YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 3

3
ပြည်တွင်းစစ်
1ရှောလု​မင်းကြီး​အမျိုးအနွယ်​နှင့် ဒါဝိဒ်​မင်းကြီး​အမျိုးအနွယ်​တို့​သည် ကြာရှည်​စွာ စစ်​ဖြစ်​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​မှာ အင်အား​ကြီး​လာ​သော်လည်း ရှောလု​မင်းကြီး​အမျိုးအနွယ်​မှာ အားယုတ်​လာ​၏​။
2ဟေဗြုန်​မြို့​၌ ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ​တွင် သားဦး​မှာ ယေဇရေလ​မြို့သူ အဟိနောင်​နှင့်​ရ​သော​အာမနုန်​၊ 3ဒုတိယ​သား​မှာ ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ဖူး​ခဲ့​သော​အဘိဂဲလ​နှင့်​ရ​သော​ခိလပ်​၊ တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော်​မာခါ​နှင့်​ရ​သော​အဗရှလုံ​၊ 4စတုတ္ထ​သား​မှာ ဟဂ္ဂိတ်​နှင့်​ရ​သော​အဒေါနိယ​၊ ပဉ္စမ​သား​မှာ အဘိတလ​နှင့်​ရ​သော​ရှေဖတိ​၊ 5ဆဋ္ဌမ​သား​မှာ ဒါဝိဒ်​မင်းကြီး​၏​မယား ဧဂလာ​နှင့်​ရ​သော​ဣသရံ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​ရ​သော​သား​များ ဖြစ်​ကြ​၏​။
6ရှောလု​မင်းကြီး​အမျိုးအနွယ်​နှင့် ဒါဝိဒ်​မင်းကြီး​အမျိုးအနွယ်​တို့ စစ်​ဖြစ်​နေစဉ်​ကာလ​တွင် အာဗနာ​သည် ရှောလု​မင်းကြီး​အမျိုးအနွယ်​ထဲ၌ သြဇာအာဏာ​ကြီးသူ​ဖြစ်​အောင် ကြိုးစား​လေ​၏​။ 7ရှောလု​မင်းကြီး​တွင် အာယ​၏​သမီး ရိဇပ အမည်​ရှိ​သော​မောင်းမ​တစ်​ဦး​ရှိ​၏​။ ဣရှဗောရှက်​က အာဗနာ​အား “​သင်​သည် အဘယ်ကြောင့် ငါ့​ခမည်းတော်​၏​မောင်းမ​ထံ ဝင်​ရ​သနည်း​”​ဟု မေး​လျှင်
8ဣရှဗောရှက်​မင်းကြီး​၏​စကား​ကြောင့် အာဗနာ အလွန်​အမျက်ထွက်​ပြီး “​ငါ့​ကို ယုဒ​အမျိုး​၏​ခွေး​ခေါင်း​များ​မှတ်​နေ​သလော​။ ယခု ငါ​သည် သင့်​ဖခင်​ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​နှင့် သူ့​ညီအစ်ကို​၊ သူ့​မိတ်ဆွေ​တို့​ကို မေတ္တာပြ​ခဲ့​၏​။ သင့်​ကို​လည်း ဒါဝိဒ်​မင်းကြီး​လက်​သို့ မ​အပ်​။ သို့သော် ယနေ့ မိန်းမ​တစ်​ယောက်​နှင့်ဆိုင်သော​အမှား​အတွက် ငါ့​အား အပြစ်တင်​ရ​သလော​။ 9ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား ကျိန်ဆို​ထား​သည့်​အတိုင်း သူ့​အတွက် ငါ​မ​ပြု​ခဲ့​လျှင် ဘုရားသခင်​သည် ငါ​အာဗနာ​ကို စီရင်​တော်မူ​ပါစေသော​။ ထိုထက်မက ပြု​တော်မူ​ပါစေသော​။ 10ဘုရားသခင်​သည် နိုင်ငံ​တော်​ကို ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​လက်​မှ​ရုပ်သိမ်း​ပြီး ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် အစ္စရေး​ပြည်​၊ ယုဒ​ပြည်​တို့​တွင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ကို တည်​စေ​တော်မူ​မည်​”​ဟု ဆို​လျှင် 11ဣရှဗောရှက်​သည် အာဗနာ​ကို ကြောက်​သောကြောင့် စကား​တစ်ခွန်း​မျှ မ​တုံ့ပြန်​ဝံ့​တော့​ပေ​။
12ထို့နောက် အာဗနာ​သည် မိမိ​ကိုယ်စား ဒါဝိဒ်​မင်းကြီး​ထံ တမန်​ကို​လွှတ်​၍ “​ဤ​ပြည်​ကို မည်သူ​ပိုင်​သနည်း​။ အကျွန်ုပ်​နှင့် မဟာမိတ်​ဖွဲ့​ပါ​လော့​။ အစ္စရေး​လူမျိုး​တစ်မျိုးလုံး အရှင့်​ဘက်​ပါလာ​အောင် အကျွန်ုပ်​ကူညီ​ပါ​မည်​”​ဟု လျှောက်​စေ​၏​။
13ဒါဝိဒ်​မင်းကြီး​က​လည်း “ကောင်း​ပြီ​။ သင်​နှင့် မဟာမိတ်​ဖွဲ့​မည်​။ သို့ရာတွင် သင့်​ကို တစ်ခု​တောင်းဆို​မည်​။ ငါ့​ထံသို့ သင်​လာ​သောအခါ ရှောလု​မင်းကြီး​၏​သမီး မိခါလ​ကို မ​ခေါ်လာ​လျှင် ငါ့​မျက်နှာ​ကို သင်​မြင်​ရ​မည်​မ​ဟုတ်​”​ဟု ပြန်ပြော​၏​။
14ဒါဝိဒ်​မင်းကြီး​သည် ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​ထံသို့​လည်း တမန်​ကို​စေလွှတ်​၍ “​ဖိလိတ္တိ​လူမျိုး​တို့​၏​အရေဖျား​တစ်ရာ​ဖြင့် လဲယူ​ခဲ့​ရ​သော ငါ့​မယား​မိခါလ​ကို ပြန်ပေး​ပါ​”​ဟု မှာလိုက်​လေ​၏​။
15ထို့ကြောင့် ဣရှဗောရှက်​မင်းကြီး​သည် လူ​လွှတ်​၍ မိခါလ​ကို သူ့​ယောက်ျား​ဖြစ်​သော လဲရှ​၏​သား ပါလတေလ​ထံမှ ပြန်ခေါ်လာ​စေ​၏​။ 16သူ့​ခင်ပွန်း​သည်​လည်း ငိုကြွေး​လျက် ဗာဟုရိမ်​မြို့​တိုင်အောင် သူ​နှင့်အတူ​လိုက်လာ​၏​။ အာဗနာ​က သူ့​အား “​ပြန်သွား​ပါ​”​ဟု ဆို​မှ သူ​ပြန်သွား​လေ​၏​။
အာဗနာလုပ်ကြံသတ်ဖြတ်ခံရခြင်း
17ထို့နောက် အာဗနာ​က အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်​တိုင်ပင်ဆွေးနွေး​ပြီး “​သင်​တို့​သည် ဒါဝိဒ်​မင်းကြီး​ကို ယခင်ကတည်းကပင် မင်းမြှောက်​လို​ကြ​၏​။ 18ထာဝရဘုရား​က​လည်း ဒါဝိဒ်​မင်းကြီး​အား ‘​ငါ့​အစေအပါး​ဒါဝိဒ်​အားဖြင့် ငါ့​လူမျိုး​တော်​အစ္စရေး​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​၊ ရန်သူ​အပေါင်း​တို့​လက်​မှ​ကယ်နုတ်​မည်​’​ဟု ကတိထား​ပြီ​ဖြစ်​၍ ယခုပင် သူ့​ကို​မင်းမြှောက်​ပါ​လော့​”​ဟု ဆို​၏​။
19အာဗနာ​သည် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​နှင့်​လည်း တိုင်ပင်​ပြောဆို​ခဲ့​၏​။ ထို့နောက် အစ္စရေး​လူမျိုး​အပါအဝင် ဗင်္ယာမိန်​တစ်မျိုးနွယ်လုံး​၏​ကောင်း​သော​ထင်မြင်ချက်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား တင်ပြ​ရန် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ သွား​လေ​၏​။ 20အာဗနာ​နှင့် သူ့​လူ​အယောက်​နှစ်ဆယ်​တို့​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ​ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် အာဗနာ​နှင့် သူ့​လူ​တို့​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။
21အာဗနာ​က ဒါဝိဒ်​မင်းကြီး​အား “​အစ္စရေး​တစ်မျိုးနွယ်လုံး​အရှင်​မင်းကြီး​ထံ​ရောက်လာ​၍ အရှင့်​ထံ၌ ကတိသစ္စာ​ခံ​ကြ​မည့်​အကြောင်း​၊ အရှင်မင်းကြီး​စိတ်​ရှိ​သည့်​အတိုင်း သူ​တို့​ကို အုပ်စိုး​နိုင်​မည့်​အကြောင်း အကျွန်ုပ်​ထ​သွား​၍ သူ​တို့​ကို စုရုံး​ပါ​မည်​”​ဟု ဆို​လျှင် ဒါဝိဒ်​မင်းကြီး​ပြန်ခွင့်ပြု​သဖြင့် အာဗနာ​လည်း အေးချမ်း​စွာ​ပြန်သွား​လေ​၏​။
22ထိုစဉ်တွင်ပင် ယွာဘ​နှင့်​ဒါဝိဒ်​မင်းကြီး​၏​အစေအပါး​တို့​သည် စစ်တိုက်​ရာ​မှ ပြန်ရောက်​လာ​ကြ​၏​။ တိုက်ရာပါပစ္စည်း​လည်း အများအပြား​ယူလာ​ကြ​၏​။ သို့သော် အာဗနာ​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ဟေဗြုန်​မြို့​တွင် မ​ရှိ​တော့​ချေ​။ ဒါဝိဒ်​မင်းကြီး ပြန်ခွင့်ပြု​သောကြောင့် အေးချမ်း​စွာ​ထွက်သွား​နှင့်​ပြီ​။ 23ယွာဘ​နှင့် သူ့​တပ်ဖွဲ့ ပြန်​ရောက်လာ​သောအခါ “​နေရ​၏​သား အာဗနာ​သည် ရှင်ဘုရင်​ထံ​ရောက်​ခဲ့​လေ​ပြီ​။ ရှင်ဘုရင်​က သူ့​ကို​ပြန်သွားခွင့်​ပြု​သဖြင့် သူ​သည် အေးချမ်း​စွာ​ပြန်သွား​ပြီ​”​ဟု သူ့​အား ကြားပြော​ကြ​၏​။
24ထို့ကြောင့် ယွာဘ​သည် ရှင်ဘုရင်​ထံ​သွား​၍ “​အရှင်မင်းကြီး မည်သို့​ပြု​ဘိ​သနည်း​။ အာဗနာ​သည် အရှင့်​ထံ​လာ​ပြီးမှ သူ့​ကို​အဘယ်ကြောင့် ပြန်သွားခွင့်​ပြု​သနည်း​။ ယခုမှာ သူ​လွတ်သွား​ပြီ​။ 25နေရ​၏​သား အာဗနာ​အကြောင်း​ကို အရှင်​သိ​ပါ​၏​။ အရှင့်​ကို​လှည့်စား​ရန်​အတွက်​၊ အရှင်​ဝင်ထွက်​သွားလာ​သမျှ​၊ လုပ်ဆောင်​သမျှ​တို့​ကို​သိရှိ​ရန်​အတွက် ရောက်လာ​ခြင်း​သာ​ဖြစ်​၏​”​ဟု လျှောက်​လေ​၏​။ 26ထို့နောက် ယွာဘ​သည် ဒါဝိဒ်​မင်းကြီး​ထံ​မှ​ထွက်သွား​ပြီး အာဗနာ​နောက်သို့​တမန်​တို့​ကို​စေလွှတ်​၍ သူ​တို့​သည် သူ့​အား သိရ​ရေတွင်း​နား​မှ ပြန်ခေါ်​လာ​ကြ​၏​။ ထို​အမှု​ကို ဒါဝိဒ်​မင်းကြီး​မ​သိ​။ 27ဟေဗြုန်​မြို့​သို့ အာဗနာ​ပြန်ရောက်​လာ​သောအခါ ယွာဘ​က သူ့​အား သီးခြား​စကားပြော​လို​သည်​ဟု ဆို​၍ သူ့​ကို​မြို့​တံခါး​အတွင်း​သို့ ခေါ်သွား​ပြီးလျှင် သူ့​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​လေ​၏​။ ယွာဘ​ညီ အာသဟေလ​ကို သတ်​သော​သွေးကြွေး​အတွက် အာဗနာ​သေ​ရ​လေ​၏​။
28နောက်မှ ထို​အကြောင်း​ကို ဒါဝိဒ်​မင်းကြီး ကြား​သောအခါ “​နေရ​၏​သား အာဗနာ​ကို​သတ်​သည့်​အမှု​နှင့်​ပတ်သက်၍ ငါ​နှင့် ငါ့​ပြည်သူပြည်သား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ အစဉ်​အပြစ်​ကင်းလွတ်​၏​။ 29ယွာဘ​နှင့် သူ့​ဖခင်​အိမ်သူအိမ်သား​အားလုံး​တို့​၏​ခေါင်း​ပေါ် ကျရောက်​ပါစေ​။ ယွာဘ​အမျိုး​ထဲတွင် အရိအရွဲထွက်​သော​သူ​၊ အနာကြီးရောဂါစွဲ​သော​သူ​၊ ခါးချည့်​သော​သူ​၊ ဓား​ဖြင့်​သေ​ရ​သူ​၊ ငတ်မွတ်​သော​သူ​တို့ မ​ပြတ်​ပါစေ​နှင့်​”​ဟု မိန့်ဆို​လေ​၏​။ 30ယွာဘ​နှင့် သူ့​ညီ​အဘိရှဲ​တို့​သည် အာဗနာ​ကို​သတ်​လေ​၏​။ အကြောင်းမူကား ဂိဗောင်​တိုက်ပွဲ​တွင် အာဗနာ​သည် သူ​တို့​၏​ညီ အာသဟေလ​ကို သတ်​သောကြောင့်​ဖြစ်​၏​။
31ဒါဝိဒ်​မင်းကြီး​က ယွာဘ​နှင့် သူ့​လူ​အားလုံး​တို့​အား “​သင်​တို့​အဝတ်​ကို​ဆုတ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကြ​။ အာဗနာ​အဖို့ ငိုကြွေးမြည်တမ်း​ကြ​”​ဟု ဆို​ပြီး ဒါဝိဒ်​မင်းကြီး​ကိုယ်တော်တိုင် အသုဘ​လိုက်ပို့​လေ​၏​။
32အာဗနာ​ကို ဟေဗြုန်​မြို့​၌ သင်္ဂြိုဟ်​ကြ​၏​။ ရှင်ဘုရင်​သည် အာဗနာ​၏​သင်္ချိုင်းဂူ​နား​တွင် ကျယ်လောင်​စွာ​ငိုကြွေး​၏​။ လူ​အပေါင်း​တို့​သည်​လည်း ငိုကြွေး​ကြ​လေ​၏​။ 33ရှင်ဘုရင်​သည် အာဗနာ​အတွက် ငိုချင်းချ​ရင်း “​အာဗနာ​သည် လူမိုက်​သေ​သကဲ့သို့ သေ​ရ​ပါ​ပြီ​တကား​။
34သင့်​လက်​ကို​မ​ချုပ်နှောင်​၊ သင့်​ခြေ​ကို ခြေချင်း​မ​ခတ်​ဘဲ ကောက်ကျစ်​သော​သူ​၏​လက်ချက်​ဖြင့် သင်​သေ​ရ​ပါ​ပြီ​တကား​”​ဟု ဆို​သဖြင့် လူ​အပေါင်း​တို့​သည် ထပ်မံ​ငိုကြွေး​ကြ​ပြန်​၏​။
35ထို့နောက် နေမဝင်မီ လူ​အပေါင်း​တို့​သည် လာ​၍ ဒါဝိဒ်​မင်းကြီး​အား စားတော်ခေါ်​ရန် တိုက်တွန်း​လေ​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​က “​နေ​မ​ဝင်​မီ မုန့်​ဖြစ်စေ​၊ အစာ​တစ်စုံတစ်ရာ​ကို​ဖြစ်စေ စား​မိ​လျှင် ဘုရားသခင်​သည် ငါ့​ကို​စီရင်​တော်မူ​ပါစေသော​။ ထိုထက်မက ပြု​တော်မူ​ပါစေသော​”​ဟု ကျိန်ဆို​လေ​၏​။ 36လူ​အပေါင်း​တို့​သည် ရှင်ဘုရင်​ပြု​သမျှ​ကို သဘောကျ​နှစ်သက်​ကြ​သည့်​အတိုင်း ဤသို့​ဒါဝိဒ်​မင်းကြီး​ကျိန်ဆို​သည်​ကို​လည်း နှစ်သက်​လျက် မှတ်သား​ထား​ကြ​လေ​၏​။ 37ထို​နေ့​တွင် အစ္စရေး​လူမျိုး​အားလုံး​အပါအဝင် လူ​အပေါင်း​တို့​သည် နေရ​၏​သား အာဗနာ​သေဆုံး​ခြင်း​အမှု​မှာ ရှင်ဘုရင်​နှင့်​မ​သက်ဆိုင်​ကြောင်း​ကို သိ​ကြ​လေ​၏​။
38ရှင်ဘုရင်​က သူ့​အစေအပါး​တို့​အား “​ယနေ့​တွင် အစ္စရေး​လူမျိုး​တို့​၌ ကြီးမြတ်​သော​အကြီးအကဲ​တစ်​ဦး​ကျဆုံး​သွား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော​။ 39ငါ​သည် ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​ခံရ​သော်လည်း ယနေ့ စိတ်အားလျော့​လျက်​ရှိ​၏​။ ဇေရုယာ​၏​သား​ဖြစ်​သော ဤ​သူ​တို့​မူကား ငါ့​ထက် စိတ်​ခက်ထန်​ကြ​၏​။ ထာဝရဘုရား​သည် မကောင်းမှု​ပြု​သော​သူ​ကို မကောင်းမှု​နှင့်​အလျောက် ပြန်ပေးဆပ်​ပါစေသော​”​ဟု ဆို​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in