YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 17

17
1ထို့နောက် အဟိသောဖေလ​က အဗရှလုံ​အား “​လူ​အယောက်​တစ်သောင်းနှစ်ထောင်​ကို ရွေးချယ်​ပြီး ယနေ့​ည​တွင်ပင်​ထ​၍ ဒါဝိဒ်​မင်းကြီး​နောက်သို့ အကျွန်ုပ်​လိုက်​ပါရစေ​။ 2သူ​ခြေကုန်လက်ပန်းကျ​၍ အားနည်း​နေ​ချိန်​တွင် သူ့​ကို တိုက်ခိုက်​ပါရစေ​။ သူ့​ကို ခြိမ်းခြောက်​ပြီး သူ့​လူ​အပေါင်း​တို့ ထွက်ပြေး​ကြ​သောအခါ ရှင်ဘုရင်​ကို​သာ ကွပ်မျက်​ပါ​မည်​။ 3လူ​အားလုံး​ကို​လည်း အရှင့်​ထံ ပြန်ခေါ်​လာ​ပါ​မည်​။ အရှင်​အလိုရှိ​သော​သူ​ကို​ရ​လျှင် ကျန်​လူ​အပေါင်း​တို့​ကို​လည်း ပြန်ရ​သကဲ့သို့ ဖြစ်​ပါ​လိမ့်မည်​။ လူ​အပေါင်း​တို့​သည် ပြန်လာ​၍ ငြိမ်းချမ်း​စွာ​နေ​ရ​ပါ​လိမ့်မည်​”​ဟု အကြံပေး​၏​။ 4အဗရှလုံ​အပါအဝင် အစ္စရေး​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ထို​အကြံ​ကို နှစ်သက်​သဘောကျ​ကြ​၏​။
5သို့သော် အဗရှလုံ​က “အာခိ​လူမျိုး ဟုရှဲ​ကို ခေါ်​ခဲ့​ပါ​။ သူ​အဘယ်သို့​အကြံပေး​မည်​ကို​လည်း နားထောင်​ကြည့်​ရ​မည်​”​ဟု ဆို​၏​။
6အဗရှလုံ​ထံသို့ ဟုရှဲ ရောက်လာ​သောအခါ အဗရှလုံ​က သူ့​အား “​အဟိသောဖေလ​က ဤသို့​အကြံပေး​ပါ​ပြီ​။ သူ့​အကြံ​အတိုင်း ပြု​သင့် မ​ပြု​သင့် သင်​အကြံပေး​ပါ​လော့​”​ဟု ဆို​လျှင်
7ဟုရှဲ​က အဗရှလုံ​အား “​အဟိသောဖေလ​ပေး​သော​အကြံ​သည် ယခု​လို​အချိန်​မျိုး​တွင် မ​သင့်လျော်​ပါ​”​ဟု ပြန်ဖြေ​၏​။ 8ထို့ပြင် ဟုရှဲ​က “​အရှင့်​ခမည်းတော်​နှင့် သူ့​အမှုထမ်း​တို့​သည် စစ်သူရဲ​များ ဖြစ်​ကြ​သည်​သာမက တော​ထဲ၌​သားပျောက်​သော​ဝံမ​ကဲ့သို့ စိတ်နှလုံး​ခက်ထန်​နေ​မည်​ကို အရှင်​သိ​ပါ​၏​။ ထို့ပြင် အရှင့်​ခမည်းတော်​သည် သူရဲကောင်း​ဖြစ်​သည်​နှင့်အညီ လူ​အများ​နှင့်အတူ ညအိပ်​မည်​မ​ဟုတ်​ပါ​။ 9ယခု​ဆို​လျှင် သူ​သည် လိုဏ်ဂူ​တစ်ခုခု​၊ သို့မဟုတ် နေရာ​တစ်နေရာရာ​တွင် ပုန်းရှောင်​နေ​ပါ​လိမ့်မည်​။ စစ်​စ​တိုက်​သည်​နှင့် စစ်သည်​တို့​ကျဆုံး​ကြောင်း​ကြား​သော​သူ​တို့​က ‘​အဗရှလုံ​နောက်လိုက်သူ​တို့ အသတ်ခံရ​လေ​ပြီ​’​ဟု ဆို​ကြ​ပါ​လိမ့်မည်​။ 10ခြင်္သေ့​ကဲ့သို့​ရဲရင့်​သော​စိတ်နှလုံး​ရှိ​သူ​များ​ပင် စိတ်ပျက်အားလျော့​ကုန်​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား အရှင့်​ခမည်းတော်​သည် သူရဲကောင်း​ဖြစ်ကြောင်း​၊ သူ့​အမှုထမ်း​တို့​သည်​လည်း ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ဖြစ်ကြောင်း​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့ သိ​ကြ​ပါ​၏​။ 11ထို့ကြောင့် အကျွန်ုပ်​အကြံပေး​လို​သည်​မှာ ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​အထိ သမုဒ္ဒရာ​သဲလုံး​နှင့်အမျှ များပြား​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို အကုန်​စုဝေး​စေ​ပြီး အရှင်​ကိုယ်တိုင် ဦးဆောင်​၍ စစ်ထွက်တိုက်​စေ​လို​ပါ​သည်​။ 12သူ​ရှိ​နိုင်​သော​နေရာ​တစ်​ခု​သို့ အကျွန်ုပ်​တို့​ဝင်ရောက်​ပြီး မြေ​ပေါ်​နှင်းကျ​သကဲ့သို့ သူ​တို့​ကို စီးနင်းတိုက်ခိုက်​လျှင် သူ့​လူ​အားလုံး တစ်​ယောက်​မျှ​ကျန်​တော့​မည်​မ​ဟုတ်​ပါ​။ 13အကယ်၍ မြို့​တစ်​မြို့​မြို့​သို့ ဆုတ်သွား​လျှင် အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ကြိုး​ကို​ယူလာ​ပြီး မြို့​ထဲတွင် ကျောက်စရစ်ခဲ​တစ်​ခဲ​မျှ​မ​ကျန်​အောင် ထို​မြို့​ကို ချိုင့်ဝှမ်း​ထဲသို့ အကျွန်ုပ်​တို့​ဆွဲချ​ပစ်​မည်​”​ဟု လျှောက်​လေ​၏​။ 14ထိုအခါ အဗရှလုံ​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​က “​အာခိ​လူမျိုး ဟုရှဲ​ပေး​သော​အကြံ​သည် အဟိသောဖေလ​ပေး​သော​အကြံ​ထက် ကောင်း​သည်​”​ဟု ထောက်ခံ​ကြ​၏​။ အကြောင်းမှာ အဗရှလုံ​ကို ဘေး​တွေ့​စေ​မည့်​အကြောင်း အဟိသောဖေလ​ပေး​သော​အကြံ​ပျက်ပြား​ရန် ထာဝရဘုရား စီစဉ်​တော်မူ​ပြီ​။
အဗရှလုံ၏အကြံအစည်ကိုဒါဝိဒ်မင်းကြီးသိရခြင်း
15ထို့နောက် ဟုရှဲ​သည် ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​အား “​အဟိသောဖေလ​က အဗရှလုံ​နှင့် အစ္စရေး​သက်ကြီးဝါကြီး​တို့​အား ဤ​နည်း ဤ​လမ်း အကြံပေး​ပြီ​။ အကျွန်ုပ်​မူကား ထို​နည်း ထို​လမ်း အကြံပေး​ပြီ​။ 16ယခု ချက်ချင်း ဒါဝိဒ်​မင်းကြီး​ထံသို့ လူ​လွှတ်​ပြီး ‘​ကန္တာရ​လွင်ပြင်​၌ ညအိပ်​မ​နား​ဘဲ ခရီးဆက်သွား​ပါ​။ သို့မဟုတ်လျှင် ရှင်ဘုရင်​နှင့်​လူ​အားလုံး ဝါးမျို​ခြင်း ခံရ​လိမ့်မည်​’​ဟူ၍ ကြားလျှောက်​လော့”​ဟု မှာကြား​လိုက်​၏​။ 17ယောနသန်​နှင့် အဟိမတ်​တို့​သည် မြို့​တွင်း​သို့​ဝင်​ပြီး လူ​မြင်​ခံ​၍​မ​ရ​သဖြင့် အင်္ရောဂေလ​အရပ်​တွင် နေ​နေ​၏​။ သတင်း​ရရှိ​သော​အစေခံမလေး​တစ်​ဦး​က သူ​တို့​အား လာ​ပြောပြ​သောအခါ သူ​တို့​သည်​လည်း ဒါဝိဒ်​မင်းကြီး​အား သွား​ပြောပြ​ကြ​၏​။
18သို့သော် လုလင်​တစ်​ဦး​သည် သူ​တို့​ကို တွေ့​သွား​၍ အဗရှလုံ​အား သွားလျှောက်​သဖြင့် သူ​တို့​နှစ်​ဦး​သည် အလျင်အမြန်​ထွက်ပြေး​သွား​ပြီး ဗာဟုရိမ်​မြို့​ရှိ လူ​တစ်​ယောက်​၏​အိမ်​သို့ ပြေးသွား​ကာ ထို​အိမ်​ဝင်း​ရှိ ရေတွင်း​ထဲသို့ ဆင်း​၍​ပုန်း​နေ​ကြ​၏​။ 19ထို​အိမ်​၏​အိမ်ရှင်မ​က အဖုံး​တစ်​ခု​ကို​ယူ​ပြီး ရေတွင်းဝ​ကို ပိတ်​ကာ ထို​အပေါ်​တွင် ဂျုံ​ကို လှန်း​ထား​လိုက်​သဖြင့် မည်သူ​မျှ သတိ​မ​ထား​မိ​ပေ​။
20အဗရှလုံ​၏​လူ​တို့​က ထို​မိန်းမ​၏​အိမ်​သို့​ရောက်လာ​ပြီး “​အဟိမတ်​နှင့် ယောနသန်​ကား အဘယ်မှာ​နည်း​”​ဟု မေး​လျှင် ထို​မိန်းမ​က “​ချောင်း​ကို ကူးသွား​ကြ​ပြီ​”​ဟု ပြန်ပြော​၏​။ သူ​တို့ လိုက်ရှာ​သော်လည်း မ​တွေ့​သဖြင့် ဂျေရုဆလင်​မြို့​သို့ ပြန်သွား​ကြ​၏​။
21ထို​သူ​တို့​ပြန်သွား​လျှင် အဟိမတ်​နှင့် ယောနသန်​သည် ရေတွင်း​မှ​တက်လာ​ကြ​ပြီး ဒါဝိဒ်​မင်းကြီး​ထံသို့​သွား​၍ “​အို ဒါဝိဒ်​မင်းကြီး​၊ အဟိသောဖေလ​သည် အရှင့်​ကို​တိုက်ခိုက်​ရန် အကြံပေး​ပါ​ပြီ​။ အလျင်အမြန်​ထ​၍ မြစ်​ကို ကူး​ပါ​လော့​”​ဟု အကြောင်းကြား​ကြ​၏​။ 22ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​နှင့် သူ​နှင့်အတူ​ရှိ​သော လူ​အပေါင်း​တို့​သည် ထ​၍​ဂျော်ဒန်​မြစ်​ကို ကူး​ကြ​၏​။ နံနက်​မိုးလင်း​ချိန်​ရောက်​လျှင် တစ်ယောက်မကျန် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ကို ရောက်​ကုန်​ကြ​၏​။ 23အဟိသောဖေလ​သည် မိမိ​ပေး​သော​အကြံ​အတိုင်း မ​လုပ်​သည်​ကို သိမြင်​လျှင် မြည်း​ကို ကုန်းနှီးတင်​ပြီး နေရင်းမြို့​ရှိ မိမိ​အိမ်​သို့ ပြန်​ကာ အိမ်သား​တို့​အား မှာစရာ​ရှိ​သည်​ကို မှာကြား​ပြီး မိမိကိုယ်ကို ကြိုးဆွဲချ​သေ​လေ​၏​။ သူ့​ကို ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ကြ​၏​။
24ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ထွက်သွား​၏​။ အဗရှလုံ​သည်​လည်း သူ့​နောက်လိုက်​အစ္စရေး​လူ​အပေါင်း​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​ကို ဖြတ်ကူး​လာ​ကြ​၏​။ 25အဗရှလုံ​သည် အာမသ​ကို ဗိုလ်ချုပ်​ယွာဘ​နေရာ​တွင် ခန့်ထား​၏​။ အာမသ​သည် ယွာဘ​၏​မိခင်​၊ ဇေရုယာ​၏​ညီမ​၊ နာဟတ်​၏​သမီး အဘိဂဲလ​နှင့်​ပေါင်းသင်း​သော ယေသာ​အမည်​ရှိ အစ္စရေး​အမျိုးသား​တစ်​ဦး​၏​သား​ဖြစ်​၏​။ 26အဗရှလုံ​နှင့် အစ္စရေး​လူမျိုး​တို့​သည် ဂိလဒ်​ပြည်​၌ စခန်းချ​ကြ​၏​။ 27ဒါဝိဒ်​မင်းကြီး​သည် မဟာနိမ်​မြို့​သို့ ရောက်​သောအခါ အမ္မုန်​ပြည်​၊ ရဗ္ဗာ​မြို့​မှ နာဟတ်​၏​သား ရှောဘိ​၊ လောဒေဗာ​မြို့​မှ အမျေလ​၏​သား မာခိရ​၊ ရောဂေလိမ်​မြို့​မှ ဂိလဒ်​ပြည်သား ဗာဇိလဲ တို့​က 28“​ကန္တာရ​လမ်း​တွင် လူ​တို့ ဆာလောင်​မောပန်း​ကြ​လိမ့်မည်​၊ ရေငတ်​ကြ​လိမ့်မည်​”​ဟု တွေး​ပြီး အိပ်ရာ​၊ ဇလုံ​မှ​အစ မြေအိုး​မြေခွက်​များ​၊ ဂျုံ​၊ မုယော​၊ မုန့်ညက်​၊ သီးနှံအခြောက်​၊ ပဲကြီး​၊ ပဲနီ​၊ မုန့်ဆန်း​၊ 29ပျားရည်​၊ ဒိန်ချဉ်​၊ သိုးသား​၊ နွားနို့ခဲ စသည်​တို့​ကို ဒါဝိဒ်​မင်းကြီး​နှင့် သူ့​လူ​တို့​စား​ဖို့ ယူဆောင်​လာ​ကြ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 17