YouVersion Logo
Search Icon

ဓမ္မရာဇဝင်စတုတ္ထစောင် 3

3
အစ္စရေးဘုရင်ယဟောရံမင်းကြီး
1ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး နန်းစံ​တစ်ဆယ့်​ရှစ်​နှစ်​တွင် အာဟပ်​မင်းကြီး​၏​သား​တော်​ယဟောရံ နန်းတက်​၍ ရှမာရိ​မြို့​တွင် အစ္စရေး​လူမျိုး​ကို တစ်ဆယ့်​နှစ်​နှစ်​အုပ်စိုး​၏​။ 2သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​၏​။ သို့သော် ခမည်းတော်​၊ မယ်တော်​တို့​ကဲ့သို့ မ​ဟုတ်​။ အကြောင်းမူကား သူ​သည် ခမည်းတော်​တည်​ခဲ့​သော​ဗာလ​ဘုရား​ကျောက်တိုင်​ကို ဖယ်ရှား​ပစ်​၏​။ 3သို့သော် အစ္စရေး​လူမျိုး​ကို လမ်းမှား​စေ​သော နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး​ပြု​သော​အပြစ်​မျိုး​ကို မ​စွန့်​ဘဲ ပြုကျင့်​ခဲ့​၏​။
မောဘဘုရင်က အစ္စရေးဘုရင်ကိုပုန်ကန်ခြင်း
4မောဘ​ဘုရင်​မေရှာ​မင်းကြီး​သည် သိုး​မွေးမြူ​သူ​ဖြစ်​၍ အစ္စရေး​ဘုရင်​အား သိုးသငယ်​အကောင်​တစ်သိန်း​နှင့် သိုးထီး​အကောင်​တစ်သိန်း​တို့​၏​အမွေး​ကို ဆက်သ​ရ​၏​။ 5သို့သော် အာဟပ်​မင်းကြီး အနိစ္စရောက်​ပြီးနောက်​တွင် မောဘ​ဘုရင်​သည် အစ္စရေး​ဘုရင်​ကို ပုန်ကန်​လေ​၏​။ 6ထို့ကြောင့် တစ်နေ့တွင် ယဟောရံ​မင်းကြီး​သည် ရှမာရိ​မြို့​မှ​ထွက်လာ​ပြီး အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို စုရုံး​၏​။ 7ထို့ပြင် ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​ထံသို့ လူ​လွှတ်​၍ “​မောဘ​ဘုရင်​သည် အကျွန်ုပ်​ကို ပုန်ကန်​လေ​ပြီ​။ မောဘ​ဘုရင်​ကို​သွားတိုက်​မည်​ဖြစ်၍ အကျွန်ုပ်​နှင့်အတူ​လိုက်​မည်လော​”​ဟု မှာလိုက်​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း “​အကျွန်ုပ်​သည် မင်းကြီး​နှင့်​တစ်သဘောတည်း ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စစ်သည်​များ​သည် မင်းကြီး​၏​စစ်သည်​၊ အကျွန်ုပ်​၏​မြင်း​များ​သည် မင်းကြီး​၏​မြင်း​များ​ပင် ဖြစ်​ပါ​၏​။ 8မည်သည့်​လမ်း​ဖြင့် စစ်ချီ​မည်နည်း​”​ဟု မေး​လျှင် ယဟောရံ​မင်းကြီး​က “ဧဒုံ​တောကန္တာရ​လမ်း​အတိုင်း စစ်ချီ​မည်​”​ဟု ပြန်ပြော​၏​။
9သို့ဖြစ်၍ အစ္စရေး​ဘုရင်​သည် ယုဒ​ဘုရင်​၊ ဧဒုံ​ဘုရင်​တို့​နှင့်​ပေါင်း​၍ စစ်ချီ​ကြ​လေ​၏​။ ခုနစ်​ရက်​ပတ်လုံး​ကွေ့ပတ်​ချီတက်​လာ​ကြ​ရာ လိုက်ပါ​လာ​သော​စစ်သည်​များ​နှင့် တိရစ္ဆာန်​တို့​အဖို့ ရေ​မ​ရှိ​သဖြင့်
10အစ္စရေး​ဘုရင်​က “​အလို​၊ ထာဝရဘုရား​သည် ဤ​ဘုရင်​သုံး​ပါး​ကို မောဘ​ဘုရင်​လက်​သို့​အပ်​ဖို့ ခေါ်ဆောင်​လာ​ပါ​သည်​တကား​”​ဟု ဆို​လေ​၏​။
11ထိုအခါ ယောရှဖတ်​မင်းကြီး​က “​ထာဝရဘုရား​အား မေးလျှောက်​ရန် ဤ​အရပ်​တွင် ထာဝရဘုရား​၏​ပရောဖက်​တစ်ပါး​မျှ​မ​ရှိ​သလော​”​ဟု မေး​လျှင် အစ္စရေး​ဘုရင်​၏​အမှုထမ်း​များ​ထဲမှ​တစ်​ဦး​က “​ရှာဖတ်​၏​သား ဧလိရှဲ ရှိ​ပါ​၏​။ သူ​သည် ဧလိယ​၏​လက်ထောက်#3:11 တိုက်ရိုက်ပြန်ဆိုလျှင် “ဧလိယလက်အပေါ် ရေလောင်းသောသူ”။​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင်
12ယောရှဖတ်​မင်းကြီး​က “​ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​စကား သူ​၌​ရှိ​နိုင်​သည်​”​ဟု ဆို​သဖြင့် အစ္စရေး​ဘုရင်​အပါအဝင် ယောရှဖတ်​မင်းကြီး​နှင့် ဧဒုံ​ဘုရင်​တို့​သည် ဧလိရှဲ​ထံသို့ ဆင်းသွား​ကြ​၏​။
13ဧလိရှဲ​က အစ္စရေး​ဘုရင်​အား “​ငါ​သည် မင်းကြီး​နှင့်​မည်သို့​ဆိုင်​သနည်း​။ အရှင့်​ခမည်းတော်​၏​ပရောဖက်​များ​၊ မယ်တော်​၏​ပရောဖက်​များ​ထံသို့ သွား​မေး​ပါ​လော့​”​ဟု ဆို​၏​။ ထိုအခါ အစ္စရေး​ဘုရင်​က “​ထိုသို့​မ​ဆို​ပါ​နှင့်​။ အကျွန်ုပ်​တို့​ဤ​ဘုရင်​သုံး​ပါး​ကို မောဘ​လူမျိုး​လက်​သို့ အပ်​ဖို့ ထာဝရဘုရား ခေါ်ထုတ်​တော်မူ​ပြီ​”​ဟု ပြန်ပြော​၏​။
14ဧလိရှဲ​က​လည်း “​ငါ​ကိုးကွယ်​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​မျက်နှာ​ကို​မ​ထောက်​လျှင် သင့်​ကို ငါ​လှည့်ကြည့်​မည်​မ​ဟုတ်​၊ အရေးစိုက်​မည်​မ​ဟုတ်​။ 15ယခု စောင်းသမား​တစ်​ယောက်​ကို ငါ့​ထံသို့ ခေါ်​ခဲ့​လော့​”​ဟု ဆို​၏​။
စောင်းသမား​က စောင်း​ကို​တီး​လိုက်​သောအခါ ထာဝရဘုရား​၏​လက်​တော်​သည် ဧလိရှဲ​ထံ သက်ရောက်​လာ​ပြီး 16သူ​က “ ‘​ဤ​ချိုင့်ဝှမ်း​တွင် မြောင်း​များ​ကို တူး​ကြ​လော့’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ 17တစ်ဖန် ထာဝရဘုရား​က ‘လေ​မ​တိုက်​၊ မိုး​မ​ရွာ​ဘဲ ဤ​ချိုင့်ဝှမ်း​တွင် ရေ​ပြည့်​နေ​လိမ့်မည်​ဖြစ်၍ သင်​တို့​နှင့် သင်​တို့​၏​သိုးနွား​တိရစ္ဆာန်​များ​ပါ ရေသောက်​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပြီ​။ 18ဤ​အမှု​သည် ထာဝရဘုရား​အဖို့ သေးငယ်​သော​အမှု​သာ​ဖြစ်​၏​။ မောဘ​လူမျိုး​ကို​လည်း သင်​တို့​လက်​သို့ အပ်​တော်မူ​လိမ့်မည်​။ 19သင်​တို့​သည် သူ​တို့​၏​ခံတပ်​မြို့​အားလုံး​၊ အထင်ကရ​မြို့​အားလုံး​ကို ချေမှုန်း​နိုင်​လိမ့်မည်​။ ကောင်း​သော​အပင်​အားလုံး​ကို ခုတ်လှဲ​ပစ်​ရ​လိမ့်မည်​။ စမ်းရေပေါက်​အားလုံး​ကို ပိတ်ဆို့​ရ​လိမ့်မည်​၊ ကောင်း​သော​မြေ​အားလုံး​ကို​လည်း ကျောက်တုံး​များ​ဖြင့် ဖျက်ဆီး​ရ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။
20နံနက်​ယဇ်ပူဇော်​ချိန်​ရောက်​သောအခါ ဧဒုံ​လမ်း​များ​မှ ရေ​များ​စီးဆင်း​လျက်​ရှိ​ပြီး ဧဒုံ​ပြည်​တစ်ပြည်လုံး​သည် ရေ​များ​နှင့်​ပြည့်​လေ​၏​။
21မောဘ​လူမျိုး​အပေါင်း​တို့​က သူ​တို့​ကို​တိုက်ခိုက်​ရန် ရှင်ဘုရင်​များ​စစ်ချီ​လာ​နေ​ကြောင်း​ကို ကြားသိ​လျှင် လက်နက်ကိုင်​နိုင်​သော​အရွယ်​နှင့်​အထက် ရှိသမျှ​လူ​တို့​ကို ခေါ်​၍ နယ်စပ်​တွင် တပ်စွဲ​ထား​ကြ​၏​။ 22နံနက်​စောစောထ​သောအခါ ရေ​ကို​နေ​ထိုး​သဖြင့် မောဘ​လူမျိုး​တို့​ဘက်​မှ​ကြည့်​လျှင် ရေ​သည်​သွေးရောင်​ကဲ့သို့​နီရဲ​နေ​၏​။ 23ထို့ကြောင့် သူ​တို့​က “​ဤကား သွေး​များ​ပင်တည်း​။ ရှင်ဘုရင်​တို့​သည် တစ်ဦး​ကို​တစ်ဦး​အချင်းချင်း​ပြန်လည်​တိုက်ခိုက်​သတ်ဖြတ်​ကြ​ပြီ​။ မောဘ​လူမျိုး​တို့​၊ ဥစ္စာပစ္စည်း​များ သွားလုယူ​ကြ​စို့​”​ဟု ဆို​လျက်
24အစ္စရေး​တပ်စခန်း​သို့ ဝင်သွား​ကြ​၏​။ ထိုအခါ အစ္စရေး​တပ်သား​တို့​သည် ထ​၍​တိုက်ခိုက်​သဖြင့် မောဘ​လူမျိုး​တို့ ထွက်ပြေး​ကြ​ရာ မောဘ​ပြည်​အထိ သူ​တို့​ကို လိုက်​၍​တိုက်ခိုက်သတ်ဖြတ်​လေ​၏​။ 25မြို့​တို့​ကို ဖြိုဖျက်​ပြီး ကောင်း​သော​လယ်မြေ​အားလုံး​တွင်​လည်း ကျောက်တုံး​များ​အပြည့် ပစ်ချ​ထား​ကြ​၏​။ ကိရဟရက်​မြို့​၌ ကျောက်တုံး​များ​သာ​ကျန်​တော့​သည်​အထိ စမ်းရေပေါက်​အားလုံး​ကို​လည်း ပိတ်ဆို့​ပစ်​ပြီး ကောင်း​သော​အပင်​အားလုံး​ကို​လည်း ခုတ်လှဲ​ပစ်​ကြ​၏​။ လောက်လွှဲ​တပ်သား​တို့​က​လည်း ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။
26မောဘ​ဘုရင်​သည် တိုက်ပွဲ​ပြင်းထန်​ကြောင်း​ကို ရိပ်မိ​လျှင် ဓားကိုင်တပ်သား​အယောက်​ခုနစ်​ရာ​ကို ခေါ်​၍ ဧဒုံ​ဘုရင်​၏​တပ်​ကို ထိုးဖောက်​၏​။ သို့သော် မ​ထိုးဖောက်​နိုင်​ကြ​။ 27ထိုအခါ မိမိ​အရိုက်အရာ​ကို​ဆက်ခံ​မည့်​သားဦး​အား ယူ​၍ မြို့ရိုး​ပေါ်တွင် ယဇ်ပူဇော်​လေ​၏​။ အစ္စရေး​လူမျိုး​တို့​သည် အမျက်ဒဏ်​ကြီးစွာ​ခံရ​သဖြင့် တပ်​ကို​ဆုတ်ခွာ​ပြီး မိမိ​တို့​ပြည်​သို့ ပြန်သွား​ကြ​လေ​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in