမြင့်​စွာ​ပြောဆို​ပြီးမှ ထွက်ခွာ​သွား​လေ​၏။ 12သူ​တို့​သည် အသက်ရှင်​လျက်​ရှိ​သော​လူငယ်​ကို ခေါ်ဆောင်​သွား​ကာ အလွန်​စိတ်​သက်သာ​ရာ​ရ​ကြ​၏။
တရောမြို့မှ မိလက်မြို့သို့
13ငါ​တို့​သည် ပေါလု​ကို အဿု​မြို့​၌​သင်္ဘော​ပေါ်​ခေါ်တင်​ရန် စီစဉ်​လျက် သင်္ဘော​ဆီသို့ ဦးစွာ​သွား​ပြီးလျှင် ထို​မြို့​သို့ ရွက်လွှင့်​ကြ​၏။ ဤသို့​စီစဉ်​ခြင်းမှာ ပေါလု​သည် ကုန်းကြောင်း​သွား​ရန်​စီစဉ်​ထား​၍ ထိုသို့​မှာကြား​ခဲ့​သောကြောင့်​ဖြစ်​၏။ 14သူ​သည် အဿု​မြို့​တွင် ငါ​တို့​နှင့်​ဆုံ​သောအခါ ငါ​တို့​သည် သူ့​ကို သင်္ဘော​ပေါ်​ခေါ်တင်​၍ မိတုလင်​မြို့​သို့ သွား​ကြ​၏။ 15ထို​မြို့​မှ တစ်ဖန်​ရွက်လွှင့်​ကြ​ပြီး နောက်တစ်နေ့​တွင် ခိအု​ကျွန်း​၏​တစ်ဖက်​သို့ ရောက်​ကြ​၏။ ထိုမှ တစ်​နေ့​ကြာ​သော် သာမု​ကျွန်း​သို့​ဝင်​၍ နောက်တစ်နေ့​တွင် မိလက်​မြို့​သို့​ရောက်​ကြ​၏။ 16ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။
ဧဖက်အသင်းတော်အကြီးအကဲများကို နှုတ်ဆက်ခြင်း
17ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။ 18သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ 19ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။ 20ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ 21ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။
22ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။ 23သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။ 24သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။
25ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ 26သို့ဖြစ်၍ ငါ​သည် အားလုံး​၏​သွေး​နှင့်​ကင်းရှင်း​ကြောင်း ယနေ့​ပင် သင်​တို့​အား ငါ​သက်သေခံ​၏။ 27အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။ 28သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။ 29ငါ​ထွက်ခွာ​သွား​သည့်​နောက် ကြမ်းကြုတ်​သော​ဝံပုလွေ​များ​သည် သင်​တို့​အထဲသို့​ဝင်လာ​၍ သိုးစု​ကို ညှာတာ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ 30သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။ 31ထို့ကြောင့် ငါ​သည် သင်​တို့​တစ်ဦးစီ​ကို သုံး​နှစ်​ပတ်လုံး နေ့​ည​မ​ပြတ် မျက်ရည်​ဖြင့် သတိပေး​ဆုံးမ​ခဲ့​သည်​ကို အောက်မေ့​လျက် သတိ​ဝီရိယ​ရှိ​ကြ​လော့။
32ယခု သင်​တို့​ကို ဘုရားသခင်​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သော နှုတ်ကပတ်တော်​၌​လည်းကောင်း ငါ​အပ်နှံ​၏။ နှုတ်ကပတ်တော်​သည် သင်​တို့​ကို တည်ဆောက်​မြှင့်တင်​လျက် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​နှင့်အတူ အမွေ​တော်​ကို​ရရှိ​စေ​နိုင်စွမ်း​ရှိ​၏။ 33ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။ 34ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှစ၍ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​၏​လိုအပ်​ချက်​များ​အတွက် လုပ်ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ 35ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့်‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။
36ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။ 37သူ​တို့​အားလုံး​သည် အလွန်​ငိုကြွေး​လျက် ပေါလု​ကို​ဖက်​၍ နမ်း​ကြ​၏။ 38အထူးသဖြင့် သူ​၏​မျက်နှာ​ကို မြင်တွေ့​ရ​တော့မည်​မ​ဟုတ်​ဟု ပေါလု​ပြော​သည့်​စကား​ကြောင့် သူ​တို့​သည် ဝမ်းနည်း​ကြေကွဲ​ကြ​၏။ ထို့နောက် သူ့​ကို သင်္ဘော​ဆီသို့ လိုက်ပို့​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in