YouVersion Logo
Search Icon

တမန်တော်ဝတ္ထု 16

16
တိမောသေကို ပေါလုလက်တွဲခေါ်ခြင်း
1ထို့နောက် ပေါလု​သည် ဒေရဗေ​မြို့​မှတစ်ဆင့် လုတ္တရ​မြို့​သို့ ရောက်​လာ​၏။ ထို​အရပ်​၌ တိမောသေ​အမည်​ရှိ တပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံကြည်​သူ​ဂျူး​အမျိုးသမီး​၏​သား​ဖြစ်​သော်လည်း သူ​၏​ဖခင်​မှာ​မူ ဂရိ​အမျိုးသား​ဖြစ်​၏။ 2သူ​သည် လုတ္တရ​နှင့်​ဣကောနိ​မြို့​ရှိ ညီအစ်ကို​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​သူ​ဖြစ်​၏။ 3ပေါလု​သည် သူ့​ကို မိမိ​နှင့်အတူ​လိုက်​စေ​လို​၍ ထို​အရပ်​၌​ရှိ​သော ဂျူး​လူမျိုး​တို့​ကြောင့် သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​၏။ အကြောင်းမူကား သူ​၏​ဖခင်​သည် ဂရိ​အမျိုးသား​ဖြစ်​ကြောင်း သူတို့​အားလုံး​သိ​နေ​ကြ​၏။ 4ထို့နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေရုဆလင်​မြို့​၌​ရှိ​သော​တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​ဆုံးဖြတ်​ထား​သော​စည်းမျဉ်း​တို့​ကို စောင့်ထိန်း​စေရန် လူ​တို့​အား​ပေးအပ်​ကြ​၏။ 5ဤသို့ဖြင့် အသင်းတော်​များ​သည် ယုံကြည်​ခြင်း​ပိုမို​ခိုင်မာ​လာ​၍ တစ်နေ့တခြား လူ​ဦးရေ​တိုးပွား​လာ​၏။
မာကေဒေါနိပြည်သား၏ခေါ်သံ
6ထို့နောက် သူ​တို့​သည် ဖြူဂိ​ပြည်​နှင့်​ဂလာတိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သောအခါ အာရှ​ပြည်​တွင် နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ရန် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တားမြစ်​ခြင်း​ကို ခံရ​ကြ​၏။ 7တစ်ဖန် မုသိ​ပြည်​နယ်စပ်​သို့​ရောက်​၍ ဗိသုနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​ရာ သခင်​ယေရှု​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။ 8ထို့ကြောင့် သူ​တို့​သည် မုသိ​ပြည်​ကို​ဖြတ်​၍ တရော​မြို့​သို့ ဆင်းသွား​ကြ​၏။ 9ည​အခါ ပေါလု​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူပါရုံ​၌ မာကေဒေါနိ​ပြည်သား​တစ်​ဦး​သည် ရပ်​လျက် “မာကေဒေါနိ​ပြည်​သို့ ကူး​လာ​၍ အကျွန်ုပ်​တို့​ကို ကူညီ​ပေး​ပါ”​ဟု သူ့​အား တောင်းပန်​ပြောဆို​၏။ 10ထို​ရူပါရုံ​ကို ပေါလု​မြင်​ရ​သောအခါ သူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ဘုရားသခင်​သည် ငါ​တို့​ကို ခေါ်​တော်မူ​ပြီ​ဟု ကောက်ချက်​ချ​၍ ချက်ချင်း​ပင် မာကေဒေါနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​၏။
လုဒိ၏ပြောင်းလဲခြင်း
11ငါ​တို့​သည် တရော​မြို့​မှ​ရွက်လွှင့်​၍ သာမောသရက်​ကျွန်း​သို့ တိုက်ရိုက်​သွား​ပြီးလျှင် နောက်တစ်နေ့​၌ နေအာ​ပေါလိ​မြို့​သို့​ရောက်​ကြ​၏။ 12ထို​မြို့​မှ​တစ်ဆင့် ဖိလိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိလိပ္ပိ​မြို့​သည် မာကေဒေါနိ​ပြည်​၏​ထို​အပိုင်း​တွင် အဓိက​မြို့​ဖြစ်​ပြီး ရောမ​လက်အောက်ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အတန်ကြာ​နေ​ကြ​၏။
13ဥပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံခါး​အပြင်​သို့​ထွက်​၍ ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်းနား​သို့​သွား​လျက် ထို​နေရာ​၌​ထိုင်​ပြီးလျှင် စုဝေး​လာ​ကြ​သော​အမျိုးသမီး​တို့​အား ဟောပြော​ကြ​၏။ 14သွာတိရ​မြို့​မှ ခရမ်းရောင်​အထည်​ကုန်သည်​ဖြစ်​ပြီး ဘုရားသခင်​ကို​ကိုးကွယ်​သော လုဒိ​အမည်​ရှိ အမျိုးသမီး​တစ်​ဦး​သည်​လည်း နားထောင်​နေ​၏။ ပေါလု​ဟောပြော​နေ​သော​အရာ​တို့​ကို အာရုံစိုက်​စေရန် သခင်​ဘုရား​သည် သူ​၏​စိတ်နှလုံး​ကို ဖွင့်​ပေး​တော်မူ​၏။ 15သူ​သည် မိမိ​အိမ်သူအိမ်သား​များ​နှင့်အတူ ဗတ္တိဇံ​ခံ​ပြီး​သောအခါ “ကျွန်မ​သည် သခင်​ဘုရား​ကို​ယုံကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူဆ​လျှင် ကျွန်မ​အိမ်​သို့ လာရောက်​တည်းခို​ကြ​ပါ”​ဟု တောင်းပန်​လျက် ငါ​တို့​ကို​မရအရ​ဖိတ်ခေါ်​လေ​၏။
အကျဉ်းထောင်ထဲမှ ပေါလုနှင့်သိလ
16တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။ 17ထို​မိန်းမ​သည် ပေါလု​နှင့်​ငါ​တို့​နောက်​သို့ လိုက်လာ​၍ “ဤ​သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​အစေအပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်တင်​ခြင်း​တရား​လမ်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်ဟစ်​လေ​၏။ 18သူ​သည် ရက်​ပေါင်း​များစွာ ထိုသို့​ပြု​နေ​၍ ပေါလု​သည် စိတ်အနှောင့်အယှက်​ဖြစ်​သဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အထဲမှ ထွက်သွား​ရန် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ သင့်​ကို ငါ​အမိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အချိန်​၌​ပင် ထွက်သွား​လေ​၏။
19သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။ 20အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍ 21ရောမ​နိုင်ငံသား​များ​ဖြစ်​ကြ​သော​အကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်သုံး​အပ်​သော ဓလေ့​ထုံးစံ​များ​ကို ဟောပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။
22လူထု​ပရိသတ်​က​လည်း သူ​တို့​နှင့်အတူ​ထ​လျက် ပေါလု​နှင့်​သိလ​တို့​ကို ဆန့်ကျင်​ကြ​၏။ ထိုအခါ အုပ်ချုပ်ရေး​အရာရှိ​တို့​သည် ပေါလု​နှင့်​သိလ​တို့​၏​အဝတ်​ကို​ဆွဲဖြဲ​၍ သူ​တို့​ကို​ရိုက်နှက်​ရန် အမိန့်​ပေး​ကြ​၏။ 23သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။ 24ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။
သန်းခေါင်အချိန်၌လွတ်မြောက်ခြင်း
25သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။ 26ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။ 27ထောင်မှူး​သည် နိုး​လာ​၍ ထောင်​တံခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အကျဉ်းသား​များ​လွတ်​သွား​ပြီ​ဟု​ထင်မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိမိကိုယ်ကို​သတ်​မည်​ပြု​၏။ 28သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။
29ထိုအခါ ထောင်မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေးဝင်​လာ​ပြီးလျှင် တုန်လှုပ်​လျက် ပေါလု​နှင့်​သိလ​တို့​ရှေ့​တွင် ပျပ်ဝပ်​လေ​၏။ 30ထို့နောက် သူ​တို့​ကို အပြင်​သို့​ထုတ်ဆောင်​ကာ “အရှင်​တို့၊ ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေး​လေ​၏။ 31သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။ 32ထို့နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အားလုံး​တို့​အား သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​ကြ​၏။ 33ထောင်မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်ဆောင်​သွား​၍ ဒဏ်ရာ​များ​ကို ဆေးကြော​ပေး​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်သူအိမ်သား​အားလုံး​တို့​သည် ချက်ချင်း​ဗတ္တိဇံ​ခံ​ကြ​၏။ 34သူ​သည် ပေါလု​နှင့်​သိလ​တို့​ကို အိမ်​သို့​ခေါ်ဖိတ်​၍ စားဖွယ်​ရာ​များ​တည်ခင်း​ကျွေးမွေး​ကာ အိမ်သူအိမ်သား​အားလုံး​နှင့်အတူ ဘုရားသခင်​ကို​ယုံကြည်​ရ​သောကြောင့် အလွန်​ဝမ်းမြောက်​လေ​၏။
တရားဝင်တောင်းပန်ခြင်း
35မိုးလင်း​သောအခါ အုပ်ချုပ်ရေး​အရာရှိ​များ​သည် နယ်ထိန်း​တို့​ကို​စေလွှတ်​၍ “ထို​သူ​တို့​ကို​လွှတ်​ပေး​လိုက်​ပါ”​ဟု ဆို​ကြ​၏။ 36ထိုအခါ ထောင်မှူး​သည် ထို​သတင်း​ကို ပေါလု​အား ပြောကြား​လျက် “အုပ်ချုပ်ရေး​အရာရှိ​များ​က လူ​လွှတ်​၍ သင်​တို့​ကို​လွှတ်​ပေး​ရန် မှာ​လိုက်​ပါ​သည်။ ထို့ကြောင့် ယခု​ထွက်​လာ​၍ ငြိမ်းချမ်း​စွာ​သွား​ကြ​ပါ”​ဟု ဆို​၏။ 37သို့သော် ပေါလု​သည် ထို​နယ်ထိန်း​တို့​အား “သူ​တို့​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြ​သော​ငါ​တို့​ကို မ​စစ်ဆေး​ဘဲ လူ​အများ​ရှေ့၌ ရိုက်နှက်​လျက် ထောင်​ထဲ၌​ထည့်​ထား​ကြ​ပြီးမှ ယခု ငါ​တို့​ကို တိတ်တဆိတ်​ပြန်လွှတ်​ကြ​မည်လော။ ထိုသို့​မ​ပြု​သင့်။ သူ​တို့​ကိုယ်တိုင်​လာ​၍ ငါ​တို့​ကို ခေါ်ထုတ်​ကြ​ပါစေ”​ဟု ဆို​လေ​၏။
38ထိုအခါ နယ်ထိန်း​တို့​သည် ထို​စကား​တို့​ကို အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ပြောကြား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း အုပ်ချုပ်ရေး​အရာရှိ​များ ကြားသိ​သောအခါ ကြောက်ရွံ့​ကြ​၍ 39ကိုယ်တိုင်​လာ​ပြီး​တောင်းပန်​ကြ​ကာ သူ​တို့​ကို​ခေါ်ထုတ်​လျက် ထို​မြို့​မှ​ထွက်ခွာ​ကြ​ရန် မေတ္တာရပ်ခံ​ကြ​၏။ 40သူ​တို့​သည်​လည်း ထောင်​ထဲမှ ထွက်လာ​ကြ​သောအခါ လုဒိ​ထံသို့ သွား​၍ ညီအစ်ကို​များ​နှင့်​တွေ့ဆုံ​ကာ သူ​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးမှ ထွက်ခွာ​သွား​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in