YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 4

4
ဣရှဗောရှက်လုပ်ကြံသတ်ဖြတ်ခံရခြင်း
1အာဗနာ​သည် ဟေဗြုန်​မြို့​၌​သေဆုံး​သွား​ပြီ​ဖြစ်​ကြောင်း​ကို ရှောလု​မင်းကြီး​၏​သား ကြား​သောအခါ စိတ်ပျက်အားလျော့​သွား​လေ​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ထိတ်လန့်​ကြ​လေ​၏​။ 2ရှောလု​မင်းကြီး​၏​သား​တွင် စစ်သူရဲ​အကြီးအကဲ​နှစ်​ဦး​ရှိ​၏​။ သူ​တို့​သည် ဗင်္ယာမိန်​အမျိုးသား​၊ ဗေရောသိ​လူမျိုး​၊ ရိမ္မုန်​၏​သား​များ​ဖြစ်​ကြ​၏​။ တစ်ယောက်​၏​အမည်​မှာ ဗာနာ​ဖြစ်၍ နောက်တစ်ယောက်​၏​အမည်​မှာ ရေခပ်​ဖြစ်​၏​။ ဗေရုတ်​မြို့​အား ဗင်္ယာမိန်​အပိုင်​ဟု သတ်မှတ်​ထား​၏​။ 3ဗေရောသိ​လူမျိုး​တို့​သည် ဂိတ္တိမ်​အရပ်​သို့​ထွက်ပြေး​သွား​ကြ​ပြီး ထို​အရပ်​တွင် ယနေ့​တိုင် တည်းခို​နေထိုင်​ကြ​၏​။
4ရှောလု​မင်းကြီး​၏​သား ယောနသန်​၌ ခြေမသန်​သော​သား​တစ်​ဦး​ရှိ​၏​။ ယေဇရေလ​မြို့​မှ ရှောလု​မင်းကြီး​နှင့်​ယောနသန်​၏​သတင်း​ရောက်လာ​ချိန်​၌ ထို​သား​သည် အသက်​ငါး​နှစ်​သာ​ရှိ​သေး​၏​။ ထို​သတင်း​ကြောင့် သူ့​အထိန်း​တော်​သည် သူ့​ကို​ပွေ့ချီ​လျက် အလန့်တကြား​ထွက်ပြေး​ရာ​မှ ထို​ကလေး​ပြုတ်ကျ​ပြီး ခြေမသန်​ဖြစ်​ရ​ခြင်း​ဖြစ်​၏​။ ထို​ကလေး​၏​အမည်​မှာ မေဖိဗောရှက်​ဖြစ်​၏​။
5ဗေရောသိ​လူမျိုး ရိမ္မုန်​၏​သား ရေခပ်​နှင့်​ဗာနာ​တို့​သည် ဣရှဗောရှက်​မင်းကြီး​၏​အိမ်​သို့​လာ​ကြ​ရာ နေ့လယ် ပူပြင်း​သော​အချိန်​တွင် ရောက်​ကြ​၏​။ ဣရှဗောရှက်​မင်းကြီး​မှာ နေ့ခင်းနေ့လယ် တစ်ရေးတစ်မော​အိပ်​လျက်​နေ​၏​။ 6ရေခပ်​နှင့်​ဗာနာ ညီအစ်ကို​နှစ်​ဦး​သည် ဂျုံစပါး​ယူ​သူ​အယောင်ဆောင်​ပြီး အိမ်​အတွင်းခန်း​သို့​ဝင်​ကာ ဣရှဗောရှက်​မင်းကြီး​၏​ဝမ်း​ကို ထိုး​ပြီးလျှင် ထွက်ပြေး​သွား​ကြ​၏​။ 7သူ​တို့​သည် အိမ်​ထဲသို့ ဝင်​၍ အိပ်ခန်း​ထဲရှိ အိပ်ရာ​ပေါ်တွင် ဣရှဗောရှက်​မင်းကြီး အိပ်​နေစဉ် သူ့​ကို​ထိုး​သတ်​ပြီးလျှင် သူ​၏​ခေါင်း​ကို​ဖြတ်​ပြီး ထို​ခေါင်း​ကို​ယူ​၍ အရာဗ​လွင်ပြင်​လမ်း​အတိုင်း တစ်ညလုံး​ထွက်ပြေး​လာ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။ 8ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​မင်းကြီး​ထံသို့​ယူလာ​ပြီး ရှင်ဘုရင်​အား “​အရှင်​၏​အသက်​ကို​ရန်ရှာ​သော အရှင့်​ရန်သူ​ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို​ကြည့်​ပါ​။ ယနေ့​တွင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​အား ရှောလု​မင်းကြီး​နှင့် သူ့​အမျိုးအနွယ်​ကို လက်တုံ့ပြန်​ခွင့်​ပေး​တော်မူ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။
9ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဗေရောသိ​လူမျိုး​၊ ရိမ္မုန်​၏​သား​ဖြစ်​သော ရေခပ်​နှင့်​ဗာနာ ညီအစ်ကို​တို့​အား “​ငါ့​အသက်​ကို ဘေးဒုက္ခ​အပေါင်း​မှ ရွေးနုတ်ကယ်တင်​တော်မူ​သော ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ 10လူ​တစ်​ယောက်​က ‘ကြည့်​ပါ​။ ရှောလု​မင်းကြီး​သေ​ပြီ’​ဟု ငါ့​ထံ သတင်း​လာပြော​၏​။ သူ​သည် သူ့ကိုယ်သူ သတင်းကောင်း​ယူလာ​သူ​ဟု မြင်​သော်လည်း ငါ​သည် သူ့​ကို​ဖမ်း​ပြီး ဇိကလတ်​မြို့​တွင် ကွပ်မျက်​လိုက်​၏​။ ဤသည်မှာ ထို​သတင်း​အတွက် သူ့​ကို ငါ​ပေး​သော​ဆုလာဘ်​ဖြစ်​၏​။ 11အပြစ်မဲ့သူ​ကို သူ့​အိမ်​၊ သူ့​အိပ်ရာ​ပေါ်​အထိ လာသတ်​သော​လူဆိုး​တို့​ကို ထိုထက်မက ပြု​သင့်​သည်​မ​ဟုတ်​လော​။ ယခုမှာ ငါ​သည် သူ့​သွေးကြွေး​ကို သင်​တို့​ထံမှ​တောင်း​၍ သင်​တို့​ကို မြေကြီး​ပေါ်မှ ဖယ်ရှား​ပစ်​သင့်​သည် မ​ဟုတ်​လော​”​ဟု ဆို​ပြီးလျှင်
12ဒါဝိဒ်​မင်းကြီး​က လုလင်​တို့​အား အမိန့်ပေး​လိုက်​ရာ လုလင်​တို့​သည်​လည်း ထို​ညီအစ်ကို​ကို​သတ်​ပြီး ခြေ​လက်​တို့​ကို​ဖြတ်​ကာ ဟေဗြုန်​မြို့​ရှိ​ရေကန်​အနီး​တွင် ချိတ်ဆွဲ​ထား​လေ​၏​။ ထို့နောက် ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို​ယူ​၍ ဟေဗြုန်​မြို့​ရှိ အာဗနာ​၏​သင်္ချိုင်း​၌ သင်္ဂြိုဟ်​လိုက်​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in