YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 15

15
အဗရှလုံပုန်ကန်ခြင်း
1ထို့နောက်တွင် အဗရှလုံ​သည် စစ်ရထား​တစ်​စီး​၊ မြင်း​များ​နှင့် ရှေ့​တော်​ပြေး​တပ်သား​အယောက် ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။ 2အဗရှလုံ​သည် နံနက်​စောစောထ​၍ မြို့​တံခါး​နား လမ်း​ဘေး​၌ ရပ်​လေ့​ရှိ​၏​။ အမှုကိစ္စ​ဖြစ်​၍ အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​မည်သူမဆို အဗရှလုံ​သည် သူ့​ထံသို့​ခေါ်လာ​ပြီး “​သင် မည်သည့်​မြို့​က လာ​သနည်း​”​ဟု မေး​တတ်​၏​။ အမှုသည်​က “​ကျွန်တော်မျိုး​သည် အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်​နွယ်​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လျှင် 3အဗရှလုံ​က “​သင့်​အမှု​ကား လျော်ကန်​ဖြောင့်မှန်​ပါ​၏​။ သို့သော် သင့်​အမှု​ကို ကြားနာ​ပြီး ရှင်ဘုရင်​ထံ တင်ပြ​ပေး​မည့်​သူ မ​ရှိ​”​ဟု ပြန်ပြော​တတ်​၏​။ 4ထို့ပြင် အဗရှလုံ​က “​ဤ​ပြည်​တွင် ငါ့​ကို တရားသူကြီး​အဖြစ်​သာ ခန့်ထား​လျှင် အမှုကိစ္စ​ရှိ​သူ​၊ အဆုံးအဖြတ်​လိုအပ်​သူ မည်သူမဆို ငါ့​ထံသို့​လာ​သောအခါ သူ​တို့​ကို ဖြောင့်မတ်မှန်ကန်​စွာ ငါ​စီရင်​ပေး​မည်​”​ဟု ဆို​၏​။ 5သူ့​ကို အရိုအသေ​ပေး​ရန် ချဉ်းကပ်​လာ​သော​သူ​ကို​လည်း သူ​သည် လက်ကမ်း​၍ ထို​သူ​ကို ဖက်​ပြီး​နမ်း​တတ်​၏​။ 6အဗရှလုံ​သည် အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဤနည်း​အတိုင်း ဆက်ဆံ​ခြင်း​ဖြင့် အစ္စရေး​အမျိုးသား​တို့​၏​နှလုံးသား​ကို သိမ်းသွင်း​ထား​လေ​၏​။
7လေး​နှစ်#15:7 တိုက်ရိုက်ပြန်ဆိုလျှင် “အနှစ်လေးဆယ်”။​မျှ​ကြာလာ​သောအခါ အဗရှလုံ​က ရှင်ဘုရင်​အား “​အကျွန်ုပ်​သည် ထာဝရဘုရား​ထံ ကတိသစ္စာ​ပြု​ခဲ့​သည့်​အတိုင်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန် ဟေဗြုန်​မြို့​သို့ သွား​ပါရစေ​။ 8အကျွန်ုပ်​သည် ဆီးရီးယား​ပြည်​၊ ဂေရှုရ​မြို့​တွင်​နေ​စဉ်က ‘​ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဂျေရုဆလင်​မြို့​သို့ အမှန်တကယ်​ပြန်လည်​ပို့ဆောင်​တော်မူ​လျှင် ထာဝရဘုရား​ကို အကျွန်ုပ်​ဝတ်ပြု​ပါ​မည်​’​ဟု ကျွန်တော်မျိုး​ကတိသစ္စာ​ပြု​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​၏​။
9ရှင်ဘုရင်​က​လည်း သူ့​အား “​အေးအေးချမ်းချမ်း​သွား​ပါ​”​ဟု မိန့်ဆို​လျှင် သူ​သည် ဟေဗြုန်​မြို့​သို့ ထ​သွား​လေ​၏​။ 10ထို့နောက် အဗရှလုံ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ထံသို့ သူလျှို​တို့​ကို​စေလွှတ်​၍ “​တံပိုးမှုတ်သံ​ကို သင်​တို့​ကြား​လျှင် ‘​အဗရှလုံ​သည် ဟေဗြုန်​မြို့​တွင် နန်းတက်​လေ​ပြီ​’​ဟူ၍ ကြွေးကြော်​ကြ​လော့​”​ဟု မှာလိုက်​၏​။
11အဗရှလုံ​နှင့်အတူ လူ​အယောက်​နှစ်ရာ​တို့​သည် ဂျေရုဆလင်​မြို့​မှ ထွက်လာ​ကြ​၏​။ သူ​တို့​သည် အခေါ်​ခံရ​၍​သာ သဘောရိုး​နှင့်​လိုက်လာ​ကြ​၏​။ မည်သည့်​အကြောင်း​တစ်စုံတစ်ရာ​ကို​မျှ မ​သိ​။ 12အဗရှလုံ​သည် ယဇ်ပူဇော်​စဉ်တွင် ဒါဝိဒ်​မင်းကြီး​၏​အကြံပေး​ဖြစ်​သူ ဂိလော​မြို့သား အဟိသောဖေလ​ထံသို့ လူ​လွှတ်​၍ သူ့​နေရင်းမြို့​ဖြစ်​သော​ဂိလော​မြို့​မှ ခေါ်လာ​စေ​၏​။ အဗရှလုံ​ထံ၌ လူ​အင်အား​တိုးပွား​လာ​ပြီး လျှို့ဝှက်ကြံစည်မှု​သည်​လည်း အားကြီး​လာ​လေ​၏​။
13ထိုအခါ တမန်​တစ်​ဦး​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​ပြီး “​အစ္စရေး​အမျိုးသား​တို့​၏​စိတ်​သည် အဗရှလုံ​နောက်သို့ ပါသွား​ပါ​ပြီ​”​ဟု လျှောက်တင်​၏​။
14ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ 15ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင် 16ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။ 17ဤသို့ဖြင့် ရှင်ဘုရင်​သည် နောက်လိုက်​အခြွေအရံ​အားလုံး​နှင့်တကွ ထွက်သွား​ရာ ရပ်ဝေး​သို့​ရောက်​လျှင် အိမ်​တစ်​အိမ်​၌ ရပ်နား​ကြ​၏​။ 18အထံ​တော်​ပါး​၌​ခစား​ရ​သော​မင်းမှုထမ်း​အားလုံး​တို့​သည် ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။ ခေရသိ​လူမျိုး​အားလုံး​၊ ပေလသိ​လူမျိုး​အားလုံး​နှင့် ဂါသ​မြို့​မှ​လိုက်လာ​သော ဂိတ္တိ​လူမျိုး​အားလုံး လူ​အယောက်​ခြောက်​ရာ​တို့​သည်​လည်း ဘုရင့်​ရှေ့​တော်​၌ ချီသွား​ကြ​၏​။
19ရှင်ဘုရင်​က ဂိတ္တိ​လူမျိုး အိတ္တဲ​အား “​အဘယ်ကြောင့် ငါ​တို့​နှင့်အတူ လိုက်လာ​သနည်း​။ ပြန်သွား​ပြီး ဘုရင်​နှင့်အတူ နေ​လော့​။ သင်​သည် နေရင်းပြည်​မှ ဖမ်းခေါ်လာ​ခြင်း​ခံရ​သော​တစ်ပါးအမျိုးသား​ဖြစ်​၏​။ 20သင်​သည် မနေ့​တစ်နေ့​က​မှ ရောက်လာ​သော​သူ​ဖြစ်၍ ယခု ငါ​တို့​နှင့်အတူ လှည့်လည်​စေ​ရ​မည်လော​။ ငါ​သည် ဘယ်​နေရာ​သွား​ရ​မည်​ကို​မသိ​သေး​ပါ​။ သင့်​အမျိုးသားချင်း​တို့​ကို ခေါ်​ပြီး ပြန်သွား​လော့​။ ကရုဏာ​တော်​နှင့် သစ္စာ​တော်​သည် သင်​တို့​နှင့်အတူ ရှိ​ပါစေသော​”​ဟု မိန့်ဆို​၏​။
21ထိုအခါ အိတ္တဲ​က ရှင်ဘုရင်​အား “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​လည်း အသက်ရှင်​တော်မူ​သည်​နှင့်အညီ သေ​သည်​ဖြစ်စေ​၊ ရှင်​သည်​ဖြစ်စေ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ရှိ​တော်မူ​ရာ​အရပ်​၌ ကျွန်တော်မျိုး ရှိ​ပါ​မည်​”​ဟု ပြန်လျှောက်​၏​။
22ထိုအခါ ဒါဝိဒ်​မင်းကြီး​က အိတ္တဲ​အား “​သို့ဖြစ်လျှင်လည်း သွား​၍​ဖြတ်ကူး​လော့​”​ဟု မိန့်ဆို​လျှင် ဂိတ္တိ​လူမျိုး အိတ္တဲ​မှစ၍ သူ​နှင့်အတူ​ပါလာ​သော လူ​အကြီး​အငယ်​အားလုံး​လည်း ဖြတ်ကူး​လေ​၏​။ 23လူ​အပေါင်း​တို့ ဖြတ်ကူး​သွား​ကြ​သောအခါ ပြည်သူပြည်သား​အပေါင်း​တို့​သည် အော်ဟစ်​ငိုကြွေး​ကြ​၏​။ ရှင်ဘုရင်​သည် ကေဒြုန်​ချောင်း​ကို ဖြတ်ကူး​သဖြင့် လူ​အပေါင်း​တို့​သည်​လည်း ဖြတ်ကူး​၍ ကန္တာရ​လမ်း​အတိုင်း သွား​ကြ​၏​။
24ဇာဒုတ်​နှင့် ဘုရားသခင်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​ရ​သော​လေဝိ​အမျိုးသား​အပေါင်း​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်ပါ​လာ​ကြ​၏​။ သူ​တို့​သည် ဘုရားသခင်​၏​သေတ္တာ​တော်​ကို ချထား​ကြ​၏​။ အဗျာသာ​သည်​လည်း လူ​အပေါင်း​တို့ မြို့​ထဲမှ​ထွက်ခွာ​သွား​ပြီး​ချိန်​ထိ ယဇ်ပူဇော်​လျက်​နေ​၏​။ 25ရှင်ဘုရင်​က ဇာဒုတ်​အား “​ဘုရားသခင်​၏​သေတ္တာ​တော်​ကို မြို့​ထဲသို့ ပြန်ပို့​လော့​။ ထာဝရဘုရား​သည် ငါ့​ကို​မျက်နှာသာပေး​၍ ငါ​ပြန်လာ​ရ​လျှင် သေတ္တာ​တော်​ကို​လည်းကောင်း​၊ ကိန်းဝပ်​တော်မူ​ရာ​အရပ်​ကို​လည်းကောင်း ဖူးမြင်​ခွင့်​ရ​ပါ​လိမ့်မည်​။ 26ထိုသို့​မ​ဟုတ်​ဘဲ ကိုယ်တော်​က ‘သင့်​ကို ငါ​အလို​မ​ရှိ’​ဟု မိန့်ဆို​လျှင်​လည်း ငါ​အသင့်ရှိ​ပါ​သည်​။ အလို​တော်​အတိုင်း​သာ ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။
27ထို့ပြင် ရှင်ဘုရင်​က ယဇ်ပုရောဟိတ်​ဇာဒုတ်​အား “​သင်​သည် စိတ်အာရုံ​မြင်​ရ​သူ မ​ဟုတ်​လော​။ သင်​တို့​နှင့်အတူ​ရှိ​နေ​သော သင့်​သား အဟိမတ်​နှင့် အဗျာသာ​၏​သား ယောနသန်​တို့​နှစ်​ဦး​ကို​ခေါ်​ပြီး မြို့​ထဲသို့ အေးအေးချမ်းချမ်း​ပြန်သွား​လော့​။ 28သင်​တို့​ထံမှ သတင်း​မ​ရ​မ​ချင်း ငါ​သည် တောကန္တာရ​လွင်ပြင်​တွင် စောင့်​နေ​မည်​”​ဟု မိန့်ဆို​လျှင် 29ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ဘုရားသခင်​၏​သေတ္တာ​တော်​ကို ဂျေရုဆလင်​မြို့​သို့ ပြန်ယူဆောင်​လာ​ပြီး ထို​မြို့​တွင် နေထိုင်​ကြ​၏​။
30ဒါဝိဒ်​မင်းကြီး​သည် သံလွင်​တောင်​တက်လမ်း​အတိုင်း ငိုကြွေး​လျက်​၊ ဦးခေါင်း​ကို​လည်း​ခြုံ​လျက် ခြေနင်း​တော်​မ​ပါ​ဘဲ တက်သွား​၏​။ သူ​နှင့်​ပါလာ​သော​လူ​အပေါင်း​တို့​သည်​လည်း အသီးသီး​ဦးခေါင်း​ကို​ခြုံ​ထား​လျက်​၊ ငိုကြွေး​လျက် လိုက်တက်​သွား​ကြ​၏​။
31တစ်စုံတစ်ယောက်​က ဒါဝိဒ်​မင်းကြီး​အား “​အဗရှလုံ​နှင့်အတူ ပူးပေါင်းကြံစည်​သူ​တို့​ထဲတွင် အဟိသောဖေလ​လည်း ပါ​သည်​”​ဟု ကြားပြော​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​အို ထာဝရဘုရား​၊ အဟိသောဖေလ​၏​အကြံ​ကို မိုက်မဲ​သော​အကြံ​ဖြစ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။
32ဘုရားသခင်​ကို ဝတ်ပြုကိုးကွယ်​ရာ​နေရာ​တောင်ထိပ်​သို့ ဒါဝိဒ်​မင်းကြီး​ရောက်​သောအခါ အာခိ​လူမျိုး ဟုရှဲ​သည် မိမိ​အဝတ်​ကို ဆုတ်ဖြဲ​၍ ခေါင်း​ပေါ် မြေမှုန့်​တင်​လျက် မင်းကြီး​ကို ဆီးကြို​၏​။ 33ဒါဝိဒ်​မင်းကြီး​က သူ့​အား “​သင်​သည် ငါ​နှင့်အတူ​လိုက်​လျှင် ငါ့​အဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်​လိမ့်မည်​။ 34မြို့​သို့​ပြန်သွား​ပြီး အဗရှလုံ​အား ‘အကျွန်ုပ်​သည် အရှင်မင်းကြီး​၏​အမှုထမ်း ဖြစ်​ပါ​၏​။ ယခင်​က အရှင့်​ခမည်းတော်​၏​အမှုထမ်း​လည်း ဖြစ်​ခဲ့​ဖူး​ပါ​၏​။ သို့သော် ယခုမှာ အရှင်​၏​အမှုထမ်း လုပ်​ပါ​မည်’​ဟု လျှောက်​လျှင် အဟိသောဖေလ​ပေး​မည့်​အကြံ​ကို ငါ့​အဖို့ သင်​ဖျက်ဆီး​ပေး​နိုင်​လိမ့်မည်​။ 35ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​တို့​လည်း ထို​မြို့​၌ သင်​နှင့်အတူ​ရှိ​သည်​မ​ဟုတ်​လော​။ နန်းတွင်း​မှ တစ်စုံတစ်ရာ​ကို​ကြားသိ​လျှင် ယဇ်ပုရောဟိတ် ဇာဒုတ်​နှင့် အဗျာသာ​ကို သင်​ပြောပြ​ရ​မည်​။ 36ထို​နေရာ​တွင် ဇာဒုတ်​၏​သား​အဟိမတ်​နှင့် အဗျာသာ​၏​သား​ယောနသန် တို့​နှစ်​ဦး​လည်း ရှိ​ကြ​၏​။ သင်​ကြားသိ​သော​သတင်း​တစ်စုံတစ်ရာ​ကို သူ​တို့​မှတစ်ဆင့် ငါ့​ထံ အကြောင်းကြား​ရ​မည်​”​ဟု မိန့်ဆို​၏​။ 37ဤသို့ဖြင့် ဒါဝိဒ်​မင်းကြီး​၏​မိတ်ဆွေ ဟုရှဲ​သည် မြို့​ထဲသို့​ပြန်သွား​၏​။ အဗရှလုံ​သည်​လည်း ဂျေရုဆလင်​မြို့​သို့ ရောက်လာ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဓမ္မရာဇဝင်ဒုတိယစောင် 15