YouVersion Logo
Search Icon

ဓမ္မရာဇဝင်ဒုတိယစောင် 1

1
ရှောလုမင်းကြီးသေဆုံးခြင်းအတွက် တုံ့ပြန်ခြင်း
1ရှောလု​မင်းကြီး အနိစ္စရောက်​ပြီးနောက် ဒါဝိဒ်​သည် အာမလက်​လူမျိုး​တို့​ကို တိုက်ခိုက်​ချေမှုန်း​ရာ​မှ ပြန်လာ​၍ ဇိကလတ်​မြို့​တွင် နှစ်​ရက်​နေ​ပြီး 2သုံး​ရက်​မြောက်​သော​နေ့​တွင် ရှောလု​မင်းကြီး​၏​တပ်စခန်း​မှ လူ​တစ်ဦး​သည် အဝတ်​ကို​ဆုတ်​လျက်​၊ ခေါင်း​ပေါ်​မြေမှုန့်​တင်​လျက် ဒါဝိဒ်​ထံ ရောက်လာ​၍ မြေ​ပေါ်တွင်​ပျပ်ဝပ်​ရှိခိုး​လေ​၏​။ 3ထိုအခါ ဒါဝိဒ်​က သူ့​အား “​သင် အဘယ်​က​လာ​ခဲ့​သနည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် အစ္စရေး​တပ်စခန်း​မှ ထွက်ပြေး​လာ​ခဲ့​ရ​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။
4ဒါဝိဒ်​က​လည်း သူ့​အား “​မည်သို့​ဖြစ်ပျက်​ခဲ့​သည်​ကို ငါ့​အား​ပြောပြ​ပါ​လော့​”​ဟု ဆို​လျှင် သူ​က “​စစ်သည်​တို့​သည် စစ်ပွဲ​မှ ထွက်ပြေး​ကြ​ရ​ပါ​၏​။ စစ်သည်​အများအပြား လဲကျ​သေဆုံး​ကြ​ရ​ပါ​၏​။ ရှောလု​မင်းကြီး​နှင့်​သူ့​သား​ယောနသန်​လည်း သေ​သွား​ပါ​ပြီ​”​ဟု ပြောပြ​၏​။
5ဒါဝိဒ်​က သတင်းကြားပြော​သော​လူငယ်​အား “​ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန် သေဆုံး​သည်​ကို သင်​မည်သို့​သိ​သနည်း​”​ဟု မေး​လျှင်
6သတင်းကြားပြော​သော​လူငယ်​က “​အကျွန်ုပ်​သည် ဂိလဗော​တောင်​ပေါ် ရောက်သွား​ချိန်​တွင် ဤ​အဖြစ်အပျက်​နှင့်​ကြုံ​ခဲ့​ရ​ပါ​၏​။ ရှောလု​မင်းကြီး​သည် လှံ​ကို​မှီ​လျက်​နေ​ပါ​၏​။ စစ်ရထား​နှင့် မြင်းတပ်​တို့​သည် သူ့​ထံသို့ ရောက်လု​ဆဲဆဲ​ဖြစ်​နေ​သည်​ကို တွေ့​ရ​ပါ​၏​။ 7ရှောလု​မင်းကြီး​သည် အနောက်​ကို​လှည့်ကြည့်​၍ အကျွန်ုပ်​ကို မြင်​လျှင် လှမ်းခေါ်​ပါ​၏​။ အကျွန်ုပ်​က​လည်း ‘​အကျွန်ုပ်​ရှိ​ပါ​၏​’​ဟု ထူး​ပါ​၏​။ 8သူ​က အကျွန်ုပ်​အား ‘​သင်​ကား မည်သူ​နည်း’​ဟု မေး​လျှင် ‘​အကျွန်ုပ်​သည် အာမလက်​လူမျိုး ဖြစ်​ပါ​သည်​’​ဟု ပြောပြ​ပါ​၏​။ 9သူ​က​လည်း ‘​ငါ့​နားသို့​လာ​ပြီး ငါ့​ကို သတ်​လိုက်​ပါ​။ ငါ​သည် ဝေဒနာ မချိမဆံ့​ခံ​နေ​ရ​ပါ​၏​။ အသက်​လည်း မ​ထွက်​နိုင်​သေး​ပါ​’​ဟု ဆို​၏​။ 10အကျွန်ုပ်​လည်း သူ​လဲကျ​၍ အသက်​မ​ရှင်​နိုင်​တော့​သည်​ကို သိ​သဖြင့် သူ့​နားသို့​လာ​ပြီး သူ့​ကို ထိုးသတ်​လိုက်​ပါ​၏​။ သူ့​ခေါင်း​ပေါ်မှ ရာဇသရဖူ​နှင့် လက်မောင်း​မှ လက်ပတ်​ကို​ယူ​၍ ယခု အကျွန်ုပ်​အရှင့်​ထံ ယူဆောင်​လာ​ပါ​ပြီ​”​ဟု ဆို​၏​။
11ထိုအခါ ဒါဝိဒ်​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို ဆွဲ​ဆုတ်​ပစ်​၏​။ သူ့​နောက်လိုက်​အပေါင်း​တို့​သည်​လည်း ထိုနည်းတူ ပြု​ကြ​ပြီးလျှင် 12ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​မှစ၍ ထာဝရဘုရား​၏​လူမျိုး​တော်​ဖြစ်​သော​အစ္စရေး​အမျိုးအနွယ်​တို့​သည် ဓား​ဖြင့် သေဆုံး​ကြ​ရ​သောကြောင့် နေဝင်ချိန်​တိုင်အောင် အစာရှောင်​ငိုကြွေး​မြည်တမ်း​ကြ​၏​။
13ထို့နောက် ဒါဝိဒ်​က မိမိ​ကို​သတင်းကြားပြော​သော​လူငယ်​အား “​သင် အဘယ်က​နည်း​”​ဟု မေး​လျှင် သူ​က “​အကျွန်ုပ်​သည် တိုင်းတစ်ပါးသား​အာမလက်​လူမျိုး ဖြစ်​ပါ​သည်​”​ဟု ပြန်ဖြေ​၏​။
14ဒါဝိဒ်​က​လည်း “​ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​အား သင် ကိုယ်ထိလက်ရောက်​သတ်ပစ်​သည်​ကို သင်​မ​ကြောက်​သလော​”​ဟု သူ့​အား ဆို​ပြီး 15ဒါဝိဒ်​သည် ငယ်သား​တစ်​ဦး​ကို ခေါ်​၍ “​သူ့​ကို သွား​သတ်​ပစ်​လိုက်​”​ဟု ဆို​၏​။ ငယ်သား​က​လည်း ထို​သူ​ကို သတ်​သဖြင့် ထို​သူ​သေ​လေ​၏​။ 16ဒါဝိဒ်​က​လည်း “ ‘​ထာဝရဘုရား ဘိသိက်ပေး​တော်မူ​သော​ရှင်ဘုရင်​ကို အကျွန်ုပ်​သတ်​လေ​ပြီ​’​ဟု သင့်​နှုတ်​မှ ဝန်ခံ​သောကြောင့် လူသတ်​သော​အပြစ်​ကို သင်​ပြန်​ခံရ​ပြီ​”​ဟု ဆို​၏​။
17ထို့နောက် ဒါဝိဒ်​သည် ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​အတွက် ငိုချင်းဖွဲ့​လေ​၏​။ 18ဤ “လေး​တော်” ငိုချင်း​ကို ယုဒ​အမျိုးသား​တို့​ကို​ပါ သင်ကြား​စေ​၏​။ ယာရှာ#1:18 “ဖြောင့်မှန်သော”ဟူသောအဓိပ္ပာယ်ရှိ၏။​ကျမ်း​တွင်​လည်း ရေးမှတ်​ထား​စေ​၏​။ 19“အို အစ္စရေး​၊ သင်​၏​ကုန်းမြင့်​များ​ပေါ်တွင် သင်​၏​ဂုဏ်သရေ အသတ်ခံရ​လေ​ပြီ​။ သူရဲကောင်း​တို့ ကျဆုံး​ရ​လေ​ပြီ​တကား​။ 20ဖိလိတ္တိ​သမီးပျို​များ ဝမ်းမြောက်​မည်​ကို စိုး​၍​၊ အရေဖျားမလှီး​သူ​တို့​၏​သမီးပျို​များ ရွှင်မြူး​မည်​ကို​စိုး​၍ ဤ​အကြောင်း​ကို ဂါသ​မြို့​တွင် မ​ပြော​ကြ​ပါ​နှင့်​။ အာရှကေလုန်​မြို့​လမ်း​များ​ပေါ်တွင် မ​ကြေညာ​ကြ​ပါ​နှင့်​။ 21ဂိလဗော​တောင်​များ​ပေါ်တွင် နှင်း​မ​ကျ​ပါစေ​နှင့်​။ မိုး​လည်း မ​ရွာ​ပါစေ​နှင့်​။ လယ်မြေ​တို့​တွင်​လည်း လှူဖွယ်ကောက်နှံ​တို့ မ​ဖြစ်ထွန်း​ပါစေ​နှင့်​။ အကြောင်းမှာ ထို​အရပ်​တွင် သူရဲကောင်း​တို့​၏​ဒိုင်းလွှား​များ ရှုံးနိမ့်​ရ​လေ​ပြီ​။ ရှောလု​မင်းကြီး​၏​ဒိုင်းလွှား​သည်​လည်း ဆီသ​ထား​ခြင်း မ​ရှိ​တော့​ပြီ​။ 22ယောနသန်​၏​လေး​သည် အသတ်ခံရ​သူ​၏​အသွေး​ကို မ​သောက်​ရ​ဘဲ​၊ ခွန်အားကြီး​သူ​တို့​၏​အဆီ​ကို မ​စား​ရ​ဘဲ နောက်ပြန်​မ​ဆုတ်​တတ်​။ ရှောလု​မင်းကြီး​၏​ဓား​သည်​လည်း လက်ချည်းသက်သက် ပြန်​မ​လာ​တတ်​။ 23လင်းယုန်ငှက်​ထက် လျင်မြန်​ပြီး ခြင်္သေ့​ထက် ခွန်အားကြီး​သော​၊ ချစ်ခင်​နှစ်သက်​ရ​ပါ​သော ရှောလု​နှင့် ယောနသန်​တို့​သည် ရှင်​အတူ သေ​မ​ကွာ​ပါ​တကား​။ 24အို အစ္စရေး​သမီးပျို​တို့​၊ သင်​တို့​ကို ကတ္တီပါနီ​နှင့် ဝတ်ကောင်းစားလှ​များ​ဖြင့် ဆင်ယင်​ပေး​ခဲ့​သော​၊ သင်​တို့​၏​အဝတ်​များ​တွင် ရွှေ​ထည်​များ​ကို တန်ဆာဆင်​ပေး​ခဲ့​သော ရှောလု​မင်းကြီး​အဖို့ ငိုကြွေး​ကြ​လော့​။ 25စစ်သူရဲ​တို့​သည် စစ်ပွဲ​အလယ်​တွင် ကျရှုံး​ရ​ပါ​ပြီ​တကား​။ ယောနသန်​သည် ကုန်းမြင့်​ပေါ်တွင် အသတ်ခံရ​ပါ​ပြီ​တကား​။ 26ငါ့​အစ်ကို​ယောနသန်​၊ သင့်​အဖို့ ငါ​ကြေကွဲ​ရ​ပါ​ပြီ​တကား​။ သင်​သည် ငါ့​အဖို့ အလွန်​နှစ်သက်ဖွယ်​ကောင်း​သော​သူ ဖြစ်​ခဲ့​ပါ​၏​။ သင် ငါ့​ကို​ချစ်​သော​အချစ်​မှာ​လည်း အံ့ဖွယ်​ဖြစ်​ပါ​၏​။ မိန်းမ​တို့ ချစ်​သော​အချစ်​ထက် သာလွန်​ပါ​၏​။ 27သူရဲကောင်း​တို့ ကျရှုံး​လေ​ပြီ​တကား​။ စစ်​လက်နက်​တို့ ပျက်စီး​လေ​ပြီ​တကား​”​ဟူ၍ ဖြစ်​သတည်း​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in