YouVersion Logo
Search Icon

တမန်တော်ဝတ္ထု 18

18
ကောရိန္သုအသင်းတော်တည်ထောင်ခြင်း
1ထို့နောက် ပေါလု​သည် အေသင်​မြို့​မှ ထွက်ခွာ​၍ ကောရိန္သု​မြို့​သို့ ရောက်​လေ​ရာ 2ပုန္တု​ပြည်သား အာကုလ​အမည်​ရှိ​ဂျူး​လူမျိုး​တစ်​ဦး​နှင့်​တွေ့​လေ​၏။ ကလောဒိ​မင်း​သည် ဂျူး​လူမျိုး​အားလုံး ရောမ​မြို့​မှ ထွက်သွား​ရ​မည့်​အကြောင်း အမိန့်​ထုတ်ပြန်​သောကြောင့် သူ​သည် မိမိ​ဇနီး​ပြစ်ကိလ​နှင့်အတူ မကြာမီ​က အီတလီ​ပြည်​မှ ရောက်လာ​ခြင်း​ဖြစ်​၏။ ပေါလု​သည် သူ​တို့​ထံသို့​သွား​၍ 3အလုပ်​ချင်း​တူ​သောကြောင့် သူ​တို့​နှင့်အတူ​နေ​လျက် အလုပ်​လုပ်​လေ​၏။ အကြောင်းမူကား အလုပ်အကိုင်​အရ သူ​တို့​သည် ရွက်ထည်တဲ​ချုပ်​သူ​များ​ဖြစ်​ကြ​၏။ 4ပေါလု​သည် ဥပုသ်နေ့​တိုင်း​တွင် ဝတ်ပြု​စည်းဝေး​ကျောင်း​၌ ဆွေးနွေး​ပြောဆို​လျက် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​တို့​ကို စည်းရုံး​လေ​၏။
5သိလ​နှင့်​တိမောသေ​တို့​သည် မာကေဒေါနိ​ပြည်​မှ ဆင်း​လာ​ကြ​သောအခါ ပေါလု​သည် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို​သာ ဆောင်ရွက်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ဂျူး​လူမျိုး​တို့​အား သက်သေခံ​လေ​၏။ 6သို့သော် ဂျူး​လူမျိုး​တို့​သည် သူ့​ကို​ဆန့်ကျင်​၍ စော်ကား​ပြောဆို​ကြ​သောအခါ သူ​သည် အဝတ်​ကို​ခါချ​လျက် “သင်​တို့​၏​သွေး​သည် သင်​တို့​ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူကား ၎င်း​နှင့်​ကင်းရှင်း​၏။ ယခု​မှစ၍ ငါ​သည် လူမျိုးခြား​တို့​ထံ​သွား​မည်”​ဟု ဆို​ပြီးလျှင် 7ထို​နေရာ​မှ ထွက်ခွာ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော တိတု​ယုစတု​အမည်​ရှိ​သော​သူ​၏​အိမ်​သို့ သွား​လေ​၏။ သူ​၏​အိမ်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​နှင့်​ကပ်​လျက်​ရှိ​၏။ 8ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ကရိပ္ပု​သည် မိမိ​အိမ်သူအိမ်သား​အားလုံး​တို့​နှင့်အတူ သခင်​ဘုရား​ကို​ယုံကြည်​လေ​၏။ အခြား​ကောရိန္သု​မြို့သား​အမြောက်အမြား​တို့​သည်​လည်း ကြားနာ​၍ ယုံကြည်​ကာ ဗတ္တိဇံ​ခံ​ကြ​၏။
9တစ်​ည​တွင် သခင်​ဘုရား​သည် ရူပါရုံ​အားဖြင့် ပေါလု​အား“မ​ကြောက်​နှင့်။ တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ဟောပြော​လော့။ 10အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၏။ မည်သူမျှ သင့်​ကို မတရား​နှိပ်စက်​၍ ထိခိုက်​စေ​မည်​မ​ဟုတ်။ ဤ​မြို့​တွင် ငါ​နှင့်ဆိုင်သော​လူ များစွာ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။ 11သို့ဖြစ်၍ ပေါလု​သည် ထို​မြို့​၌ တစ်​နှစ်​နှင့်​ခြောက်​လ​နေထိုင်​လျက် သူ​တို့​အလယ်​တွင် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သွန်သင်​လေ​၏။
12သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင် 13“ဤ​သူ​သည် ပညတ်​တရား​နှင့်​ဆန့်ကျင်​လျက် ဘုရားသခင်​ကို ကိုးကွယ်​ကြ​ရန် လူ​တို့​ကို​စည်းရုံး​နေ​ပါ​သည်”​ဟု လျှောက်​ကြ​၏။
14ပေါလု​သည်​လည်း နှုတ်​ကို​ဖွင့်​၍​ပြောဆို​မည်​ပြု​စဉ် ဂါလျုန်​က ဂျူး​လူမျိုး​တို့​အား “အို ဂျူး​အမျိုးသား​တို့၊ ဤ​အမှု​သည် မတရားမှု​၊ သို့မဟုတ် ဆိုးညစ်​သော​ပြစ်မှု တစ်စုံတစ်ရာ​ဖြစ်​လျှင် ငါ​သည် သင်​တို့​အတွက် သည်းခံ​သင့်​ပါ​သည်။ 15သို့သော် ၎င်း​သည် သင်​တို့​၏​ပညတ်​တရား၊ စကား၊ အမည်​နာမ​များ​နှင့်​ပတ်သက်​သည့် ပြဿနာ​များ​ဖြစ်​သည်​ဆိုလျှင် သင်​တို့​ကိုယ်တိုင် ကြည့်ရှု​ဖြေရှင်း​ရ​မည်။ ငါ​သည် ထို​အမှု​မျိုး​ကို​တရား​စီရင်​သူ မ​ဖြစ်​လို”​ဟု ဆို​လျက် 16သူ​တို့​ကို တရားခွင်​မှ နှင်ထုတ်​လေ​၏။ 17ထိုအခါ လူ​အပေါင်း​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သုဿင်​ကို ဖမ်းဆီး​၍ တရားခွင်​ရှေ့၌ ရိုက်နှက်​ကြ​၏။ သို့ရာတွင် ဂါလျုန်​သည် ထို​အမှု​များ​ကို ဂရု​မ​စိုက်​ဘဲ​နေ​၏။
အန္တိအုတ်မြို့သို့အပြန်ခရီး
18ထို့နောက် ပေါလု​သည် ရက်​ပေါင်း​များစွာ​ဆက်​၍​နေ​ပြီးမှ ညီအစ်ကို​များ​ကို​နှုတ်ဆက်​ကာ ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​သွား​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်​ပါ​ကြ​၏။ ပေါလု​သည် အဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်၍ ရွက်​မ​လွှင့်​မီ ကင်ခြေ​မြို့​တွင် မိမိ​ဦးခေါင်း​ကို​ရိတ်​လေ​၏။ 19သူ​တို့​သည် ဧဖက်​မြို့​သို့​ရောက်​ကြ​သောအခါ ပေါလု​သည် အခြား​သော​သူ​တို့​ကို ထို​နေရာ​၌​ထား​ခဲ့​ပြီး ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လေ​၏။ 20လူ​တို့​သည် သူ့​အား​ပို၍​ကြာမြင့်​စွာ​နေထိုင်​ရန် တောင်းပန်​ကြ​သော်လည်း သူ​သည် မ​လိုက်လျော​ဘဲ 21“ဘုရားသခင်​အလို​တော်​ရှိ​လျှင် သင်​တို့​ထံသို့ နောက်တစ်ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် ဧဖက်​မြို့​မှ ရွက်လွှင့်​သွား​လေ​၏။ 22ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် ဂျေရုဆလင်​မြို့​သို့ တက်​သွား​၍ အသင်းတော်​ကို​နှုတ်ဆက်​ပြီးမှ အန္တိအုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။
23သူ​သည် ထို​နေရာ​၌ အချိန်​အတန်ကြာ​နေ​ပြီးနောက် ပြန်လည်​ထွက်ခွာ​၍ ဂလာတိ​ပြည်​နှင့်​ဖြူဂိ​ပြည်​တို့​ကို အစဉ်လိုက်​လှည့်လည်​ကာ တပည့်​တော်​အားလုံး​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။
နှုတ်ရေးကောင်းသော အာပေါလု
24ထိုစဉ် အာပေါလု​အမည်​ရှိ​သော အလက်ဇန္ဒြိယ​မြို့သား ဂျူး​လူမျိုး​တစ်​ဦး​သည် ဧဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်ရေး​ကောင်း​၍ ကျမ်းစာ​ကို​လည်း တတ်ကျွမ်း​သူ​ဖြစ်​၏။ 25သူ​သည် သခင်​ဘုရား​၏​တရား​လမ်း​ကို သင်ယူ​ထား​ပြီး ဝိညာဉ်ရေး​၌​ထက်သန်​လျက် ယေရှု​အကြောင်း​ကို တိကျ​သေချာ​စွာ​ဟောပြော​သွန်သင်​လေ​၏။ သို့သော် ယောဟန်​၏​ဗတ္တိဇံ​ကို​သာ သိ​၏။ 26သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည် သူ​ဟောပြော​သည်​ကို​ကြား​ကြ​သောအခါ သူ့​ကို​ဖိတ်ခေါ်​၍ ဘုရားသခင်​၏​တရား​လမ်း​ကို ပို၍​သေချာ​စွာ​ရှင်းပြ​ကြ​၏။
27အာပေါလု​သည် အခါယ​ပြည်​သို့​သွား​လို​သောအခါ ညီအစ်ကို​များ​သည် သူ့​ကို​အားပေး​၍ ထို​ပြည်​ရှိ​တပည့်​တော်​များ​အား သူ့​ကို ကြိုဆို​လက်ခံ​ရန် စာ​ရေး​ပေး​ကြ​၏။ သူ​သည် ရောက်​သောအခါ ကျေးဇူး​တော်​အားဖြင့်​ယုံကြည်​လာ​သူ​များ​ကို များစွာ​ကူညီ​လေ​၏။ 28အကြောင်းမူကား သူ​သည် ကျမ်းစာ​အားဖြင့် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ထောက်ပြ​လျက် လူ​အများ​ရှေ့တွင် ဂျူး​လူမျိုး​တို့​ကို ပိုင်နိုင်​စွာ​ချေပ​လေ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in