YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 8

8
ဒါဝိဒ်မင်းကြီး၏အောင်မြင်မှုများ
1ထို့နောက်တွင် ဒါဝိဒ်​မင်းကြီး​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​နှိမ်နင်း​ပြီး ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ မေသေဂမ္မာ​မြို့​ကို သိမ်းယူ​လိုက်​၏​။ 2ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်​၏​။ မောဘ​ပြည်သား​တို့​ကို မြေ​ပေါ်တွင်​လှဲ​စေ​ပြီး ကြိုး​နှင့်​တိုင်း​ရာ ကြိုး​သုံးပုံနှစ်ပုံ​အတွင်း​ရောက်​နေ​သူ​များ​ကို သတ်ပစ်​ပြီး ကျန်​သုံးပုံတစ်ပုံ​ကို အသက်ချမ်းသာ​ပေး​၏​။ ဤသို့ဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။
3ရဟောဘ​၏​သား​၊ ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​သည် ယူဖရေးတီး​မြစ်#8:3 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​တစ်လျှောက်​ကို ပြန်လည်​သိမ်းပိုက်​ရန် စစ်ချီလာ​သောအခါ ဒါဝိဒ်​မင်းကြီး​သည် သူ့​ကို​တိုက်ခိုက်​ပြီး 4ထို​ဘုရင်​ထံမှ မြင်းစီးသူရဲ​အယောက်​တစ်ထောင့်​ခုနစ်​ရာ​နှင့် ခြေလျင်တပ်သား အယောက်​နှစ်သောင်း​ကို​သိမ်းပိုက်​လိုက်​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မိမိ​အဖို့ စစ်ရထားမြင်း​အကောင်​တစ်ရာ​ကို​ချန်ထား​ပြီး ကျန်​စစ်ရထားမြင်း​အားလုံး​ကို တံကောက်ကြော ဖြတ်ပစ်​လေ​၏​။
5ဒါဝိဒ်​မင်းကြီး​သည် ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​ကို စစ်ကူ​လာ​သော ဒမတ်စကပ်​မြို့သား ဆီးရီးယား​လူမျိုး​တို့​ထဲမှ ဆီးရီးယား​လူမျိုး နှစ်သောင်းနှစ်ထောင်​ကို​သုတ်သင်​ပစ်​ပြီး 6ဆီးရီးယား​ပြည်​၊ ဒမတ်စကပ်​မြို့​တွင် မြို့စောင့်တပ်​များ​ကို​ချထား​ခဲ့​၏​။ ဆီးရီးယား​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​များ​ဖြစ်လာ​ပြီး အခွန်​ဆက်သ​ရ​၏​။ ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။
7ဒါဝိဒ်​မင်းကြီး​သည် ဟာဒဒေဇာ​မင်းကြီး​၏​အစေအပါး​တို့​ကိုင်ဆောင်​သော ရွှေ​ဒိုင်းလွှား​တို့​ကို​သိမ်း​ပြီး ဂျေရုဆလင်​မြို့​သို့​ယူဆောင်​လာ​၏​။ 8ဒါဝိဒ်​မင်းကြီး​သည် ဘေတ​မြို့​၊ ဗေရောသဲ​မြို့​စသည့် ဟာဒဒေဇာ​မင်းကြီး​ပိုင်​သော​မြို့​တို့​မှ ကြေးနီ​အမြောက်အမြား​ကို​လည်း သိမ်းယူ​လေ​၏​။
9ဟာဒဒေဇာ​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အား ဒါဝိဒ်​မင်းကြီး​ချေမှုန်း​လိုက်​ကြောင်း​ကို ဟာမတ်​ဘုရင်​တောဣ​မင်းကြီး​ကြား​လျှင် 10သာကြောင်းမာကြောင်း​နှုတ်ဆက်​ရန်​နှင့် ဟာဒဒေဇာ​မင်းကြီး​ကို တိုက်ခိုက်​ချေမှုန်း​နိုင်​သောကြောင့် ဂုဏ်ပြု​ရန် ရွှေထည်​၊ ငွေထည်​၊ ကြေးထည်​တို့​ပါ​လျက် မိမိ​သား​တော်​ယောရံ​ကို ဒါဝိဒ်​မင်းကြီး​ထံ​စေလွှတ်​၏​။ အကြောင်းမှာ တောဣ​မင်းကြီး​သည်​လည်း ဟာဒဒေဇာ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ဖူး​၏​။ 11ဒါဝိဒ်​မင်းကြီး​သည် ထို​ပစ္စည်း​များ​အပြင် မိမိ​နှိမ်နင်း​ခဲ့​သော​တိုင်းပြည်​အပေါင်း​တို့​မှ​သိမ်းယူ​ခဲ့​သော ရွှေ​ငွေ​တို့​ကို​လည်း ထာဝရဘုရား​ထံ​ဆက်ကပ်​၏​။ 12ထို​ရွှေ​ငွေ​တို့​သည် ဆီးရီးယား​လူမျိုး​၊ မောဘ​လူမျိုး​၊ အမ္မုန်​အမျိုးသား​၊ ဖိလိတ္တိ​လူမျိုး​၊ အာမလက်​လူမျိုး​နှင့် ရဟောဘ​၏​သား ဇောဘ​ဘုရင်​ဟာဒဒေဇာ​မင်းကြီး​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ဖြစ်​၏​။
13ဒါဝိဒ်​မင်းကြီး​သည် ဆီးရီးယား​လူမျိုး တစ်သောင်းရှစ်ထောင်​ကို ဆား​ချိုင့်ဝှမ်း​တွင် သုတ်သင်​နိုင်​ခဲ့​ပြီး ပြန်လာ​သောအခါ ဂုဏ်သတင်းကြီး​လာ​လေ​၏​။ 14ဧဒုံ​ပြည်​တွင်​လည်း မြို့စောင့်တပ်​များ ချထား​လိုက်​၏​။ ထိုသို့ ဧဒုံ​ပြည်​တစ်ပြည်လုံး​တွင် မြို့စောင့်တပ်​များ ချထား​သောကြောင့် ဧဒုံ​လူမျိုး​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်သွား​၏​။ ထာဝရဘုရား​သည်​လည်း ဒါဝိဒ်​မင်းကြီး​စစ်ချီ​သွား​လေရာရာ​၌ အောင်ပွဲရ​စေ​တော်မူ​၏​။
15ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။ 16ဇေရုယာ​၏​သား​ယွာဘ​ကား ဗိုလ်ချုပ်​၊ အဟိလုဒ်​၏​သား​ယောရှဖတ်​ကား အတွင်းဝန်​၊ 17အဟိတုပ်​၏​သား ဇာဒုတ်​နှင့် အဗျာသာ​၏​သား အဟိမလက်​တို့​ကား ယဇ်ပုရောဟိတ်​များ​၊ စရာယ​ကား စာရေးတော်ကြီး​၊ 18ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား နန်းတွင်းအရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 8