YouVersion Logo
Search Icon

တမန်တော်ဝတ္ထု 12

12
မာတုရဖြစ်သောယာကုပ်နှင့် အကျဉ်းချခံရသောပေတရု
1ထို​ကာလ​၌ ဟေရုဒ်​မင်း​သည် အသင်းတော်​မှ လူ​အချို့​တို့​ကို မတရား​နှိပ်စက်​ရန် ဖမ်းဆီး​၍ 2ယောဟန်​၏​အစ်ကို​ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်​လေ​၏။ 3ထို​အမှု​ကို ဂျူး​လူမျိုး​တို့ နှစ်သက်​ကြ​ကြောင်း​တွေ့မြင်​လျှင် တစ်ဖန် ထပ်၍ ပေတရု​ကို​လည်း​ဖမ်းဆီး​ရန် စီစဉ်​လေ​၏။ ထိုအချိန်​သည် တဆေးမဲ့​မုန့်​ပွဲတော်​အချိန်​ဖြစ်​၏။ 4ဟေရုဒ်​မင်း​သည် ပေတရု​ကို​ဖမ်းဆီး​၍​ထောင်​ထဲ၌​ထည့်​ထား​ပြီးလျှင် သူ့​ကို​စောင့်ကြပ်​ရန် စစ်သား​လေး​ဦး​ဖြင့်​ဖွဲ့​ထား​သော တပ်ဖွဲ့​လေး​ဖွဲ့​ထံသို့ အပ်နှံ​ထား​၏။ သူ​သည် ပသခါ​ပွဲတော်​လွန်​လျှင် ပေတရု​ကို လူထု​ရှေ့တွင်​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​လေ​၏။ 5ဤသို့ဖြင့် ပေတရု​သည် ထောင်​ထဲ၌ ထိန်းသိမ်း​ထား​ခြင်း​ခံရ​၏။ သို့ရာတွင် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံသို့ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​လျက်​နေ​၏။
ကယ်နုတ်ခြင်းခံရသောပေတရု
6ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။ 7ထိုစဉ် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​သည် ရုတ်တရက်​ပေါ်လာ​သဖြင့် ထောင်ခန်း​ထဲ၌ အလင်းရောင်​ထွန်းလင်း​လေ​၏။ ကောင်းကင်တမန်​သည် ပေတရု​၏​နံဘေး​ကို​ပုတ်​လျက် သူ့​ကို​နှိုး​ကာ “မြန်မြန်​ထ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သံကြိုး​များ​သည် သူ​၏​လက်​မှ ကျွတ်ကျ​သွား​လေ​၏။ 8ထို့နောက် ကောင်းကင်တမန်​က “ခါးပန်း​စည်း​၍ သင့်​ဖိနပ်​ကို​စီး​လော့”​ဟု ဆို​သဖြင့် သူ​သည် ထို​အတိုင်း​ပြု​လေ​၏။ တစ်ဖန် “သင်​၏​ဝတ်ရုံ​ကို​ခြုံ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု ဆို​လေ​ရာ 9ပေတရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့သော် ကောင်းကင်တမန်​အားဖြင့် ဖြစ်ပျက်​နေ​သော​အရာ​သည် အမှန်တကယ်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူပါရုံ​ကို​မြင်​နေ​ရ​သည်​ဟူ၍​သာ သူ​ထင်မှတ်​နေ​၏။ 10သူ​တို့​သည် အစောင့်​ချ​ရာ​ပထမ​နေရာ​နှင့်​ဒုတိယ​နေရာ​တို့​ကို ဖြတ်သွား​ပြီးလျှင် မြို့​သို့​သွား​သည့်​သံ​တံခါး​သို့ ရောက်လာ​ကြ​၏။ ထို​တံခါး​သည်​လည်း သူ​တို့​အတွက် အလိုအလျောက်​ပွင့်​သဖြင့် သူ​တို့​သည်​ထွက်​၍ လမ်းကြား​တစ်​ခု​အတိုင်း ဆက်သွား​ကြ​စဉ် ကောင်းကင်တမန်​သည် ပေတရု​ထံမှ ချက်ချင်း​ထွက်ခွာ​သွား​လေ​၏။ 11ထိုအခါ ပေတရု​သည် သတိ​ပြန်​ဝင်လာ​၍ “သခင်​ဘုရား​သည် မိမိ​၏​ကောင်းကင်တမန်​ကို​စေလွှတ်​ပြီး ဟေရုဒ်​မင်း​၏​လက်​မှ​လည်းကောင်း၊ ဂျူး​လူမျိုး​တို့​မျှော်မှန်း​ထား​သော​အရာ​အားလုံး​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​သည်​ကို ယခု ငါ​အမှန်​သိ​ပြီ”​ဟု ဆို​၏။
12သူ​သည် ဤသို့​သိရှိ​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​၏​မိခင်​မာရိ​အိမ်​သို့​သွား​လေ​၏။ ထို​အိမ်​တွင် လူ​များစွာ​စုဝေး​လျက် ဆုတောင်း​နေ​ကြ​၏။ 13ပေတရု​သည် အိမ်​အဝင်​တံခါး​ကို​ခေါက်​ရာ ရောဒေ​အမည်​ရှိ အစေခံ​မိန်းမ​သည် မေးမြန်း​ရန်​လာ​၍ 14ပေတရု​၏​အသံ​ကို​မှတ်မိ​သောအခါ ဝမ်းမြောက်​သောကြောင့် တံခါး​ကို​မ​ဖွင့်​ဘဲ အထဲသို့​ပြေး​ဝင်​ကာ တံခါးဝ​၌ ပေတရု​ရပ်​နေ​သည်​ဟု ပြောကြား​လေ​၏။ 15လူ​တို့​က​လည်း “သင်​သည် ရူးသွပ်​နေ​ပြီ”​ဟု သူ့​အား ဆို​ကြ​၏။ သို့သော် သူ​သည် မိမိ​ပြော​သည့်​အတိုင်း အမှန်​ဖြစ်​ကြောင်း အခိုင်အမာ​ပြောဆို​သောအခါ သူ​တို့​က “ပေတရု​၏​ကောင်းကင်​တမန်​ဖြစ်​လိမ့်မည်”​ဟု ဆို​ကြ​၏။
16သို့ရာတွင် ပေတရု​သည် တံခါး​ကို ဆက်၍​ခေါက်​နေ​သဖြင့် သူ​တို့​သည် တံခါး​ကို​ဖွင့်​လိုက်​သောအခါ ပေတရု​ကို​မြင်​၍ အံ့ဩ​ငေးမော​ကြ​၏။ 17ပေတရု​သည် သူ​တို့​ကို တိတ်ဆိတ်​စွာ​နေ​ကြ​ရန်​လက်ရိပ်​ပြ​ပြီး သခင်​ဘုရား​သည် မိမိ​အား ထောင်​ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြောပြ​၏။ ထို့နောက် “ဤ​အကြောင်းအရာ​များ​ကို ယာကုပ်​နှင့်​ညီအစ်ကို​တို့​အား ပြောပြ​ကြ​လော့”​ဟု ဆို​ပြီးလျှင် အခြား​အရပ်​သို့ ထွက်ခွာ​သွား​လေ​၏။
18မိုးလင်း​သောအခါ ပေတရု​မည်သို့​ဖြစ်​သွား​သနည်း​ဟု စစ်သား​များ​အကြား​တွင် အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။ 19ဟေရုဒ်​မင်း​သည် ပေတရု​ကို ကြိုးစား​ရှာဖွေ​သော်လည်း မ​တွေ့​သဖြင့် အစောင့်​တို့​ကို​စစ်ဆေး​၍ သေဒဏ်​ပေး​ရန် အမိန့်​ချ​လေ​၏။ ထို့နောက် ယုဒ​ပြည်​မှ ဆီဇာရီးယား​မြို့​သို့ ဆင်းသွား​၍ ထို​မြို့​၌​နေ​လေ​၏။
ဟေရုဒ်မင်းအနိစ္စရောက်ခြင်း
20ဟေရုဒ်​မင်း​သည် တိုင်ရာ​မြို့သား​နှင့်​ဆီဒုန်​မြို့သား​တို့​အပေါ် ပြင်းစွာ​ဒေါသ​ထွက်​သဖြင့် သူ​တို့​သည် မင်းကြီး​ထံသို့ တစ်စုတစ်ဝေးတည်း​လာ​ကြ​၍ မင်းကြီး​၏​အတွင်းဝန်​ဗလတ္တု​ကို​စည်းရုံး​ကာ ငြိမ်းချမ်း​မှု​ရရှိ​ရန်​အတွက် တောင်းပန်​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​ပြည်​သည် မင်းကြီး​၏​ပြည်​မှ အစားအစာ​ကို​ရရှိ​သောကြောင့်​ဖြစ်​၏။
21ဟေရုဒ်​မင်း​သည် ချိန်းဆို​ထား​သော​နေ့​၌ မင်း​ဝတ်တန်ဆာ​များ​ကို​ဝတ်ဆင်​လျက် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​ကာ ထို​သူ​တို့​အား မိန့်ခွန်း​မြွက်ကြား​လေ​၏။ 22လူစုလူဝေး​က​လည်း “ဤ​အသံ​သည် လူ​၏​အသံ​မ​ဟုတ်။ ဘုရားသခင်​၏​အသံ​ဖြစ်​၏”​ဟု ကြွေးကြော်​ကြ​၏။ 23မင်းကြီး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မ​ချီးမွမ်း​သောကြောင့် ထို​ခဏချင်း​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်​တမန်​သည် သူ့​ကို ဒဏ်ခတ်​သဖြင့် သူ​သည် ပိုး​စား​ခံရ​၍ အနိစ္စရောက်​လေ​၏။
24ထိုအခါ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​လျက် တိုးပွား​လေ​၏။
25ဗာနဗ​နှင့်​ရှောလု​တို့​သည် ထောက်ပံ့​ခြင်း​အမှု​ကို ပြီးစီး​အောင်​ဆောင်ရွက်​ပြီးနောက် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို မိမိ​တို့​နှင့်အတူ​ခေါ်ဆောင်​၍ ဂျေရုဆလင်​မြို့​မှ ပြန်လာ​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in