YouVersion Logo
Search Icon

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2

2
တရားမဲ့ခြင်းနှင့်ဆိုင်သောသူ
1ညီအစ်ကို​တို့၊ ငါ​တို့​သခင် ယေရှု​ခရစ်တော်​၏​ကြွလာ​တော်မူ​ခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ၌ ငါ​တို့​အတူတကွ​စုဝေး​ခြင်း​အကြောင်း​တို့​နှင့်​ပတ်သက်၍ 2ဝိညာဉ်​အားဖြင့်​ဖြစ်စေ၊ နှုတ်ထွက်​စကား​အားဖြင့်​ဖြစ်စေ၊ ငါ​တို့​စာ​ကဲ့သို့သော​စာ​အားဖြင့်​ဖြစ်စေ သခင်​ဘုရား​၏​နေ့ရက်​ကျရောက်​ပြီ​ဖြစ်​သည့်​ပုံမျိုး​ပြောဆို​ကြ​သော်လည်း စိတ်​ထဲ၌ အလျင်အမြန်​တုန်လှုပ်​ခြင်း​၊ သို့မဟုတ် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​ရန် သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။ 3မည်သူ​မျှ သင်​တို့​ကို မည်သည့်​နည်း​နှင့်​မျှ မ​လှည့်ဖြား​စေ​နှင့်။ အဘယ်ကြောင့်​ဆိုသော် ဖောက်ပြန်​သွေဖည်​မှု​သည် ဦးစွာ​ဖြစ်လာ​၍ ပျက်စီး​ခြင်း​၏​သား​တည်းဟူသော တရားမဲ့​ခြင်း​နှင့်ဆိုင်သော​သူ​သည် ထင်ရှား​မ​လာ​မီ ထို​နေ့ရက်​သည် ရောက်လာ​မည်​မ​ဟုတ်။ 4ထို​သူ​သည် ဘုရား​ဟု​ခေါ်ဝေါ်​သော​အရာ​နှင့် ကိုးကွယ်​ခြင်း​ခံရ​သော​အရာ​အားလုံး​ကို ဆန့်ကျင်​လျက် ၎င်း​တို့​အပေါ် မိမိကိုယ်ကို​ချီးမြှောက်​ကာ ဘုရားသခင်​၏​ဗိမာန်​တော်​၌​ထိုင်​၍ မိမိကိုယ်ကို​ဘုရား​ဖြစ်​သည်​ဟု ကြေညာ​လိမ့်မည်။
5သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ်​က ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​သတိ​မ​ရ​ကြ​သလော။ 6ထို​သူ​ကို မိမိ​အချိန်အခါ​၌​ထင်ရှား​စေရန် ယခု သူ့​ကို​တားဆီး​ထား​သော​သူ​ရှိ​ကြောင်း သင်​တို့​သိ​ကြ​၏။ 7အကြောင်းမူကား တရားမဲ့​ခြင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လှုပ်ရှား​နေ​ပြီ​ဖြစ်​၏။ သို့သော် ယခု​တားဆီး​ထား​သော​သူ​သည် ဖယ်ရှား​ခြင်း​ခံရ​သည်​အထိ တားဆီး​လိမ့်မည်။ 8ထို့နောက် တရားမဲ့​သော​သူ​သည် ထင်ရှား​လာ​လိမ့်မည်။ သခင်​ယေရှု​သည် ထို​သူ​ကို မိမိ​နှုတ်​တော်​မှ​ထွက်သက်လေ​အားဖြင့် ကွပ်မျက်​၍ မိမိ​ကြွလာ​တော်မူ​ခြင်း​၏​ရောင်ခြည်​အားဖြင့် ပယ်ဖျက်​တော်မူ​လိမ့်မည်။ 9တရားမဲ့​သော​သူ​သည် စာတန်​၏​လုပ်ဆောင်​မှု​အားဖြင့် ရောက်ရှိ​လာ​မည်​ဖြစ်​၍ အမျိုးမျိုး​သော​တန်ခိုး​၊ နိမိတ်​လက္ခဏာ​များ​၊ မုသား​နှင့်ဆိုင်သော​အံ့ဩဖွယ်ရာ​များ​ဖြင့်​လည်းကောင်း၊ 10ပျက်စီး​ခြင်း​သို့​ရောက်​မည့်​သူ​တို့​အတွက် မတရားမှု​နှင့်ဆိုင်သော​လှည့်ဖြား​ခြင်း​အမျိုးမျိုး​တို့​ဖြင့်​လည်းကောင်း ရောက်ရှိ​လာ​မည်။ သူ​တို့​ပျက်စီး​ခြင်း​သို့​ရောက်​မည့်​အကြောင်းမှာ မိမိ​တို့​ကယ်တင်​ခြင်း​ခံရ​ရန်​အတွက် သမ္မာတရား​အား​ချစ်​ရ​မည်​ကို ငြင်းပယ်​ကြ​သောကြောင့်​ဖြစ်​၏။ 11ထို့ကြောင့် မုသား​ကို သူ​တို့​ယုံကြည်​ကြ​စေရန် ဘုရားသခင်​သည် လှည့်ဖြား​ခြင်း​တန်ခိုး​ကို သူ​တို့​ထံသို့ စေလွှတ်​တော်မူ​၏။ 12ဤသည်ကား သမ္မာတရား​ကို​မ​ယုံကြည်​ဘဲ မတရားမှု​ကို​နှစ်သက်​သော​သူ​အားလုံး စီရင်​ခြင်း​ခံရ​မည့်​အကြောင်း​တည်း။
ခိုင်မြဲစွာရပ်တည်ရန် မှာကြားခြင်း
13သို့သော် သခင်​ဘုရား​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ ငါ​တို့​သည် သင်​တို့​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​သင့်​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ သမ္မာတရား​ကို​ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ရရှိ​ရန်​အတွက် ဘုရားသခင်​သည် သင်​တို့​ကို အသီးဦး​အဖြစ် ရွေးကောက်​တော်မူ​သောကြောင့်​ဖြစ်​၏။ 14ဤ​ရည်ရွယ်​ချက်​အတွက် ဘုရားသခင်​သည် ငါ​တို့​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အားဖြင့် သင်​တို့​ကို ခေါ်ယူ​တော်မူ​၏။ ဤသည်ကား ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ကို သင်​တို့​ရရှိ​ရန်​အတွက်​ဖြစ်​၏။ 15ထို့ကြောင့် ညီအစ်ကို​တို့၊ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ငါ​တို့​၏​စကား​အားဖြင့်​ဖြစ်စေ၊ စာ​အားဖြင့်​ဖြစ်စေ သင်​တို့​သင်ယူ​ထား​သော​ဓလေ့​ထုံးတမ်း​ကို စွဲကိုင်​ထား​ကြ​လော့။
16ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကိုယ်တော်​တိုင်​နှင့် ငါ​တို့​ကို​ချစ်​တော်မူ​၍ ကျေးဇူး​တော်​အားဖြင့် ထာဝရ​နှစ်သိမ့်​ခြင်း​နှင့် ကောင်းမြတ်​သော​မျှော်လင့်​ခြင်း​တို့​ကို​ပေး​တော်မူ​သော ငါ​တို့​အဖ​ဘုရားသခင်​သည် 17သင်​တို့​၏​စိတ်နှလုံး​ကို နှစ်သိမ့်​ပေး​၍ ကောင်း​သော​စကား​နှင့်​ကောင်း​သော​အမှု​အလုံးစုံ​တို့​၌ သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​ပါစေသော။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2