YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 5

5
အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး
1အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​မင်းကြီး​ထံသို့ လာ​၍ “​အကျွန်ုပ်​တို့​သည် အရှင်​၏​အရိုး​၊ အရှင်​၏​အသား​များ ဖြစ်​ကြ​ပါ​၏​။ 2ယခင် အကျွန်ုပ်​တို့​ကို ရှောလု​မင်းကြီး​အုပ်စိုး​စဉ်​ကာလ​ကပင် အရှင်​သည် အစ္စရေး​လူမျိုး​ကို ဦးဆောင်ဦးရွက်​ပြု​ပေး​ခဲ့​သူ ဖြစ်​ပါ​၏​။ ထာဝရဘုရား​က​လည်း အရှင့်​အား ‘​သင်​သည် ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို ကြည့်ရှု​စောင်မ​ရ​မည်​၊ အစ္စရေး​လူမျိုး​တို့​ကို အုပ်ချုပ်​ရ​မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ခဲ့​ပါ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။
3အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။
4ဒါဝိဒ်​သည် သက်​တော်​သုံးဆယ်​တွင် နန်းတက်​၍ အနှစ်​လေးဆယ် စိုးစံ​လေ​၏​။ 5ဟေဗြုန်​မြို့​တွင် ယုဒ​လူမျိုး​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​၊ ဂျေရုဆလင်​မြို့​တွင် အစ္စရေး​လူမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​ကို သုံးဆယ့်​သုံး​နှစ် စိုးစံ​လေ​၏​။
6တစ်ခါသော် ရှင်ဘုရင်​နှင့် သူ့​လူ​တို့​သည် ပြည်သားရင်း ယေဗုသိ​လူမျိုး​တို့​နေထိုင်​ရာ ဂျေရုဆလင်​မြို့​သို့ ချီတက်​ကြ​၏​။ ထို​သူ​တို့​က “​ဒါဝိဒ်​သည် ဤ​မြို့​ထဲသို့ ဝင်​နိုင်​မည်​မ​ဟုတ်”​ဟု ထင်မှတ်​သောကြောင့် ဒါဝိဒ်​မင်းကြီး​အား “​သင်​သည် ဤ​ပြည်​ထဲသို့ မ​ဝင်​ရ​။ မျက်မမြင်​သူ​များ​၊ ခြေမသန်​သူ​များ​ကပင် သင့်​ကို နှင်ထုတ်​ကြ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။
7သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ 8ထို​နေ့​တွင်ပင် ဒါဝိဒ်​မင်းကြီး​က “​ယေဗုသိ​လူမျိုး​တို့​ကို တိုက်ခိုက်​မည့်​သူ မည်သူမဆို တူးမြောင်း​ကို ဖြတ်​ပြီးလျှင် ဒါဝိဒ်​မင်းကြီး​ကို မနှစ်သက်​သော​ခြေမသန်သူ​များ​၊ မျက်မမြင်​သူ​များ​ကို သုတ်သင်​ပစ်​ကြ​”​ဟု အမိန့်ပေး​၏​။ ထိုအကြောင်းကြောင့် “​မျက်မမြင်​သူ​၊ ခြေမသန်သူ​များ​သည် နန်းတော်​သို့ ဝင်ခွင့်​မ​ရှိ​”​ဟု ဆိုစမှတ်​ပြု​ကြ​လေ​၏​။
9ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​နေ​ပြီး ထို​ခံတပ်​ကို ဒါဝိဒ်​မြို့ ဟု​ခေါ်ဆို​၏​။ ဒါဝိဒ်​မင်းကြီး​သည် မိလ္လော#5:9 “အဓိပ္ပာယ်မသေချာပါ။ ခံတပ်၊ သို့မဟုတ် ကတုတ်၊ သို့မဟုတ် မြို့ ဖြစ်နိုင်သည်”။​မှ အတွင်းပိုင်း​အထိ မြို့​ကို တည်ဆောက်​၏​။ 10ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သည်​ဖြစ်၍ သူ​သည် အားကြီး​သည်​ထက်​ကြီး​လာ​လေ​၏​။ 11တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည်​လည်း သစ်ကတိုးသား​များ​နှင့်တကွ လက်သမား​များ​၊ ကျောက်ဆစ်သမား​များ​နှင့် တမန်​တို့​ကို​ဒါဝိဒ်​မင်းကြီး​ထံ စေလွှတ်​၏​။ သူ​တို့​သည် ဒါဝိဒ်​မင်းကြီး​အဖို့ နန်းတော်​ကို တည်ဆောက်​ပေး​ကြ​၏​။ 12ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ် မိမိ​အား မင်းမြှောက်​ခဲ့​ကြောင်း​နှင့် လူမျိုး​တော်​အစ္စရေး​တို့​အဖို့ မိမိ​နိုင်ငံ​ကို ချီးမြှောက်​တော်မူ​ခဲ့​ကြောင်း​ကို ဒါဝိဒ်​မင်းကြီး​သိနားလည်​၏​။
13ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​မှ ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​၊ မောင်းမငယ်​များ ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။ 14ဂျေရုဆလင်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​တော်​များ​၏​အမည်​မှာ ရှမွာ​၊ ရှောဗပ်​၊ နာသန်​၊ ရှောလမုန်​၊ 15ဣဗဟာ​၊ ဧလိရွှ​၊ နေဖက်​၊ ယာဖျာ​၊ 16ဧလိရှမာ​၊ ဧလျာဒ​၊ ဧလိဖလက် ဟူ၍​ဖြစ်​၏​။
17ဒါဝိဒ်​မင်းကြီး​အား အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​လျှင် ဖိလိတ္တိ​စစ်သည်​အပေါင်း​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို လိုက်ရှာ​ရန် ချီလာ​ကြ​၏​။ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး​ကြားသိ​လျှင် ခံတပ်​ရှိ​ရာ​သို့ ဆင်းသွား​၏​။ 18ဖိလိတ္တိ​စစ်သည်​တို့​သည် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​တွင် တပ်ဖြန့်​နေရာယူ​ကြ​လေ​၏​။
19ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​ဖိလိတ္တိ​လူမျိုး​တို့​ကို အကျွန်ုပ်​ထွက်တိုက်​ရ​မည်လော​။ သူ​တို့​ကို အကျွန်ုပ်​လက်​သို့ အပ်​တော်မူ​မည်လော​”​ဟု ထာဝရဘုရား​ထံ မေးလျှောက်​လျှင် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​အား “ထွက်တိုက်​လော့​။ ဖိလိတ္တိ​လူမျိုး​တို့​ကို သင့်​လက်​သို့ ငါ​အမှန်​အပ်​မည်”​ဟု မိန့်​တော်မူ​၏​။
20ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီသွား​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ထာဝရဘုရား​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​ရှေ့​တွင် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ်#5:20 “ကျိုးပေါက်ပျက်စီးစေသောအရှင်”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​အမည်​မှည့်ခေါ်​လေ​၏​။ 21ထို​နေရာ​၌ ဖိလိတ္တိ​လူမျိုး​တို့ စွန့်ထား​ခဲ့​သော သူ​တို့​၏​ရုပ်တု​များ​ကို ဒါဝိဒ်​မင်းကြီး​နှင့်​သူ့​လူ​တို့​သယ်သွား​ကြ​၏​။
22ဖိလိတ္တိ​စစ်သည်​တို့​သည် နောက်တစ်ကြိမ် ချီလာ​၍ ရေဖိမ်​ချိုင့်ဝှမ်း​တွင် တပ်ဖြန့်​နေရာယူ​ကြ​ပြန်​၏​။ 23ဒါဝိဒ်​မင်းကြီး​က​လည်း ထာဝရဘုရား​ထံ​မေးလျှောက်​ပြန်​ရာ ထာဝရဘုရား​က “​မျက်နှာချင်းဆိုင် မ​တက်​နှင့်​။ အနောက်ဘက်​မှ​ပတ်တက်​ပြီး သူ​တို့​ကို ပိုးစာတော​ရှေ့​နားတွင် တိုက်ခိုက်​လော့​။ 24ပိုးစာပင်​ထိပ်ဖျား​မှ စစ်ချီသံ​ကြား​လျှင် အလျင်အမြန်​ထွက်တိုက်​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဖိလိတ္တိ​တပ်​ကို တိုက်ခိုက်​ရန် သင့်​ရှေ့​မှ​ကြွ​တော်မူ​ပြီ​”​ဟု မိန့်​တော်မူ​ရာ 25ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ဂေဗ​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 5